fbpx
Share on facebook
Share on google
Share on twitter
Share on linkedin

ကိုရိုနာဗိုင်းရပ်စ်လွန်ကမ္ဘာ

( Yaval Noah Harari )ရေး၍ ခင်မောင်ညို (ဘောဂဗေဒ) ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

အချိန်တန်လျှင် မုန်တိုင်းစဲသွားပါလိမ့်မည်။ သို့သော် ယနေ့ကျွန်တော်တို့လုပ်လိုက်သော ရွေးချယ်မှုများသည် လာမည့်နှစ်ပေါင်း များစွာသော ကျွန်တော်တို့၏ဘ၀ကို ပြောင်းလဲပစ်နိုင်ပါသည်။

ယခုအခါ လူသားတို့သည် ကမ္ဘာ့အကျပ်အတည်းတစ်ခုနှင့်ရင်ဆိုင်နေရပါသည်။

ဤအကျပ်အတည်းသည် ကျွန်တော်တို့မျိုးဆက်အတွက် အကြီးဆုံးအကျပ်အတည်း ဖြစ်နိုင်ပါသည်။ လာမည့် ရက်သတ္တပတ်များတွင် လူများ၊ အစိုးရများ ချမှတ်လိုက်သော ဆုံးဖြတ်ချက်များသည် အနာဂတ်ကမ္ဘာကြီးကို ပုံသွင်းစေနိုင်ပါသည်။

ကျွန်တော်တို့၏  ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကိုသာမက စီးပွားရေးအဆောက်အဦ၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုတို့ကိုလည်း ပုံသွင်းပါမည်။ ကျွန်တော်တို့ မြန်မြန်ဆန်ဆန်၊ ပြတ်ပြတ်သားသား၊ အရေးယူ ဆောင်ရွက်ရပါမည်။ 

ကျွန်တော်တို့၏ လုပ်ရပ်များကြောင့် ဖြစ်ပေါ်လာမည့် ရေရှည်ဂယက် ရိုက်ခတ်မှုများကိုပါ ထည့်တွက်ရပါမည်။

ရွေးချယ်စရာတွေ အများကြီးကြားမှ ရွေးချယ်မှုများ ပြုလုပ်သောအခါ၊ လောလောဆယ် ရင်ဆိုင်နေရသော ခြိမ်းခြောက်မှုများကို မည်သို့ကျော်လွှားကြမည်နည်းဆိုသည် ကိုသာမက မုန်တိုင်းလွန်သွားလျှင် ဘယ်လိုကမ္ဘာကြီး ကျန်ရစ်ခဲ့ကာ နေထိုင်ရမည်ကိုပါ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ရန် လိုပါသည်။

အမှန်ပါ။ မုန်တိုင်းပြီးဆုံးသွားကာ လူသားတွေ အသက်ရှင်သန်ပါမည်။

ကျွန်တော်တို့ လူအတော်များများ အသက်ရှင်သန်ပါဦးမည်။ သို့သော် ယခင်ကမ္ဘာမျိုးမဟုတ်တော့သော ကမ္ဘာကြီးတစ်ခုကိုရရှိ နေထိုင်ကြရပါမည်။ 

ရေတိုအရေးပေါ်လုပ်သော လုပ်ငန်းများ၊ လုပ်ရပ်များသည် ဘ၀တွင် စွဲထင်ကျန်ရစ်ပါမည်။ အရေးပေါ် အသည်းအသန် လုပ်ရသော လုပ်ရပ်များသည် ထိုသို့ပင် ဖြစ်တတ်ပါသည်။ ၎င်းတို့သည်  သမိုင်းရေးရာ လုပ်ငန်းစဉ်များကို ရှေ့သို့အလျင်အမြန် တွန်းပို့လိုက် ကြပါသည်။ 

သာမန်အချိန်တွင် နှစ်ပေါင်းများစွာ ဆွေးနွေးတိုင်ပင်၍ လုပ်ရသော ကိစ္စများကို နာရီပိုင်းအတွင်း ဆုံးဖြတ်ကြရပါသည်။

နေ့စေ့ လစေ့မဖြစ်၊ မရင့်ကျက်သေးသော၊ အန္တရာယ်ပင်များနိုင်သော နည်းပညာ များကို ဘာမျှ မလုပ်ဘဲနေလျှင် ပို၍အန္တရာယ်ကြီးသောကြောင့်ချသုံးနေ ရပါသည်။  နိုင်ငံအားလုံးသည် ဧရာမစမ်းသပ်မှုကြီးတွင် အစမ်းသပ်ခံများ ဖြစ်နေကြပါသည်။

အိမ်ကနေ အလုပ်လုပ်၊ အဝေးကနေ လူတိုင်း ဆက်သွယ်နေကြလျှင် ဘာဖြစ်မည်နည်း၊ ကျောင်းတွေ၊ တက္ကသိုလ်တွေ အားလုံးအွန်လိုင်းကနေ၊ အင်တာနက်မှတစ်ဆင့် စာသင်နေကြလျှင် မည်သို့ဖြစ်မည်နည်း။

သာမန်အချိန်မှာဆိုလျှင် ထိုကဲ့သို့သော စမ်းသပ်မှု များပြုလုပ်ရန် အစိုးရများ၊ စီးပွားရေးလုပ်ငန်းများနှင့် ပညာရေးဘုတ် အဖွဲ့များက မည်သည့်အခါမျှ သဘောတူမည်မဟုတ်ပါ။ သို့သော် ယခုအချိန်သည် ပုံမှန်အချိန်မဟုတ်ပါ။

အကျပ်အတည်းနှင့် ကြုံသည့်အခါ အထူးအရေးကြီးသော ရွေးချယ်မှုနှစ်ခုနှင့် ကြုံတွေ့ရပါသည်။

ပထမတစ်ခုမှာ အာဏာရှင်ဆန် သော စောင့်ကြည့်မှုကတစ်ဖက်၊ နိုင်ငံသားတို့၏ လုပ်ပိုင်ခွင့်က တစ်ဖက်အကြားရွေးချယ်မှု ဖြစ်ပါသည်။ ဒုတိယရွေးချယ်မှုမှာ အမျိုးသားရေးဆန်သော အထီးကျန်ဝါဒကတစ်ဖက်၊ ကမ္ဘာကြီးတစ်ခုလုံး သွေးစည်း ညီညွတ်ရေးက တစ်ဖက်အကြား ပြုလုပ်ရသော ရွေးချယ်မှုဖြစ်ပါသည်။

ကမ္ဘာ့ကူးစက်ရောဂါပျံ့နှံ့မှုကိုရပ်တန့်စေရန်အတွက် လူသားထု တစ်ရပ်လုံးသည် အချို့သော လမ်းညွှန်ချက်များကို လက်ခံလိုက်နာကြ ရပါသည်။ လိုက်နာအောင်ဆောင်ရွက်နိုင်သည့် နည်းနှစ်နည်းရှိပါသည်။ ပထမတစ်နည်းမှာ အစိုးရက လူတွေကိုစောင့်ကြည့်ကာ စည်းမျဉ်းချိုးဖောက်သူများကို ပြစ်ဒဏ်ချမှတ်အရေးယူသည့်နည်း ဖြစ်ပါသည်။

ယနေ့ခေတ်တွင် လူ့သမိုင်း၌ ပထမဆုံးအကြိမ်အဖြစ် လူတိုင်းကို အမြဲတမ်းစောင့်ကြည့်နိုင်အောင် နည်းပညာက လုပ်ဆောင်ပေးပါသည်။

လွန်ခဲ့သော နှစ် ၅၀ က ရုရှထောက်လှမ်းရေးအဖွဲ့ KGB သည်  သန်း ၂၄၀ သော ဆိုဗီယက်ပြည်သူတို့ကို တစ်နေ့ (၂၄ နာရီ) စောင့်ကြည့်ခြင်း မပြုလုပ်နိုင်သကဲ့သို့ စုဆောင်းရရှိထားသော သတင်းအချက်အလက် အားလုံးကို ထိထိရောက်ရောက်ဖိဖိစီးစီးစိစစ် သုံးသပ်နိုင်မည်မဟုတ်ပါ။ 

ကေဂျီဘီထောက်လှမ်းရေးသည် လူသားထောက်လှမ်းရေးမှူးများနှင့်  စိစစ်သုံးသပ်သူများကိုသာ အားကိုးအားထား ပြုနေရပါသည်။

နိုင်ငံသား တစ်ယောက်စီနောက်ကို ထောက်လှမ်းရေးတစ်ယောက် လိုက်ခိုင်း၍လည်းမဖြစ်ပါ။

သို့သော် ယခုအခါ အစိုးရများသည် နေရာတိုင်းတွင် ရှိနေသော အာရုံခံစနစ်များ၊ အားကောင်းသော Algorithms စနစ် များကို လူသားများအစား အသုံးပြုနိုင်နေပြီဖြစ်ပါသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် အစိုးရများသည် နည်းပညာအသစ်သုံး ထောက်လှမ်းရေးကိရိယာများကို အသုံးပြုနေကြပါပြီ။

အထင်ရှားဆုံးသာဓကမှာ တရုတ်နိုင်ငံပင် ဖြစ်ပါသည်။

လူအများ၏ စမတ်ဖုန်းများကို အနီးကပ်စောင့်ကြည့်ခြင်း၊ သန်းပေါင်းရာပေါင်းများစွာသော လူ့မျက်နှာကိုမှတ်မိသည့် ကင်မရာများကို အသုံးပြုခြင်း၊ လူအများ၏ ကိုယ်အပူရှိန်နှင့် ကျန်းမာရေးအခြေအနေကို စစ်ဆေးသတင်းပို့ရန် လိုက်နာစေခြင်းတို့ဖြင့် တရုတ်အစိုးရသည် သံသယရှိသော ကူးစက်ရောဂါ ပိုးဒဏ်ခံနေရသူများ၊ ရောဂါပိုးကို သယ်ဆောင်လာသည့်သဖွယ်ဖြစ်နေသူများကို ဖော်ထုတ်နိုင်ရုံမျှသာမက ၎င်းတို့၏ လှုပ်ရှားမှုများနှင့် သူတို့ ထိတွေ့ဆက်ဆံသူများကိုပါ ခြေရာကောက်နိုင်ပါသည်။

တယ်လီဖုန်း တွင်ပါဝင်သော Application စနစ်အတော်များများက လူနာများ   ၎င်းတို့၏ အနီးအနားတွင်ရှိနေခြင်း ရှိ မရှိ သတိပေးနိုင်ပါသည်။

ဤနည်းပညာမျိုး အရှေ့အာရှ၌သာ ပိုင်ဆိုင်အသုံးပြုနေသည် မဟုတ်ပါ။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နာတန်ရာဟုက မကြာသေးမီကပင် အစ္စရေးထောက်လှမ်းရေးအဖွဲ့အား အကြမ်းဖက်သမားနှိမ်နင်းရေးတွင် အသုံးပြုသော ထောက်လှမ်းစောင့်ကြည့်ရေး နည်းပညာများကို ကိုရိုနာဗိုင်းရပ်စ်လူနာများနှင့်ပတ်သက်၍ အသုံးပြုခွင့်ပေးခဲ့လိုက်ပါသည်။

ထိုအခါ ပါလီမန်သက်ဆိုင်ရာကော်မတီမှာက အတည်မပြုသည်ကို နာတန်ရာဟုက အရေးပေါ်အမိန့်သုံး၍ ထုတ်ပြန်ခဲ့ပါသည်။

ဤကိစ္စသည် အထူးအဆန်းမဟုတ်ဟု ငြင်းလိုက ငြင်းပယ်နိုင်ပါသည်။

မကြာသေးမီနှစ်များအတွင်းက အစိုးရတွေရော၊ ကုမ္ပဏီတွေကပါ လူတွေကို ခြေရာကောက်ရန်၊ စောင့်ကြည့်ရန်၊ ကိုယ်လိုသလိုအသုံးချရန် အတွက် အဆင့်မြင့်နည်းပညာများကို အသုံးချနေကြပြီဖြစ်ပါသည်။

ကျွန်တော်တို့ ဂရုမစိုက်လျှင် ကူးစက်ရောဂါသည် စောင့်ကြည့်သည့်သမိုင်းတွင် အရေးကြီးသော တိုးတက်ဖြစ်ထွန်းမှုတစ်ရပ် ဖြစ်သွားပါလိမ့်မည်။

ယခုအချိန်ထိ လက်မခံဘဲ ငြင်းပယ်နေသော နိုင်ငံများတွင် လူအများကို စောင့်ကြည့်သည့် ကိရိယာအသုံးအဆောင်များ အသုံးချခြင်းသည် ပုံမှန်ဖြစ်လာစေနိုင်ရုံမျှသာမက အရေပြားပေါ် ထောက်လှမ်းရေးအဆင့်မှ အရေပြားအောက်ထောက်လှမ်းရေးအဆင့်သို့ လျင်မြန်စွာ ကူးပြောင်းသွားခြင်းကြောင့်လည်း ထူးခြားပါသည်။

ယခုအချိန်အထိ မိမိလက်ချောင်းတွေက စမတ်ဖုန်းမျက်နှာပြင်ကို ထိလိုက်သည့်အခါ၊ အစိုးရက ဘာကိုထိကာ၊ ရှာဖွေနေသည်ကိုသာ သိလိုပါသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အစိုးရများ၏ စိတ်ဝင်စားမှု ပြောင်းလဲသွားပါသည်။ ယခုအခါ အစိုးရတွေက လက်ချောင်း၏ အပူရှိန်နှင့် အရေပြားအောက်က သွေးတိုးနှုန်းကို သိလိုခြင်းဖြစ်ပါသည်။

ထောက်လှမ်းခံရခြင်းနှင့်ပတ်သက်၍ ယခု ကျွန်တော်တို့၏ ရပ်တည်ချက်ကို ဖော်ထုတ်ရာ၌တွေ့ရသော ပြဿနာမှာ ဘယ်သူကမျှ ကျွန်တော်တို့ ဘယ်လိုစောင့်ကြည့်ခံနေရသည်ကို မသိသလို၊ အနာဂတ် တွင်လည်း ဘယ်လိုဖြစ်မည်ကို မသိကြခြင်းဖြစ်ပါသည်။

ထောက်လှမ်းစောင့်ကြည့်ခြင်း အတတ်ပညာသည် အလျင်အမြန်တိုးတက်လာနေသဖြင့် လွန်ခဲ့သော ဆယ်နှစ်က စိတ်ကူးယဉ်သိပ္ပံဝတ္ထုမျှသာဟု ထင်ခဲ့ရသောအရာများသည် ယခုအခါ သတင်းအဟောင်းတွေ ဖြစ်နေပါပြီ။ ဥပမာတစ်ခုအနေနှင့် အစိုးရက နိုင်ငံသားတိုင်း တစ်နေ့  ၂၄ နာရီ ကိုယ်အပူချိန်နှင့် နှလုံးခုန်နှုန်းတို့ကို တိုင်းတာပေးနိုင်သော လက်ပတ်တွေကို ပတ်ခိုင်းထားသည်ဆိုပါစို့။

ရလာသော သတင်းအချက် အလက်များကို အစိုးရ၏ သတင်းစနစ် (Algotithm) က ထိန်းသိမ်းစိစစ်မည်။ ထိုစနစ်က မိမိဖျားနာသည်ကို မိမိမသိမီသိမည်။

ကိုယ်ဘယ်သွား သည် ဘယ်သူနှင့်တွေ့သည်တို့ကိုလည်း သိနေမည်။ ဤသို့ဖြင့် ကူးစက် မည့် ကွင်းဆက် သိသိသာသာလျှော့ချမှု သို့မဟုတ် လုံး၀ပြတ်တောက်မှု ဖြစ်သွားစေနိုင်သည်။ ထိုစနစ်သည် ခြေရာခံနေသော ရောဂါကို ရက်အနည်းငယ်အတွင်း ရပ်တန့်သွားစေနိုင်သည်။

သို့သော်လည်း ပြဿနာရှိသည်မှာ ကြောက်စရာကောင်းသော ထောက်လှမ်းစောင့်ကြည့်ရေးစနစ်တစ်ခုကို အသုံးပြုလျှင် တရားသဖြင့်ဖြစ်သည်ဟု အသိအမှတ်ပြုလိုက်ရာ ရောက်သွားစေနိုင်သည်။ ဥပမာ – Fox News ကိုနှိပ်ပြီး CNN ကို မရွေးချယ်ဘဲထားလျှင် မိမိ၏နိုင်ငံရေးအမြင်နှင့် ကိုယ်ရည်ကိုယ်သွေးကို သိသွားစေနိုင်သည်။

သို့သော် ခန္ဓာကိုယ်အပူချိန်နှင့် သွေးတိုး၊ နှလုံးခုန်နှုန်းတို့ကို တိုင်းတာနေလျှင် ဗီဒီယိုဇာတ်ကားကြည့်နေစဉ် ဘယ်အရာတွေက ကိုယ့်ကိုရယ်အောင်၊ ငိုအောင်၊ စိတ်ဆိုးအောင်လုပ်သည်ကို သိသွားစေနိုင်သည်။

ဒေါသထွက်ခြင်း၊ ပျော်ရွှင်ခြင်း၊ ပျင်းရိငြီးငွေ့ခြင်း၊ ချစ်မြတ်နိုးခြင်းတို့သည်လည်း ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ချောင်းဆိုးခြင်းတို့ကဲ့သို့ပင် ဇီ၀ဗေဒဆိုင်ရာ အချင်းအရာများသာဖြစ်သည်။

ချောင်းဆိုးသည်ကို ဖော်ထုတ်နိုင်သော နည်းပညာက ရယ်မောသည်ကိုလည်း ဖော်ထုတ်နိုင်သည်။

ကုမ္ပဏီများ၊ အစိုးရများက ကျွန်တော်တို့၏ ခန္ဓာကိုယ်ဆိုင်ရာ သတင်းအချက်အလက် (Biometric) များကို အလုံးအရင်းဖြင့် ရအောင်ယူနိုင်သောအခါ သူတို့က ကျွန်တော်တို့ထက် ကျွန်တော်တို့အကြောင်းကို ပိုသိမည်။ ကျွန်တော်တို့၏ ခံစားချက်များကို ကြိုတင်တွက်ဆနိုင်ရုံမျှ သာမက ဘယ်လိုခံစားဟုပါခိုင်းမည်။

သူတို့ရောင်းချင်သည့် ထုတ်ကုန် တွေ၊ နိုင်ငံရေးသမားတွေကို ရောင်းမည်။လူကြိုက်များအောင်လုပ်မည်။

ကျွန်တော်တို့၏ ဇီ၀ဗေဒကို စောင့်ကြည့်သည့်နည်းသည် ကိန်းဘရစ်ခ်ျတက္ကသိုလ်က တည်ထွင်ခဲ့သောနည်းကို ကျောက်ခေတ် သုံးလက်နက်ကိရိယာတစ်ခုအဖြစ်သို့ ဖြစ်သွားစေခဲ့သည်။

၂၀၃၀ တွင် တွေ့ကြုံရမည့် မြောက်ကိုးရီးယား၏ အခြေအနေကို စဉ်းစားကြည့်ပါ။ နိုင်ငံသားတိုင်းသည် မိမိတို့၏ ဇီ၀ဗေဒကို တိုင်းတာသော လက်ပတ်များ တစ်နေ့ ၂၄ နာရီပတ်ထားရမည်။ ခေါင်းဆောင်ကြီးပြောသည့် မိန့်ခွန်းကိုနာကြားနေစဉ် ဒေါသထွက်သည့် အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာပါက ထိုသူဘ၀ဆုံးမည်။

အရေးပေါ်ကာလတွင် ယာယီသုံးအနေနှင့် မိမိခန္ဓာကိုယ်၏ ဇီ၀ဗေဒစောင့်ကြည့်ခြင်းကို လက်ခံနိုင်ပါသည်။ 

အရေးပေါ်အခြေအနေ လွန်မြောက်သွားပြီဆိုလျှင် ရပ်သင့်သည်။ သို့သော် အရေးပေါ်ကာလအစီအမံများသည် အရေးပေါ်ကာလသက်တမ်းကို ကျော်လွန်သွားလေ့ရှိသည့် အကျင့်ရှိသည်။ အထူးသဖြင့် အရေးပေါ် အခြေအနေသစ်များပေါ်ထွက်မည့် အရိပ်အယောင် အမြဲတမ်းရှိနေသော အခါမျိုးတွင် ဖြစ်သည်။

ကျွန်တော်၏ မိခင်နိုင်ငံအစ္စရေးသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး တိုက်ပွဲကာလက အရေးပေါ်အခြေအနေ ကြေညာခဲ့ဖူးသည်။

ထို့ကြောင့် စာပေစိစစ်ရေး၊ မြေသိမ်းရေးအပါအဝင် မုန့်ဖုတ်သည့်ကိစ္စအဆုံး ယာယီတင်းကျပ်သည့် အစီအစဉ်တွေ ချမှတ်ခဲ့သည်။

လွတ်လပ်ရေးစစ်ပွဲ အနိုင်ရခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း အစ္စရေးသည် အရေးပေါ်အခြေအနေ ပြီးဆုံးပြီဟု ယခုအထိ မကြေညာရသေးပေ။

၁၉၄၈ ခုနှစ်က ချမှတ်ခဲ့သော အရေးပေါ်အစီအမံအတော်များများကို ပယ်ဖျက်ခြင်း မပြုရသေးပေ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရပ်တန့်သွားသည့်တိုင် အချက်အလက်တွေ မှတ်တမ်းတင်သော အစိုးရများက ဇီ၀ဗေဒ စောင့်ကြည့်မှုကို ဆက်လက်ထားရှိရန် လိုအပ်သည်။

ဒုတိယအကြိမ် ကိုရိုနာ ဗိုင်းရပ်စ်လှိုင်းလုံးတွေ ပြန်ရောက်လာနိုင်သည်။ သို့မဟုတ် ဗဟိုအာဖရိကမှာ အီဘိုလာဗိုင်းရပ်စ်အသစ် စတင်ပေါက်ဖွားနေပြီ စသည်ဖြင့် အကြောင်းပြကြမည်ကို သဘောပေါက်လောက်ပါသည်။

လွန်ခဲ့သောနှစ်များအတွင်း ပုဂ္ဂလိကလုံခြုံမှုအတွက် တိုက်ပွဲကြီး ဆင်နွှဲခဲ့ရသည်။ ယခုထိုတိုက်ပွဲအရှိန် ပြန်ကျသွားနိုင်သည်။ ပုဂ္ဂလိကလွတ်လပ်လုံခြုံမှုနှင့် ကျန်းမာရေးကြိုက်ရာတစ်ခုခုရွေးပါဟု လူတွေကို ခိုင်းလျှင် အများအားဖြင့် ကျန်းမာရေးကိုသာရွေးချယ်ကြမည်။ ပုဂ္ဂလိကလုံခြုံမှုနှင့် ကျန်းမာရေးတခုခုကို ရွေးခိုင်းခြင်းသည် ပြဿနာ၏အရင်းအမြစ် ဖြစ်သည်။

ထိုသို့ရွေးခိုင်းခြင်းသည် မှားယွင်းသည်။ ကျွန်တော်တို့သည် ပုဂ္ဂလိက လုံခြုံမှုရော၊ ကျန်းမာရေးကိုပါ နှစ်ခုစလုံးရသင့်သည်။ ရလည်း ရနိုင်သည်။

ကျွန်တော်တို့သည် ကျွန်တော်တို့ကိုယ်ကိုယ် ကျွန်တော်တို့ ကာကွယ်စောင့်ရှောက်ကာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရပ်တန့်စေရန် အာဏာရှင်ဆန်သော စောင့်ကြည့်ရေးအစီအမံများမသုံးဘဲ နိုင်ငံသား တို့ကို လုပ်ပိုင်ခွင့်များပေးအပ်ကာ ဆောင်ရွက်နိုင်စွမ်းရှိသည်။ 

ဆက်လက်ဖော်ပြပါမည်။

The Voice Journal
Pt1

Illustration of the spread of a new coronavirus from China around the world. Vector illustration.
Share on facebook
Share on google
Share on twitter
Share on linkedin
Vector-New-Logo

Login with Social Media and SMS

or