fbpx

ကျွန်တော်ရေးချင်သော ပန်းချီကားများ

လွန်ခဲ့သောနှစ်ပေါင်း(၃၀)လောက်က “အိပ်မက်တိမ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာစာအုပ်လေးတစ်အုပ်ကို သူငယ်ချင်းများနဲ့အတူ ထုတ်ဝေခဲ့ဖူးသည်။မျှော်လင့်ချက်တွေ များစွာ အတွက် ရည်ညွှန်းဖွဲ့ဆိုထားတဲ့ ကဗျာလေးတွေေပေါ့။လက်တွေ့ဘဝမှာ ဖြစ်လာခဲ့တာတွေရှိသလို ဖြစ်မလာခဲ့တာတွေကလဲ အများအပြားပါပဲ။
အခုလဲ စိတ်ကူးနဲ့ ပုံဖော် ချယ်မှုန်း နေခဲ့တဲ့ စိတ်ကူးပန်းချီကားလေးတွေကို တကယ့်လက်တွေ့ဘဝထဲမှာ အကောင်အထည် ပေါ်ပေါက်ဖြစ်တည်နိုင်စေဖို့ လုံလောက်တဲ့အကြောင်းတရားတွေ ပြည့်စုံလာခဲ့ပြန်ပါပြီ။ ဘယ်လိုမှ ထင်မထားခဲ့တဲ့ အခွင့်အရေး ဆိုရင်လဲမမှားဘူးပေါ့။
ရပ်ကွက် အသီးသီးကနေ ဆန္ဒမဲပေးပြီး ရွေံးချယ်လိုက်တဲ့ မြို့မိမြို့ဖ (၁၅)ဦးထဲကနေ မြို့နယ်စည်ပင် သာယာရေးကော်မတီဝင် အဖြစ် (၄)ယောက် ရွေးချယ်ကြတော့ ကျွန်တော်က မဲအများဆုံးနဲ့ ကော်မတီဝင် ဖြစ်လာခဲ့တယ်။
ကျွန်တော့်စိတ်ထဲမှာ မြေသားလမ်းကောင်းကောင်းတွေ၊ ကျောက်ချောလမ်းကောင်းကောင်းတွေ ၊ ကတ္တရာလမ်းကောင်းကောင်းတွေ များစွာကို ကြုံရင်ကြုံသလို အမျိုးမျိုးခင်းနေခဲ့ဘူးသည်။သွားလေရာ ရောက်လေရာ နေရာဒေသမရွေး အချိန်အခါမရွေး ခင်းခဲ့၏။ပျက်နေတဲ့လမ်းတွေပြင်ခဲ့ တဲ့အကြိမ်ပေါင်း လဲမရေ တွက်နိုင်။ လမ်းပေါ်မှာ မိုးပြီးကျနေတဲ့ သစ်ခက်သစ်ကိုင်းတွေကိုလဲ စိတ်ထဲမှာ အကြိမ်ကြိမ်ခုတ်ခဲ့ ဘူးသည်။ ထို့အတူပင် ရေရှားပါးတဲ့နေရာဒေသတွေအတွက် ရေတွင်းရေကန်တွေကိုလဲ အကြိမ်ကြိမ်တူးခဲ့ဘူး၏။ လျှပ်စစ်မီးလင်းရေး ကိစ္စ များစွာကိုလဲ ကြိမ်ဖန်များစွာ ဖော်ဆောင်နေခဲ့သည်။သစ်ပင်သစ်တောတွေ တစ်အုပ်တစ်မ စိုက်ခင်းတွေလဲ များစွာစိုက်နေခဲ့ဘူးသည်။ရေစီးရေလာ မကောင်းတာတွေကို မြောင်းဆည် ၊မြောင်းတူးလုပ်တာဆိုရင်လဲ အကြိမ်ပေါင်း မရေတွက်နိုင် ။


အခုလို မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဖြစ်လာပြီဆိုတော့ စိတ်ကူးနဲ့ပုံဖော်ခဲ့သော အရေးကိစ္စတော်တော်များများကို ကျွန်တော်ကိုယ်တိုင် ဦးဆောင်ကြီးကြပ်ကွပ်ကဲစီမံနိုင်တော့မည်။ ကျွန်တော်တို့ မြို့ရွာဖွံ့ဖြိုးတိုးတက်ဖို့ သာယာလှပဖို့ တင့်တယ်ခန့်ညားဖို့ ကိုယ်ပိုင်ကိုယ်ဆိုင်လုပ်ကိုင်ရ တော့မည်။ထိုနေ့ အဖို့ ကျွန်တော့်လောက်ပျော်တဲ့သူ ရှိမယ်မထင်။
လွန်ခဲ့သော ( ၈ ) နှစ်လောက်ကလဲ ရပ်ကွက်(၁)၏ ရယက ဥက္ကဌ တာဝန်ကို ထမ်းဆောင်ခဲ့ရ ဘူးသည်။ထိုစဉ်တုန်းကလဲ စိတ်ကူး အိပ်မက်တွေကို လက်တွေ့ ဘဝထဲရောက်အောင် ပို့ပေးနိုင် သလောက် ပို့ပေးခဲ့ရဘူး၏ ။ “ကာမဂုဏ်ကင်းတဲ့ပီတိကိုပြောပါ”လို့ဆိုခဲ့ရင်တောင် အဲဒီတုန်းက အားကြိုးမာန်တက် အကောင်အထည်ဖော်ခဲ့သောလုပ်ရပ်တွေကို လက်ညှိုးထိုးပြရမှာပါ။
စိတ်နဲ့လှူတဲ့ အလှူကြီးတစ်လှူရဲ့ ကောင်းမှုကုသိုလ်ကြောင့် သေလွန်တဲ့အခါမှာ စြက်ာဝတေးမင်း ဖြစ်တဲ့အကြောင်းကို မဟာဂန္ဓာရုံဆရာတော်ကြီးဟောကြားတာ နာကြားခဲ့ဘူးသည်။အခုလဲ စိတ်နဲ့လှူတဲ့ လမ်းအလှူ၊ရေအလှူ၊မီးအလှူတွေကြောင့် စည်ပင်သာယာရေးကော်မတီဝင်ဖြစ်လေသလားမပြောတတ်။
“ အရာရာကို စိတ်က ဦးဆောင်နေတယ်”ဆိုတဲ့ မြတ်စွာဘုရားဟောကြားချက် ကို ကြည်ညို ဦးခိုက် လို့မဆုံးအောင်ဖြစ်ရပါတယ်။
ကော်မတီဝင်တစ်ယောက်အနေနဲ့ ကိုယ့်ရုံးကိုယ် ပထမဦးဆုံးအကြိမ်ရောက်ရှိတဲ့နေ့မှာပဲ သားသတ်လိုင်စင် ကိစ္စနဲ့ပတ်သက်ပြီးမပြေမလည် ဖြစ်ကြသူတွေ ရုံးရောက်လာတာနဲ့ကြုံပြီး အဲဒီကိစ္စကို အရင်ဆုံးဝိုင်းဝန်း ဖြေရှင်း ပေးကြရတယ်။ ဝန်ထမ်းတစ်ဦးချင်းစီနဲ့ မိတ်ဆက်ပေးပြီး သူတို့တာဝန်ယူထားရတဲ့ လက်ရှိ အနေအထားတွေ ၊ ဌာနအနေနဲ့ ရှေ့ဆက်လုပ်ကိုင်ဆောင်ရွက် ရမယ့် အခြေအနေ သဘောသဘာဝတွေ အကြောင်းကို ဆွေးနွေး ကြရမယ်လို့ထင်ထားခဲ့တာပါ။ဲ
ကျွန်တော်တို့မြို့နယ်စည်ပင်သာယာရေးကော်မတီအတွက်ပြင်ဆင်ထားတဲ့ရုံးခန်းကို ကြည့်လိုက်တော့ ဆေးမသုတ် တာကြာပြီဖြစ်တဲ့ အင်္ဂတေနံရံတွေနဲ့ ဖုံနံ့ တစ်ထောင်းထောင်းထနေတာကို တွေ့ရတယ်။အချိန်ကို သူပြချင်တဲ့အချိန်ပြနေတဲ့နံရံကပ်နာရီတလုံးကိုလဲတွေ့ရ၏။နွေရာသီကို ခုခံကာကွယ်ဖို့ ပန်ကာဆိုတာကလဲ ဘယ်မှန်းမသိ။ စားပွဲကုလားထိုင်တွေကိုတော့ အစည်းအဝေးခန်းဆန်ဆန် ပြင်ဆင်ထားတာကိုတွေ့ ရတယ်။
တဖက်မှာ လှမ်းမြင်နေရတဲ့ အမှုဆောင်အရာရှိ အခန်းကတော့ သပ်သပ်ရပ်ရပ် ကျကျနန ။အောက်မှာလဲ ကော်ဇော ခင်းထား၏။လေအေးပေးစက်တစ်လုံးလဲ တွေ့ရသည်။ နံရံတွေမှာဆိုရင်လဲ မြို့နယ်မြေပုံ ၊ မြို့ပြမြေပုံ အကြီးကြီးတွေကို ချိတ်လို့ ဆွဲ လို့။ ဧည့်သည်လာရင် ထိုင်ဖို့ ဆက်တီတွေ စားပွဲတွေကလဲ အဆင်သင့်။
ထားပါလေ အဲဒီလိုကိစ္စတွေကို စိတ်ဝင်စားလို့ ဒီကော်မတီထဲရောက်လာတာမှမဟုတ်တာ ။တော်တော့ တော်သေး၏ လက်ရှိအမှုဆောင်အရာရှိက ရာထူးတိုးပြီး သာစည်သို့ သိပ်မကြာလိုက်ပဲ ပြောင်းသွားသည်။ သူပြောင်းသွားပြီး ရောက်လာတဲ့ အမှုဆောင်အရာရှိကတော့ လူငယ်လဲဖြစ် ဒု-ဦးစီးအဆင့်မှ ရာထူး တိုးပြီး ပြောင်းလာတာလဲဖြစ်လေတော့ ပေါင်းစပ်ညှိနှိုင်းရတာ တော်တော်အဆင်ပြေသွားသည်။နဂိုက အမှုဆောင် အရာရှိနေခဲ့သောရုံးခန်းကိုလဲ ကော်မတီရုံးခန်းအဖြစ် တစ်ဖွဲ့တည်းအတူ စည်းစည်းလုံးလုံးနေထိုင်ကြရင်း အဆင်ပြေသွား၏။
စည်ပင်ကော်မတီ ဖြစ်လာတော့ ကိုယ့်မြို့ ကိုယ့်ရွာအတွက် လိုအပ်ချက်တွေကို ကြုံးရုန်းပြီးလုပ်တော့ မဟဲ့လို့မောင်းတင်ပြန်တော့ ဘတ်ဂျက်ဆိုတာကြီးနဲ့ တည့်တည့်တန်းတိုးပါတော့သည်။ ဘတ်ဂျက်မှာမပါသေးလဲ နဲနဲလောက်တော့လုပ်ချင်တယ်ဗျာလို့ ဆွေးနွေးကြည့်ပြန်တော့ ဌာနမှာပိုငွေမရှိတဲ့အခက်အခဲ တွေကိုကြုံရပြန်၏။ အသေးသုံးတဲ့ ၊ သာမန်သုံး တဲ့ ၊ ငွေလုံးငွေရင်းတဲ့ ဝေါဟာရ အသစ်တွေနဲ့ ရင်ဆိုင်ရသည်။ဝန်ကြီးချုပ်နဲ့တွေ့ဆုံပွဲ တုန်းကလဲ ဝန်ကြီးက ဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းနဲ့အညီလုပ်ကြဖို့ အထပ်ထပ်မှာကြားခဲ့တာ ဒါ့ကြောင့်ကိုးလို့ သဘောပေါက်မိသည်။
ဒီကြားထဲ ကံများဆိုးချင်တော့ ရှိတဲ့ကျောက်ကြိတ်စက်ကလဲ အပျက် ၊ အင်ဂျင်တောင် ဘေးချထားရသည်။သက်ဝင်လှုပ်ရှားနေတာဆိုလို့ အမှိုက်ကားခပ်အိုအိုတစ်စီး ပဲတွေ့ရသည်။ Light Truck တစ်စီးကတော့ အကောင်းလို့ပြောသော်လည်း ထုတ်မောင်းတာမတွေ့ရ။မေးကြည့်တော့ ဆီမတရားစားလို့ မသုံးရဲဘူးတဲ့။ငါန်းဇွန်-မန္တလေးတစ်ခေါက်ဆိုရင် ၁၂ ဂါလံလောက် ကုန်တယ်ဆိုပဲ။အမိုးကို ထန်းလက်နဲ့မိုးထားသော ထွန်စက်တစ်စီးရှိသော်လည်း အကောင်းလို့သာပြောကြသည် အခြေအနေကတော့ သိပ်ဟန်ပုံမရ။နောက်ထပ်ထောလာဂျီနဲ့ ယာဉ်အိုတစ်စီးကတော့ လုံးဝကို သုံးလို့မရတော့လို့ ငုတ်တုတ်ဖြစ်နေတာကြာပြီဆိုပဲ။

ကျွန်တော်ရေးချင်သော ပန်းချီကားများ - Vector Online Learning Platform Myanmar

ကံကောင်းတာတစ်ခုတော့ရှိသည် ကျွန်တော်တို့ကော်မတီမပေါ်ပေါက်မှီ လပိုင်းလောက်စောပြီး ရုံးကို ရောက် နှင့်နေသော Hydraulic Excavatorအသေးတစ်စီးတော့ တွေ့ရ၏။ ကိုယ်လုပ်ချင်တဲ့လုပ်ငန်းလေးတွေကလဲ သူနဲ့မှ ခရီးတွင်မှာမို့ တော်သေးရဲ့ဟု ဝမ်းသာနေမိသေးသည်။
အခုဆိုရင် ထို Hydraulic Excavator လေးကို အသုံးပြုပြီး ကိုယ်နေခဲ့တဲ့ အထက ကျောင်းဝင်းထဲက ရှေးနှစ်ပေါင်းများစွာစုပုံနေခဲ့တဲ့ အထင်ကရ အမှိုက်ပုံကြီးနေရာကို ပကတိမြေပြင်ဖြစ်အောင်ရှင်းလင်း နိုင်ခဲ့ပြီ။နှစ်ပေါင်းများစွာ ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ရှုပ်ထွေးပြီး တည်ရှိနေခဲ့တဲ့ ကျောင်းအားကစားကွင်းကိုလဲ ပြန်လည်ရှင်းလင်းပြီး မြေညှိပေးလိုက်တော့ ကလေးတွေ ဆော့ကြ ကစားကြနဲ့ သက်ဝင်လှုပ်ရှားနေပေပြီ။
မှတ်မှတ်ရရ စည်ပင်သာယာရေးကော်မတီရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးမှာ “ ကျွန်တော်ဆွေးနွေး ချင်တာကတော့ အထကရှေ့က လမ်းမကြီးကို ပိုကျယ်သွားအောင် ချဲ့ချင်တယ်” လို့ ဆွေးနွေးတော့” အဲဒီအတွက် ဆောက်လုပ်ရေးက လုပ်ဖို့ ဘတ်ဂျက် ကျပြီးသားဗျ ကျွန်တော်တို့ က ပလက်ဖောင်းတွေကို နောက်ဆုတ်ပေးရမှာ ” လို့ဦးစီး က ရှင်းပြ၏။
ထိုလမ်းအတွက် ဆောက်လုပ်ရေးအဖွဲ့တွေ ကွင်းဆင်းပြီးတိုင်းကြထွာကြပြန်တော့ ပေ၁၀၀ တွေ ပေ၅၀ တွေ ဥနှောက်စားကြရသည်။လမ်းဘေးက အိမ်တွေ တိုက်တွေ နဲ့မလွတ်တာတို့ ၊ကျူးကျော်ဈေးဆိုင်တွေနဲ့ မလွတ်တာ တို့ ၊ ဌာနဆိုင်ရာ မြေနေရာတွေနဲ့မလွတ်တာတို့ များစွာကြုံကြရသည်။ထို အရေးကိစ္စတော် တော်များများကို ကျွန်တော်တို့ အဖွဲ့တွေက ရှေ့ကနေ ခေါင်းခံဖြေရှင်းပေးရ ၊ အမုန်းခံပေးရနဲ့ ကိုယ့်မြို့လေး လူချင်းတူဖို့ ထမင်းမေ့ဟင်းမေ့လို့ ပြောရလောက်အောင်စိတ်ဝင်တစားပါပဲ။

မိုးများများရွာပြီဆိုရင် သွားလို့မရအောင်ရေလွှမ်းနေတဲ့နေရာကိုပြပါဆိုရင် ကျွန်တော်တို့စည်ပင်သာယာ ရုံးရှေ့ကလမ်းကိုပြရမှာပါ။အဲဒါကြောင့် မြေဖို့သင့်တာကိုဖို့ မြောင်းဖော်သင့်တာကိုဖော် ၊ ရေပြွန်ထည့်သင့်တာ ကို ထည့် နဲ့ နဘေးက ရပ်ကွက် နဲ့ပူးပေါင်းပြီး လုပ်ကြရပြန်ပါတယ်။
စိတ်ကူးထဲက ပန်းချီကားလေးတွေကို လက်တွေ့ချရေးနေရတာဆိုတော့ ပန်းချီဆရာစကားနဲ့ ပြောရရင် လက်တွေ့တယ်ပေါ့။ “ဟ”နေတဲ့ အဟလေးတွေအတိုင်း ဆက်လျှောက်ကြဖို့ ကြုံလာတဲ့အခါမျိုးမှာတော့ နဲနဲမှလက်မတွေ့တော့တာအမှန်။ဘာပဲဖြစ်ဖြစ် ထို အဟ လေးတွေကို ကိုယ်တတ်နိုင်သလောက် ဖြေလျှော့ရင်း နဲ့သာ လက်တွေ့ဘဝထဲက ပန်းချီကားလေးတွေကို ဆက်လက်ရေးဆွဲနေရပေဦးတော့မည်။

သန်းထွန်းဦး(ငါန်းဇွန်)

 

 

Vector-New-Logo

Login with Social Media and SMS

or