fbpx

တန်ဆောင်တိုင်ပွဲတော်

တန်ဆောင်တိုင်ပွဲတော်ကို နွဲပျော်နေကြတဲ့ အချိန်ခါသမယလေးမှာ
Vector Online Learning Platform အနေနဲ့လဲ ပါဝင်ဆင်နွဲရင်း သိသလောက်လေးတစ်ချို့ကို မျှဝေပေးချင်ပါတယ်။တန်ဆောင်မုန်းလနဲ့ပတ်သက်ပြီး ရှေးစာဆို စလေဦးပုည က”မိုးဝဿန်ချိန်ဆုံးလို့ တန်ဆောင်မုန်းဗြိစ္ဆာ၊ ဖဝါးနှစ်စွန်း ခါဝယ်၊ ကြတ္တိကာကြယ်မင်း၊ ခဝဲပွင့်မာလာငယ်၊ သည်ချိန်ခါမွှေးထုံ ပျံ့သင်း”ဟု ဖွဲ့ဆိုခဲ့ပါတယ်။တန်ဆောင်မုန်းလမှာတနင်္ဂနွေဂြိုလ်
နေမင်းဟာ ဗြိစ ္ဆာရာသီကို ရောက်ရှိပြီး လမင်းကြီးကတော့ ကြတ္တိကာနက္ခတ်နဲ့ အတူယှဉ်နေမယ် ၊ ပြီးတော့ ခဝဲပန်းရနံ့လေးတွေနဲ့လဲ မွှေးထုံသင်းပျံ့ နေမှာ ဖြစ်ကြောင်းဖွဲ့ဆိုထားတာ
ပါ။ဒါက နှစ်စဉ်ကြုံနေကျ သဘာဝဖြစ်စဉ်တွေလို့ ဆိုရမှာပါ။နောက်တစ်ခုက တန်ဆောင်မုန်းလပြည့်ညကို ဆေးပေါင်းခတဲ့ညလို့ ပြောကြသလို သူခိုးည လို့လဲ ပြောကြပါသေးတယ်။ဒါကလဲ တနင်္လာဆိုတဲ့ လမင်းကြီးက ကြတ္တိကာနက္ခတ်မှာ ရောက်ရှိပြီး ဖြစ်ပေါ်လာမယ့် အကျိုးအာနိသင်ကို ရည်ညွှန်းပြီးပြောထားတာဖြစ်ပါတယ်။ကြတ္တိကာနက္ခတ်ရဲ့ သခင်ဂြိုလ်ဟာ နေမင်းဖြစ်သလိုသူ့ကို(The Star of Fire)(မီး တေဇောဓာတ်ကြယ်)လို့လဲခေါ်ကြပါသေးတယ်။

လူတွေပြုကြံသမျှအရာအားလုံးရဲ့ဇစ်မြစ်ကိုကြည့်ရင် အဖြစ်တေဇော၊အပျက်တေဇောပဲ ဖြစ်တာကြောင့် တေဇောဓာတ်ဆိုတာ အရာအားလုံးရဲ့ ဖန်ဆင်းရှင် အသက်ဓာတ်လို့ပြောရင်လဲရပါတယ်။ဒါ့အပြင်

ကြတ္တိကာနက္ခတ်ဟာ အင်္ဂါပိုင်တဲ့ မိဿရာသီမှာ ၃ဒီဂရီ၂၀မိနစ် ရှိပြီး ရုပ်ပိုင်းဆိုင်ရာတီထွင်ဆန်းသစ်မှုကို
ကိုယ်စားပြုနေသလို သောကြာပိုင်တဲ့ ပြိဿရာသီ မှာ ၁၀ ဒီဂရီပါဝင်တာကြောင့် နာမ်ပိုင်းဆိုင်ရာတီထွင်ဆန်းသစ်မှုတွေကို ကိုယ်စားပြု
နေတာမို့သူ့ရဲ့အကျိုးအာနိသင်ဟာလဲ စိတ်ဝင်စားစရာကောင်းလောက်အောင်ဆန်းကြယ်လွန်းနေတယ်လို့ ဆိုရမှာပါ။
ဒါပေမယ့်လဲ ဒီနှစ်ရဲ့ အနေအထားကို ကြည့်လိုက်တဲ့အခါမှာတော့ တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်နေ့ည ၉နာရီ၄၅ မိနစ် ဝန်းကျင်လောက်မှာ ကြတ္တိကာနက္ခတ်နဲ့စန်းယှဉ်မှာဖြစ်ပါတယ်။ဒါကလဲ နေရာဒေသအလိုက် လောင်ဂျီတွဒ် လတ္တီတွဒ် ကွာခြားမှုအလိုက် အချိန်တွေ နဲနဲစီကွာခြားနေအုံးမှာပါ။အဲဒီလောက်သိပြီ ဆိုရင် အားလုံးပဲ ကြတ္တိကာနက္ခတ်ရဲ့ အစွမ်းအာနိသင်ကို ရယူဖမ်းဆုပ် ခံစားကြည့်နိုင်ကြမယ်လို့ထင်ပါတယ်။
တန်ဆောင်တိုင် မီးပူဇော်တာနဲ့ပတ်သက်ပြီးပြောရရင်တော့ ကြတ္တိကာနက္ခတ်ကို မီးနတ်မင်းက အစိုးရတယ်ဆိုပြီး ပူဇော်ကြတာလို့ပြောကြသလို တာဝတိံသာ နတ်ပြည်မှ ဆံတော်ရှင်ကိန်းဝပ်ရာ “စူဠာမဏိ စေတီတော်” ကို ရည်မှန်းပြီး မီးပူဇော်ကြတာလို့လဲပြောကြပါတယ်။ဒါကတော့ ကိုယ့်အယူအဆနဲ့ကိုယ်မြတ်နိုးတန်ဘိုးထားရာအပေါ်မူတည်မယ်ထင်ပါတယ်။
ကထိန်သင်္ကန်းကပ်တာနဲ့ ပတ်သက်ပြီးပြောရရင်တော့ ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့ မြတ်စွာ ဘုရားအားဖူးမြော်ရန် ပါဝေယျကတိုင်းမှ လာကြရာမှာ ခရီးလမ်းရှိ သာကေတမြို့မှာ ဝါကပ်ကြပါတယ်။ ဝါကျွတ်လို့ ဘုရားရှင်ရှေ့မှောက်သို့ ရောက်တဲ့အခါမှာတော့ ခွင့်ပြုထားသည့် သင်္ကန်းသုံးထည်စလုံး စိုစိုစွတ်စွတ်ဖြင့် ရောက်ရှိသွားကြသည့် အတွက် ရဟန်းတို့၏ ပင်ပန်းဆင်းရဲမှုကို အကြောင်းပြုပြီး ကထိန်သင်္ကန်းခင်း လှူခြင်းကို ခွင့်ပြုတော်မူခဲ့သည့်ကာလမှ စပြီး ကထိန်ဖြစ်ပေါ်ခဲ့တာပါ။ကထိန်ရဲ့ အဓိပ္ပာယ်ကတော့ မြဲမြံခြင်း၊ ခိုင်ခံ့ခြင်းဖြစ်၍ ခိုင်မြဲခြင်းအကျိုးတရားငါးပါးကို ရရှိ စေသောကြောင့် ကထိန်လို့ ခေါ်ဆိုခြင်းဖြစ်ပါတယ်။ကထိန်သင်္ကန်း လှူဒါန်းခြင်းအားဖြင့် ရရှိခံစားရမယ့် အကျိုးတရားတွေကတော့
(၁) အချုပ်အချယ်အတားအဆီးမရှိ၊ မိမိလိုရာအရပ်သို့ လွတ်လပ်စွာ သွားလာနိုင်ခြင်း၊
(၂) နိဗ္ဗာန်မရမီ ဘဝစပ်ကြား၌ ပြုလုပ်ကြသော ကိစ္စအဝဝတို့တွင် လွယ်ကူစွာပြုလုပ်နိုင်ခြင်း၊
(၃) မိမိ၌ ဝတ်ဆင်၍ မကုန်နိုင်လောက်အောင် အဝတ်တန်ဆာစည်းစိမ် ဥစ္စာတို့ပေါများပြီး မိမိကိုယ်တိုင် ချမ်းသာစွာသုံးစွဲနိုင်ခြင်း၊
(၄) မိမိစားသုံးသော အစားအစာများမှာပေါများ၍ အဆိပ်အတောက် အန္တရာယ်မရှိခြင်း၊
(၅) မိမိ၏ စည်းစိမ်ဥစ္စာများ ရန်သူမျိုးငါးပါးဘေးကြောင့် ပျက်စီးမှု မကြုံတွေ့ရခြင်း တို့ဖြစ်ပါတယ်
“သာမညဖလ အခါတော်နေ့” နဲ့ ပတ်သက်ပြီးပြောရရင်တော့ အဇာတသတ်မင်းဟာ ဖခင်ကို သတ်မိခဲ့ပြီးတဲ့နောက်မှာ စိတ်ပူပန်သောကတွေ ဖြေဖျောက်လို့မရအောင်ဖြစ်နေခဲ့ရာမှာ တန်ဆောင်မုန်းလပြည့်ရဲ့ အေးချမ်းသာယာမှုကလည်းသူ့ကိုမအေးချမ်းစေနိုင်ခဲ့ပါဘူး။ဒါပေမယ့် ဆရာဇီဝကရဲ့လျှောက်တင်စကားကြောင့် မြတ်စွာဘုရားရှိရာ သရက်ဥယျာဉ်သို့ ရောက်ရှိသွားပြီး ဘုရားရှင်ကို ဖူးတွေ့တဲ့အခါမှာ မြတ်စွာဘုရားဟောကြားတော်မူသောသာမညဖလသုတ်(ရဟန်းဝတ်ရခြင်းအကျိုး)ကို နာယူပြီးတဲ့နောက်မှာ စိတ်သက်သာရာရပြီးဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒါကြောင့် တန်ဆောင်မုန်းလပြည့်ကို “သာမညဖလ အခါတော်နေ့” လို့လည်း သတ်မှတ်ခေါ်ဆိုကြတာဖြစ်ပါတယ်။
ကဲ ဒီလောက်ဆိုရင် တန်ဆောင်တိုင်ပွဲတော်ရဲ့ ထူးခြားချက် လေးတွေကို သိတန်သလောက်သိသွားကြပြီထင်တယ်။အားလုံးပဲ ပညာပြည့်၀ နှလုံးလှ ဓနကြွယ်ဝနိုင်ကြပါစေ။

သန်းထွန်းဦး ( ငါန်းဇွန် )

Vector-New-Logo

Login with Social Media and SMS

or