fbpx
Share on facebook
Share on google
Share on twitter
Share on linkedin

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိတ်မဆင်းရဲပါနဲ့

ခင်မောင်ညို (ဘောဂဗေဒ) ဘာသာပြန်ဆိုသည်

(5 ways to overcome the Psychological Stress of Coronavirus)

ကိုရိုနာဗိုင်းရပ်စ်ဟာ ဘာဖြစ်လာမယ်ဆိုတာမသေချာမရေရာဘူး။ အန္တရာယ်ကြီးတယ်။ ဒါကြောင့် လူသားတိုင်းဂရုစိုက်သင့်တယ်။ ဒီဗိုင်းရပ်စ်ကြောင့် ဘာတွေများကောင်းရာကောင်းကြောင်းဖြစ်လာမလဲဆိုတာ တွေးလို့တောင်မရဘူး။ ဒါပေမယ့် အဲဒီဘေးရန်အန္တရာယ်တွေဟာ သူတို့ကို ထိန်းချုပ်နိုင်သွားပြီဆိုရင်တော့ ထူးဆန်းတဲ့နည်းနဲ့ကောင်းရာကောင်းကျိုးတွေဖြစ်အောင်လုပ်တတ်ပါတယ်။ နောက်ကြောင်းတွေပြန်လှည့်ကြည့်ရအောင်။

၁၉၃၇ ခုနှစ်တုန်းက ဟင်ဒန်ဘာ့ဂ်လေသင်္ဘောပေါက်ကွဲမှုဖြစ်သွားတာဟာ လေကြောင်းပျံသန်းမှုသမိုင်းကို အကောင်းဘက်လှည့်ပေးလိုက်ခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်က ချာနိုဘိုင်းလ်အနုမြူစက်ရုံပေါက်ကွဲမှုဟာ စွမ်းအင်လောကမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ပတ်ဝန်းကျင်တိုးတက်ပြောင်းလဲမှုတွေ အများကြီးဖြစ်ခဲ့ပါတယ်။ အမေရိကန်မှာ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုဟာ ထိခိုက်မှုကြီးမားပေမယ့် လေကြောင်းသွားလာရေး ပိုပြီးအန္တရာယ်ကင်းစေဖို့ ဖြစ်လာခဲ့ပါတယ်။

ဒါဖြင့်ရင် အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ဒီရောဂါပိုးကနေ ဘာတွေဖြစ်လာနိုင်သလဲ? ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ အဆိုးမြင်သတင်းတွေကို လူတစ်ယောက်စီအတွက် စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေ တိုးပွားလာအောင် ဘယ်လိုလုပ်မလဲ? အများအားဖြင့် စာနယ်ဇင်းတွေပြောနေတာတွေ၊ သတင်းအပြည့်အစုံအပေါ်အခြေခံထားတာမဟုတ်ဘူး။ ခုပြောမယ့်အချက်တွေက စိတ်ပညာနယ်ပယ်က သုတေသနလုပ်လို့ရလာတဲ့ သိပ္ပံနည်းကျအထောက်အထားတွေအပေါ် အခြေခံထားတာဖြစ်တယ်။ စိတ်ပညာ၊ ပညာရေးနဲ့ အပြုအမူဆိုင်ရာ ဘောဂဗေဒ (Behavioral Economic) တို့အပေါ် မှာ အခြေခံတယ်။

သတင်းတွေရဲ့ သိက္ခာရှိမှုကို သေသေချာချာစိစစ်ပါ

ဗိုင်းရပ်စ်နဲ့ပတ်သက်လို့ သေချာစိတ်ချရတဲ့ သတင်းတွေဘယ်ကရမလဲ? ကိုဗစ်-၁၉ ကြောင့် စိတ်သက်သာရာရစရာတွေ မစဉ်းစားခင် (ဗိုင်းရပ်စ်အကြောင်း အမျိုးမျိုးတွက်ကိန်းထွက်နေတာတွေ စဉ်းစားကြည့်ရအောင်။ ရောဂါဟာ ကူးစက်နှုန်းမြန်တာမှန်ပေမယ့် ရောဂါကြောင့် သေတာနည်းတယ် (ကိန်းဂဏန်းတွေက အမြဲတမ်းပြောင်းနေလို့ မဖော်ပြတော့ဘူး)

စောစောပိုင်းသတင်းတွေအရ တရုတ်နိုင်ငံမှာ အသေအပျောက်အများဆုံးဖြစ်တာမှန်တယ်။ အခုလိုဖြစ်ရတာကလည်း အကြောင်းသုံးခုရှိတယ်။ အသက်ရှူလမ်းကြောင်းကို ဒုက္ခပေးတဲ့နည်းလမ်းသုံးသွယ်ရှိတယ်။ ပထမအကြောင်းတစ်ခုက တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ လေထုအညစ်ညမ်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တယ်။ ဒုတိယအကြောင်းက တရုတ်ဟာ ဆေးလိပ်အသောက်ဆုံးနိုင်ငံဖြစ်တယ်။ ဒီအကြောင်းတရားတွေပေါင်းမိတော့ သေဆုံးနှုန်းမြင့်စရာဖြစ်တယ်။ တခြားနိုင်ငံတွေက တရုတ်နဲ့ပတ်ဝန်းကျင်တူကြတာမဟုတ်ဘူး။ လေထုပိုသန့်ရှင်းတဲ့ ဆေးလိပ်သောက်တာနည်းတဲ့နိုင်ငံတွေမှာ သေဆုံးနှုန်းနည်းနိုင်တယ်လို့ ရောဂါထိန်းချုပ်ရေးဗဟိုဌာန (Centres for Disease Control – CDC) စာရင်းအင်းတွေအရ သိရတယ်။ လူတစ်ယောက်ပဲသေသေ ကောင်းတာမဟုတ်ပေမယ့် မော်တော်ကားမတော်တဆဖြစ်လို့ သေနိုင်တာက ဗိုင်းရပ်စ်ကြောင့်သေနိုင်တာထက် အလားအလာအဆ ၁၀၀၀ များတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို စာနယ်ဇင်းတွေက အာရုံကျနေတာဟာ သတင်းအရင်းအမြစ်တွေရဲ့ တိကျမှုနဲ့ သတင်းအရင်းအမြစ်တွေရဲ့ သိက္ခာသမာဓိကို စစ်ဆေးသုံးသပ်စရာ၊ စံနမူနာတစ်ခုဖြစ်တယ်။

၂။ ရှားတယ်လို့မထင်ပါနဲ့

ကိုယ်ဒါမှမဟုတ် ကိုယ့်မိတ်ဆွေတစ်ယောက်ယောက်က ရေ၊ လက်ဆေးဆပ်ပြာ၊ အိမ်သာသုံးစက္ကူစတာတွေရှိရဲ့သားနဲ့ သွားဝယ်တာတွေ့သလား? မူလစာရေးသူ Walmart ကိုသွားတော့ ဘာမှဝယ်မရခဲ့ဘူး။ လူတွေကရှားတယ်လို့ထင်ရင် အဲဒီရှားတယ်ထင်တဲ့ပစ္စည်းကို ကိုယ့်မှာမလိုအပ်ဘဲနဲ့ ပိုလိုချင်ကြတယ်။ ရှားတယ်လို့ထင်ထားတော့ နဂိုကသူ့အတိုင်းနဲ့သူ မပိုမလိုရအောင်ထုတ်ထားတဲ့ပစ္စည်းတွေ၊ ဝေါကနဲကုန်သွားအောင်လုပ်ချင်တဲ့ စိတ်ပေါက်လာစေပါတယ်။ ရှားနိုင်တယ်။ ပြတ်နိုင်တယ်ထင်လေ ပိုဝယ်လေ၊ ပိုဝယ်လေမြန်မြန်ပြတ်လေ။ များများပြတ်လေ၊ အဲဒီအကြောက်တရားကိုဖယ်ရှားပါ။ တချို့ကလည်း သူများသွားဝယ်ပြီး၊ ကိုယ်လိုက်မဝယ်ရင် ကိုယ်ကျန်ခဲ့မှာစိုးတယ်။ ကိုဗစ်-၁၉ ကြောင့် ရှားပါးတယ်ထင်တဲ့ အကြောက်တရားဟာ ရှေ့တန်းရောက်လာတယ်။

ပစ္စည်းတွေရှားတယ်တို့၊ ပြတ်တယ်တို့သာ ထင်ရတာ၊ အရောင်းကြော်ငြာတွေ၊ ပစ္စည်းကြော်ငြာတွေ ဝင်လာလိုက်တာမှ ဒလဟော။ တကယ့်ကို အရောင်းပွဲတော်ကြီးဖြစ်လို့၊ ပြီးတော့ ရေးထားတာလေးလည်းကြည့်ဦး။ အရေအတွက်ကန့်သတ်ထားသည်တို့။ ဦးရာလူရမည်တို့။ အချိန်အကန့်အသတ်နဲ့သာရောင်းမည်တို့ ဆိုတာမျိုးက ပါလိုက်သေး။ အဲဒါတွေအားလုံးက ကိုယ့်ကို ပစ္စည်းတွေရှားတယ်လို့ ထင်အောင် ဝိုင်းလုပ်နေကြတာပါ။ အဲဒါတွေ တိကျမှန်ကန်မှုရှိသလား?

မိသားစုတွေနဲ့ဆက်ဆံရေးကောင်းဖို့အချိန်ပါ

မိတ်ဆွေသူငယ်ချင်းတွေနဲ့ဆုံဖို့၊ အထူးသဖြင့် မိသားစုဝင်တွေ စုံစုံညီညီတွေ့ရဖို့ဆိုတာက ပုံမှန်အတိုင်းဆို အတော်ရှားပါးတဲ့ အခွင့်အရေးတစ်ခု မဟုတ်လား။ လူတွေအားလုံးအလုပ်ရှုပ်၊ ကိုယ်ကအားတော့ သူကမအား။ သူအားတော့ ကိုယ်မအား။ ချစ်သူခင်တွေနဲ့ အချိန်ဖြုန်းပစ်လိုက်မယ်ဆိုတာက အိပ်မက်တစ်ခုလိုပဲဖြစ်နေတယ်။ လူတွေရဲ့အခြေခံစိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တစ်ခုကတော့ ကောင်းတဲ့၊ ရေရှည်ဆက်ဆံရေးတစ်ခုရှိချင်ကြတာပါ။ အခုအခြေအနေဟာ ကိုယ်ချစ်ခင်တဲ့သူတွေနဲ့အတူနေခွင့်ရတဲ့၊ ရှားပါးအခွင့်အရေးပါ။

၁၄ ရက်လောက် ခပ်ခွာခွာနေရ၊ သီးခြားနေရတာကို ထောင်ကျသလို မထင်ပါနဲ့။ ဘုံရန်သူဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကို နှိမ်နင်းပြီး၊ တခြားသူတွေနဲ့ဆက်ဆံရေး ပိုကောင်းလာစေဖို့၊ ယိမ်းယိုင်နေတဲ့ဆက်ဆံရေးတွေကို ပြင်ဆင်ဖို့အချိန်ပါ။ အလုပ်ရှုပ်တဲ့အချိန်က ပစ်ထားခဲ့မိတဲ့ နှောင်ကြိုးတွေ ပိုမိုခိုင်မြဲအောင်လုပ်ဖို့ အချိန်ကောင်းပါ။ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေကြရတာကို စိတ်မသက်မသာမဖြစ်ဘဲ ကိုယ့်ရဲ့တန်ဖိုးထားမှုတွေကိုပြန်လည်သုံးသပ်ရမယ့်အချိန်ပါ။ အခက်အခဲအကြပ်အတည်းတွေကြုံနေချိန်မှာ ကိုယ့်ရဲ့အားပေးမှုလိုအပ်နေသူတွေ၊ အားကိုးနေသူတွေကို နှုတ်အားလက်အားနဲ့ စောင့်မကြည့်ရှုရမယ့်အချိန်ပါ။

ပစ္စုပ္ပါန်ကိုတည့်တည့်ရှုပါ

မူလစာရေးသူက သူ့သမီးကို အံ့ဩစရာကောင်းတဲ့ အရီဇိုနာပြည်နယ်က Grand Canyon ကြည့်စေချင်လို့ ကျောင်းပိတ်ရက်မှာ ခေါ်သွားဖူးတယ်။ သဘာ၀ရဲ့ထူးဆန်းအံ့ဩဖွယ်ကို ငါးမိနစ်လောက်တော့ အတော်အထူးအဆန်းဖြစ်နေတယ်။ ခဏလောက်လည်းကြာရော၊ နေ့လည်စာဘယ်မှာစားရမလဲတဲ့။ ပြီးရင် ဘာလုပ်ကြမလဲတဲ့။ စိတ်ပညာသုတေသနတွေအရ ကိုယ့်ဘ၀ရဲ့တန်ဖိုး၊ ကိုယ့်ဘ၀ရဲ့အနှစ်သာရဆိုတာ ပစ္စုပ္ပန်တည့်တည့်မှာ နေထိုင်ခြင်းပဲတဲ့။

အခုအချိန်ဟာ သိပ်ပြီးနေလို့ကောင်းတဲ့အချိန်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်ဘယ်သူလဲ၊ ကိုယ့်ဘ၀မှာ ဘာအရေးကြီးဆုံးလဲဆိုတာ၊ သုံးသပ်ဖို့ကောင်းတဲ့အချိန်ပါ။ ဘာတွေဖြစ်လာမလဲဆိုတာ ပူပင်ကြောင့်ကျနေမယ့်အစား၊ ဗိုင်းရပ်စ်ကြောင့် ဘာတွေဖြစ်နေမယ်ဆိုတာ စိုးရိမ်ပူပန်နေမယ့်အစား အခုကိစ္စ၊ လတ်တလောကိစ္စကိုသာ အာရုံစိုက်ပြီးပျော်မွေ့အောင်နေနိုင်ပါတယ်။ လုပ်ချင်ကိုင်ချင်စိတ်ရှိဖို့ အနာဂတ်ကို ဦးတည်ရတာမှန်ပေမယ့် အတိတ်-အနာဂတ်-ပစ္စုပ္ပန် မျှမျှတတရှိဖို့ကောင်းပါတယ်။

အချိန်မရှိလို့ဆိုပြီး၊ မလုပ်ခဲ့နိုင်တာတွေ၊ လုပ်ဖို့အချိန်ကောင်းပါ

ခုအချိန်က ရုပ်ရှင်ရုံတွေ၊ အားကစားရုံတွေ၊ နိုင်ငံရေးအစည်းအဝေးတွေ အားလုံးပိတ်ထားတဲ့အချိန်ဆိုတော့ ကိုယ်အားချိန်မှာ တခြားနည်းနဲ့ အသုံးပြုနိုင်ပါတယ်။ ကိုယ်မလုပ်ဖြစ်ခဲ့တဲ့အလုပ်တွေ (ကိုယ်မဖတ်ရသေးတဲ့စာအုပ်တွေ၊ လုပ်ရဦးမယ်ဆိုပြီး မလုပ်ဘဲ ဘေးဖယ်ထားတာတွေလုပ်ဖို့ ကောင်းတဲ့အချိန်ပါ။

ပျော်ရွှင်မှုနဲ့ဆက်နွယ်နေတာက ဉာဏ်ပညာတဲ့။ ဉာဏ်ပညာတိုးပွားမအာင်လုပ်ပါ ကိုယ့်ကျွမ်းကျင်မှုတွေ တိုးပွားလာရင် လက်တက်လာရင်၊ ကိုယ့်ကိုယ်ကို သဘောကျပြီး၊ ပိုပြီးနေသာထိုင်သာရှိလာတယ်။ ကံကောင်းတာက အင်တာနက်မှာ လေ့လာစရာတွေအများကြီးရှိပြီး၊ အချိန်ကောင်းကောင်းဖြုန်းလို့ရတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်တာရပ်သွားရင်၊ ကျွန်တော်တို့ဟာ မီးထုံးကူးသလို၊ ပိုမိုပျော်ရွှင်၊ ပိုပြီးစမတ်ကျတဲ့လူတွေဖြစ်လာနိုင်တဲ့ အခွင့်အရေးရှိပါတယ်။

(5 ways to overcome the Psychological Stress of Coronavirus)

Share on facebook
Share on google
Share on twitter
Share on linkedin
Vector-New-Logo

Login with Social Media and SMS

or