fbpx
Share on facebook
Share on google
Share on twitter
Share on linkedin

မျက်နှာဖုံးတပ်သင့်မတပ်သင့်

ဧပြီလ ၁၁ ရက်နေ့ထုတ် The Economist မဂ္ဂဇင်းကြီးက ကိုဗစ်-၁၉ ပြန့်နှံ့မှုသက်သာအောင် အများပြည်သူတွေ မျက်နှာဖုံးတပ်သင့်သလား? ဆိုတဲ့ ခေါင်းစဉ်နဲ့ဆောင်းပါးကို‌‌ေမးခွန်းနဲ့စ‌ေရးထားတယ် ပြီးတော့
တပ်သင့်တယ်။ ဒါပေမယ့် ကျန်းမာရေးဝန်ထမ်းတွေတပ်စရာမရှိအောင်မလုပ်နဲ့လို့ ခေါင်းစဉ်ခွဲနဲ့ ပြန်ဖြေထားပါတယ်။

စောစောပိုင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မလိုဘူးတဲ့။ ဗြိတိသျှအစိုးရကလည်း မတပ်နဲ့တဲ့။ အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေး ဗဟိုဌာနကကျတော့ စောစောပိုင်းမှာ မတပ်နဲ့တဲ့။ ဒါပေမယ့် ဧပြီလဆန်းရောက်တော့ တပ်ပါလို့ဖြစ်သွားတယ်။ တရုတ်နိုင်ငံအပါအဝင်၊ အာရှဒေသမှာ ကျန်းမာရေးပြဿနာဘာမျှမဖြစ်တဲ့အချိန်မှာတောင်မှ မျက်နှာဖုံးတပ်တာကို ကျန်းမာရေးဌာနတွေက အားပေးတယ်။ ပြည်သူတွေက လိုက်နာတယ်။ ဒီတော့ အများပြည်သူတွေ တပ်သင့်သလား? မတပ်သင့်ဘူးလား?
ကိုဗစ်ဘယ်လိုကူးစက်သလဲဆိုတာ သိပ္ပံပညာရှင်တွေ ဆွေးနွေးငြင်းခုန်နေကြဆဲပါ။ ဒါပေမယ့် ချောင်းဆိုးတဲ့အခါ တံတွေးထွေးတဲ့အခါ ထွက်လာတဲ့အမှုန့်တွေ၊ အသက်ရှူလမ်းကြောင်းက ထွက်လာတဲ့ အမှုန်အမွှားတွေကနေ အခြားလူတွေကို ကူးစက်စေတယ်ဆိုတာ သိလာကြပြီ။ သာမန်အသက်ရှူတဲ့အခါမျိုး ချောင်းဆိုးလိုက်တဲ့အခါမျိုးတွေမှာ လေထဲကို မီတာအနည်းငယ်လောက်ရောက်သွားတယ်။ တခြားလူတစ်ယောက်ရဲ့ မျက်စေ့၊ ပါးစပ်နဲ့ နှာခေါင်းပေါ် တိုက်ရိုက်ကျတယ်။ အသက်ရှူလမ်းကြောင်းက ဆဲလ်တွေကို ကူးစက်တယ်။ ဒါမှမဟုတ် မျက်နှာပြင်တစ်ခုခုပေါ်ကျတယ်။ နာရီပေါင်းရက်ပေါင်းများစွာ အသက်ရှင်နေပြီး၊ အဲဒီဗိုင်းရပ်စ်ဟာ ထိမိတဲ့သူကိုကူးတယ်။ အဲဒီလူရဲ့မျက်နှာတွေ၊ ပါးစပ်တွေကို သူ့လက်ကနေရောက်သွားတယ်။

ဒီတော့ မျက်နှာဖုံးတွေဟာ ကူးစက်ခံရတဲ့သူတစ်ယောက်ဆီကနေ၊ တခြားကျန်းမာတဲ့သူတစ်ယောက်ဆီကို ကူးစက်ရာမှာ၊ အတားအဆီးတစ်ခုအနေနဲ့ မျက်နှာဖုံးတွေဟာ အသုံးဝင်တာကို တွေ့ရတယ်။ ဆေးခန်းတွေ ဆေးရုံတွေမှာ ကိုဗစ်-၁၉ လူနာတွေကို ပြုစုစောင့်ရှောက်နေရတဲ့ ဆရာဝန်တွေ ဆရာမတွေအနေနဲ့ ခွဲစိတ်ခန်းသုံးမျက်နှာဖုံးတွေ စွပ်ကြဖို့ အကြံပြုကြတယ်။ အိမ်မှာလူနာတွေကို ပြုစုစောင့်ရှောက်နေတဲ့သူတွေလည်း ဝတ်ဆင်တယ်။
ဒါဆိုရင် လုံလောက်ပြီပေါ့။ ဒါပေမယ့် ကနေဒါမှာလုပ်တဲ့ သုတေသနတခုအရ၊ ခွဲစိတ်ခန်းသုံးမျက်နှာဖုံးနဲ့ ပိုပြီးအဆင့်မြင့်တယ်ဆိုတဲ့ N-95 ဘာမျှမကွာပါတဲ့။ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ခံနေရတဲ့သူတွေဆီကထွက်လာမယ့် အမှုန်အမွှားတွေကနေ၊ ကျန်းမာရေးဝန်ထမ်းတွေကို အကာအကွယ်ပေးရာမှာ အတူတူပါပဲတဲ့။
N-95 ကပိုပြီးထူတယ်။ ပိုပြီးကျပ်တယ်။ နှာခေါင်းနဲ့ပါးစပ်ကို အလုံပိတ်ထားတယ်။ ဒီလိုမျက်နှာဖုံးမျိုးကို အန္တရာယ်ကြီးမားတဲ့အခါမျိုးတွေမှာ သုံးသင့်ပါသတဲ့။ ၀.၃ မိုက်ကရွန်ထက်ငယ်တဲ့ အမှုန်အမွှားလေးတွေကို N-95 က ၉၅% အကာအကွယ်ပေးနိုင်ပါသတဲ့။ ဒါကြောင့် ၅ မိုက်ကရွန်အောက်ရှိတဲ့ အမှုန်အမွှားရှိရင် ဆရာဝန်တွေ၊ သူနာပြုတွေက အသည်းအသန်စောင့်ကြည့်ခန်းမှာ၊ လူနာတစ်ယောက်ကို အသက်ရှုစက်ရဲ့ပိုက်နဲ့ဆက်ဖို့လုပ်နေတဲ့ အချိန်မျိုးမှာ N 95 တပ်သင့်ပါတယ်။ အဲဒီလိုလုပ်နေတဲ့အချိန်မှာ ၅ မိုက်ကရွန်ထက်သေးတဲ့ အမှုန်အမွှားတွေဖြစ်ပေါ်စေနိုင်ပြီး၊ ဗိုင်းရပ်စ်တွေသယ်ဆောင်လို့၊ ခပ်ဝေးဝေးကိုပြန့်နှံ့စေအောင် အရှိန်မြင့်ပါတယ်။ အတော်အင်အားသုံးလုပ်ရတဲ့ကိစ္စမျိုးဖြစ်တာကိုး။ ဒီနည်းနဲ့ကူးစက်လား၊ မကူးစက်ဘူးလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့် သတိထားသင့်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဝတ်ကိုဝတ်ရ၊ တပ်ရမယ်ဆိုတာရှင်းပါတယ်။ ဒါပေမယ့် အများပြည်သူနဲ့ပတ်သက်တဲ့အခါကျတော့ သိပ်မရှင်းပါဘူး။ ကိုဗစ်စဖြစ်တော့ ကူးစက်ခံလူနာနဲ့ တိုက်ရိုက်ထိတွေ့တာမဟုတ်ရင် မတပ်ဖို့ WHO နဲ့ CDC ကပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မျက်နှာဖုံးတေွ ရှားလို့ပါ။ အမေရိကန်ခွဲစိတ်ဆရာဝန်ချုပ်က မျက်နှာဖုံးစွပ်သုံးတာရပ်ပါလို့ သူ့ရဲ့ Twitter ကနေ ရေးခဲ့ရသေးတယ်။ သာမန်အရပ်သားတွေသုံးနေကြရင် ကျန်းမာရေးဝန်ထမ်းတွေ သုံးစရာမရှိမှာ စိုးလို့ပါ။
နှစ်လလောက်ကြာတော့ အခြေအနေကပြောင်း၊ စကားတွေကလည်း ပြောင်းကုန်ပြန်တယ်။ ပါးစပ်နဲ့ နှာခေါင်းတွေပါတပ်ဖို့၊ အိမ်တွင်းဖြစ်မျက်နှာဖုံးတွေသုံးပါတဲ့။ လုပ်နည်းကိုတောင် ဆရာဝန်တွေက ပြလိုက်ကြသေး။
မကြာသေးမီက ချက်ကိုဆလိုဗက်နဲ့ ဆလားဗီးယားမှာ အများပြည်သူနဲ့သက်ဆိုင်တဲ့ နေရာကိုလာမယ်ဆိုရင် နှာခေါင်းနဲ့ပါးစပ်ကို ဖုံးအုပ်ထားရမယ်တဲ့။ အီတလီမှာလို ဩစတြီးယားမှာတော့ ဆူပါမားကတ်တွေ၊ ဆေးဆိုင်တွေလာရင် မျက်နှာဖုံးစွပ်လာပါတဲ့။

အခုလိုပြောင်းလဲလာတာက ကိုဗစ်အကြောင်းပိုပြီးနားလည်လာကြသလို၊ မျက်နှာဖုံးရဲ့အသုံးဝင်ပုံကို ပညာရှင်တွေက ဆက်လက်ဆွေးနွေးငြင်းခုန်လာကြဆဲမို့ပါ။
သေချာတာက အများပြည်သူတွေသွားလာနေတဲ့ နေရာတွေမှာ နှာခေါင်းနဲ့ပါးစပ်ကို ဖုံးထားတာဟာ အကျိုးရှိပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေအတွက် မျက်နှာဖုံးတွေက အကျိုးရှိသလို၊ သာမန်ပြည်သူပြည်သားတွေလည်း အကျိုးရှိပါတယ်ဆိုပြီး ပြဖို့ကတော့ ခက်ခက်ခက်။
ဘာလို့လဲဆိုတော့ ဆရာဝန်တွေ ဆရာမတွေက မျက်နှာဖုံးဘယ်လိုစွပ်ရမလဲဆိုတာ သေသေချာချာလေ့ကျင့်ပေးထားတယ်။ ဥပမာ- ခွဲစိတ်ခန်းသုံးမျက်နှာဖုံးတွေဟာ စိုစွတ်နေရင် အဆင်မပြေ။ ပြီးရင် ခဏခဏလည်း လဲလှယ်သုံးနေရမယ်။ ဒီအချက်တွေကို ကျန်းမာရေးဝန်ထမ်းတွေက သိရှိလိုက်နာတယ်။ ဒါပေမယ့် အများပြည်သူက ဒီလိုလေးစားလိုက်နာကြမှာမဟုတ်ဘူး။ N-95 တွေတပ်ဖို့ကလည်း အတော်ခက်တာ၊ တပ်ပုံအချိုးမပြေရင်လည်း အကျိုးမရှိဘူး။ ရှေ့မျက်နှာပြင်ကို သွားထိမိတာမျိုး၊ ချွတ်ပုံမှားပြီး လက်ကို ထိမိသွားတာမျိုးတွေဆိုရင် အဆင်မပြေ။


မျက်နှာဖုံးတွေ၊ အသက်ရှူစက်တွေက လူတွေရဲ့မျက်စေ့ကိုမကာကွယ်နိုင်။ တချို့မျက်မှန် (ရေငုပ်မျက်မှန်မျိုး)တွေလောက်ကပဲ၊ အကာအကွယ်ပေးနိုင်မယ်။ စိတ်ပညာရှင်တစ်ယောက်ကတော့ မျက်နှာဖုံးတွေစွပ်ပြီးရင် ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုတွေ အချောင်တက်လာပြီး၊ လက်ဆေးဖို့တို့၊ တခြားလူတွေနဲ့ ဝေးဝေးနေဖို့တွေလို အရေးကြီးတဲ့ကိစ္စတွေ ဂရုမစိုက်မှာ စိုးပါသတဲ့။
ဒီလိုပြောလို့ အများပြည်သူအတွက် မျက်နှာဖုံးတွေဟာ အသုံးမကျဘူးလို့ မဆိုလိုဘူး။ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်စဉ်းစားစေချင်ကြတာ။ ကျန်းမာနေတဲ့သူတွေကို ကာကွယ်ဖို့ပဲမဟုတ်။ မကျန်းမာတဲ့သူတွေဆီကနေ လေထဲကို လွှင့်မထုတ်နိုင်အောင် တားဆီးဖို့ကိုလည်း စဉ်းစားဖို့လိုတယ်။ ဗိုင်းရပ်စ်ပိုးရှိတဲ့သူဟာ ရောဂါလက္ခဏာမပြခင်ကတည်းက တခြားသူတွေအများကြီးကို ကူးစက်စေနိုင်တယ်။ ဒီတော့သူ့မှာ ရောဂါလက္ခဏာတွေတွေ့ရတာပဲဖြစ်ဖြစ်၊ မတွေ့ရတာပဲဖြစ်ဖြစ်၊ လူတိုင်းက မျက်နှာဖုံးစွပ်ထားရင် ကူးစက်ပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက်ဖို့ အသုံးဝင်ပါတယ်။
သဘာ၀ဆေးဝါး(Nature Medicine)ဆိုတဲ့ စာစောင်ကလည်း ဒီအချက်ကို ထောက်ခံပါတယ်။ ဟောင်ကောင်တက္ကသိုလ်က ပါမောက္ခတစ်ယောက်ဟာ နာရီဝက်လောက် အသက်ရှူလမ်းကြောင်းရောဂါဝေဒနာရှင်တွေရဲ့ အသက်ရှူချောင်းဆိုးလို့ တခြားဗိုင်းရပ်စ်တွေ ဘယ်လောက်ပြန့်လာသလဲဆိုတာကို ယှဉ်ပြီးတိုင်းတာကြည့်တယ်။ မျက်နှာဖုံးစွပ်မထားရင် အမှုန်အမွှား ၃၀% – ၄၀% လောက် ရှူသွင်းမိတယ်။ ခွဲစိတ်ခန်းသုံးမျက်နှာဖုံးစွပ်ထားရင် ရှူမသွင်းမိပါဘူးတဲ့။

လန်ဒန်က ဇီ၀ဗေဒပညာရှင်တစ်ယောက်ကလည်း မျက်နှာဖုံးတပ်တာကို အားပေးပါတယ်။ ဒါပေမယ့် ဒီတနည်းထဲပဲ မကျင့်သုံးဘဲ၊ လက်ဆေးတာ၊ လူတွေနဲ့ခပ်ခွာခွာနေတာတွေကိုပါ တွဲလုပ်ဖို့ သူကအကြံပြုပါတယ်။
ဒီနည်းတွေအဆင်ပြေဖို့က မျက်နှာဖုံးလုံလုံလောက်လောက်ရှိဖို့လိုပါတယ်။ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းတွေအတွက် လုံလုံလောက်လောက်မရှိဘူးတဲ့။
လူတိုင်းမျက်နှာဖုံးတပ်ကြတော့မယ်ဆိုရင် အများပြည်သူက ကိုယ့်ဖာသာချုပ်ကြဖို့လိုပါတယ်တဲ့။ ဒါလည်းအကျိုးရှိပါတယ်။ ၂၀၁၃ က အင်္ဂလန်မှာ စမ်းသပ်ချက်အရ ရောင်းတန်းဝင်မျက်နှာဖုံးတွေက တခြားသူချောင်းဆိုးလိုက်တဲ့ အမှုန်အမွှားတွေရဲ့ ၉၀% တားပေးတယ်။ ဖုန်စုပ်စက်က ၈၆% စုပ်တယ်။
Tea Towels အစလေးတွေက ၇၂% ၊ ချည်တီရှပ်သားက ၅၁% ကာကွယ်ပေးတယ်။ နှာခေါင်းနဲ့ပါးစပ်ကို သေသေချာချာလုံအောင်ပိတ်ဖို့တော့ လိုတယ်။
သီးခြားထိန်းချုပ် အဝင်အထွက် ကန့်သတ် Quarantine လုပ်ထားတဲ့နေရာတွေကနေ၊ အပြင်ကိုထွက်မယ်ကြံရင် ရောဂါလက္ခဏာရှိသူတွေရော၊ မရှိသူတွေပါ မျက်နှာဖုံးတပ်သင့်တယ်။

ရောဂါကူးလွယ်တဲ့ အသက်ကြီးတဲ့သူတွေ၊ မကျန်းမာတဲ့သူတွေက ရမယ်ဆိုရင် မျက်နှာဖုံးတပ်ပါတဲ့။
လက်ဆေးတာတွေ၊ တခြားလူတွေနဲ့ခပ်ခွာခွာနေတာတွေဟာ လူတိုင်းအတွက် ကူးစက်မှုကိုတားဆီးဖို့ အရေးကြီးပါတယ်။ အများပြည်သူသွားလာနေတဲ့နေရာတွေမှာ မျက်နှာဖုံးစွပ်တာဟာ ဘယ်သူ့ကိုမျှ ဒုက္ခမပေးရုံသာမက၊ ကောင်းကျိုးရနိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်တွေ၊ သူနာပြုတွေသုံးမယ့်အထဲက လျော့မသွားပါစေနဲ့တဲ့။

ခင်မောင်ညို (ဘောဂဗေဒ)

The Economist April 11, 2020

Share on facebook
Share on google
Share on twitter
Share on linkedin
Vector-New-Logo

Login with Social Media and SMS

or