fbpx
Share on facebook
Share on google
Share on twitter
Share on linkedin

မျှဝေခြင်း အစီအစဉ်မှ အသွင်ပြောင်းကျောက်ကလေးများ

ယခုလို ကိုဗစ် ကပ်ရောဂါကြောင့် ဘယ်မှ မသွားရမလာရနဲ့ အိမ်တွင်းအောင်းနေကြရချိန်မှာ ၂၀၁၉ တုန်းက ဆရာညို(ခင်မောင်ညို- ဘောဂဗေဒ)နဲ့အတူ နယ်အနှံ့ခြေဆန့်ခဲ့ရတာလေးတွေကို သတိရနေမိတယ်။

အဲဒီတုန်းက“၂၆ ရက်နေ့ရောက်ပြီး ကျောင်းတွေလှည့်မယ်။တစ်ပတ်ခန့်” ဆိုတဲ့ Facebook Messenger မှ စာတိုလေးကိုဖတ်ပြီး အံ့သြသွားမိတယ်။ထို Message ကို ဆရာညို (ဦးခင်မောင်ညို-ဘောဂဗေဒ)မှ လှမ်းပို့ လိုက် တာဖြစ်သည်။ဆရာ့လို အိမ်မကပ်နိုင်အောင် အလုပ်တွေရှုပ် ခရီးတွေထွက်နေသူတစ်ယောက်က အခုလို တစ်ပတ်ခန့် အချိန်ယူပြီး ကျောင်းတွေကို လှည့်ဟောပြောမယ် ဆိုတော့ အံ့သြစရာပေါ့။
ဘာပဲဖြစ်ဖြစ် ကျွန်တော့်အတွက်ကတော့ ဆရာလာမည့်ထိုရက်များသည် “ဝန်ကြီးခရီးစဉ်” အစစ်ပါပဲ။ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ ဆရာ့ကို လေဆိပ်သွားကြိုဖို့ ကားလဲမရှိ။ ဆရာရောက်ပြီဆိုရင် နားနားနေနေနဲ့ စိတ်အေးချမ်းစွာ နေထိုင်နိုင်ဖို့ ခေတ်မှီတိုက်ခန်းကောင်းကောင်းလဲမရှိ။ဒီကြားထဲ ကိုယ်က စည်ပင်ကော်မတီဥက္ကဌကလဲဖြစ်နေသဖြင့် ဌာနရဲ့တာဝန်ကလည်းတစ်ဖက်က ရှိနေတော့ ဆရာ့အတွက် အချိန်ပေးနိုင်ဖို့က သိပ်မသေချာ။တာဝန်သိတော့ တာဝန်ရှိ ဆိုတာလိုမို့ ကျွန်တော့် အတွက် တာဝန်တော်တော်ကြီးနေတာမို့ “ဝန်ကြီးခရီးစဉ်” အစစ်လို့ ပြောတာပါ။

ကံကောင်းချင်တော့ စံပြသံရည်ကျို လုပ်ငန်းပိုင်ရှင် ဦးမြကြီး ကိုယ်တိုင်က “ကျွန်တော့်ကားနဲ့သွားကြိုမယ်လေ”လို့ပြောလာသဖြင့် လေဆိပ်ကို ကြိုဖို့အဆင်ပြေသွားသလို ဆရာရောက်လာရင်လည်း ကိုဌေးနိုင်(ဆုပြည့်နေကြာ)ကဘယ်နေ့၊ ဆရာဦးမင်းသူကဘယ်နေ့၊ ကိုခင်ဇော်ဦး(သော်တာစတိုး)က ဘယ်နေ့ စသဖြင့် ဘယ်သူကဘယ်လိုတာဝန်ယူမယ်ဆိုတာမျိုးတွေ အသီးသီးရှိလာ တာမို့ နယ်ဘက်ကကျောင်းတွေဆီကိုသွားလာရေးမှာ အတော် အဆင်ပြေသွားပါတယ်။နေထိုင်စားသောက်ရေးကျပြန်တော့လည်း ရေချိုးခန်း၊အိမ်သာ၊အဲယားကွန်း၊ မွှေ့ယာကုတင်အပြည့်အစုံပါတဲ့ အခန်းတစ်ခန်းကို ဆရာ့စိတ်တိုင်းကျနေပါ ဆိုပြီး “စံပြသံရည်ကျို” မိသားစုကပဲ အရင်အခေါက်တွေ အတိုင်းပဲ ပြောလာတာမို့ အကုန် အဆင်ပြေသွားပါတယ်။“တကယ်လို့များကိုယ်က မကောင်းမှုတွေလုပ်ခဲ့မယ်ဆိုရင် ကိုယ်ပဲ ပင်ပမ်းဆင်းရဲပြီး၊ကိုယ်ပဲ အဆင်မပြေဒုက္ခရောက်သလို၊ကိုယ်က အဲလိုမကောင်းတာတွေ မလုပ်ခဲ့ရင်လည်း ကိုယ်ပဲ အပြစ်ကင်းစိတ်ချမ်းသာပြီးအဆင်ပြေတာပါ။အဆင်ပြေတယ်၊အဆင်မပြေဘူးဆိုတာ ကိုယ့်အပေါ်ပဲမူတည် နေတာဖြစ်ပြီး တစ်ခြားတစ်ယောက်က တစ်ခြားတစ်ယောက်ကို အဆင်ပြေအောင်လုပ်ပေးလို့မရသလို အဆင်မပြေအောင်လဲ လုပ်လို့မရပါဘူး။”ဆိုတဲ့ ဘုရားဟော ဂါထာလေး ထဲကလိုပဲ ဆရာညို (ဦးခင်မောင်ညို-ဘောဂဗေဒ)ရဲ့ ကောင်းမှုကုသိုလ်ကံ လို့ပဲ ဆိုရမှာပါ။

“လူကြီးတွေက ပြောလို့မရတော့ဘူးကွ၊အဲဒါကြောင့်ကလေးတွေကိုပဲပြောချင်တာ” လို့ ဆရာညို က မကြာခဏပြောတတ်ပြီး သူရောက်လေရာ မြို့ရွာဒေသအသီးသီးရှိ ကျောင်းသားလူငယ်လေးတွေနဲ့ တွေ့ဆုံ ဟောပြော လိုက်ရမှ ကျေနပ်သူပါ။အခုလဲ သူမွေးဖွားရာဇာတိဖြစ်တဲ့ ငါန်းဇွန်နယ်က ကျောင်းသား/သူ လေးတွေရဲ့ အခြေအနေကိုသိချင်သလို အဲဒီ ကျောင်းသား/သူ လေးတွေရဲ့ ရင်ထဲ နှလုံးထဲကို ပညာ ချစ်စိတ်တွေ ကိန်းသွားစေချင်တဲ့ စေတနာမေတ္တာတွေလွှမ်းခြုံပြီး လာခြင်းပါ။နောက်တစ်ခုပိုတာက သူ့ပင်စင်လစာနဲ့စာမူခလေးတွေကို စုပြီးရလာတဲ့ငွေရယ်၊ဆရာ့ကို ကြည်ညိုလို့ ဆရာလှူတဲ့အလှူထဲမှာပါဝင်လှူဒါန်းကြသူတွေရဲ့အလှူငွေတွေပါ ပေါင်းပြီး ကျောင်းတစ်ကျောင်းကို ငွေကျပ်တစ်သိန်း နှုန်း လှူဒါန်းတာဖြစ်ပါတယ်။

လေဆိပ်ကနေ ငါန်းဇွန်ကို လာရင်း “ သူနတ်စစ်” ဆိုတဲ့ လမ်းဘေးက ရွာကျောင်းလေးကို အရင်ဝင်ပြီး ဆရာညိုရဲ့ မျှဝေခြင်းအစီအစဉ်ကို စတင်ခဲ့ပါတယ်။ဒုတိယမြောက် ကျောင်းကတော့ ခြင်္သေ့လက်ကျေးရွာ အထက်တန်းကျောင်းဖြစ်ပါတယ်။ဒီလိုနဲ့ နောက်နေ့တွေမှာ ကျောက်တလုံး၊ငါန်းမြာကြီး ၊နတ်ကြီး၊လက်ပံကျင်း( တ)၊သားကျင် ( ကံလှ ကျေးရွာ နှင့်ရေလည်သောင်ကျေးရွာမှကျောင်းသားများပါဝင်)၊မိုးလေဝသ( ဦးထွန်းလွင်)ရဲ့ ဇာတိမြေ ဖြစ်တဲ့ ကုလရွာ အထက်တန်းကျောင်း၊ ရွှေလင်ပန်း တောရကျောင်း -ဓမ္မစကူးလ်၊ငါန်းဇွန်မြို့ သဲဖြူ ဓမ္မစကူးလ် ၊ငါန်းဇွန် အထက၊မြို့သာမြို့- မြို့ဦး ပရဟိတ စာသင်ကျောင်း၊မြို့သာ အထက ၊မင်းနေကုန်းကျေးရွာ၊ မင်းဂျိူ ကျေးရွာ၊သူနတ်စစ်ကျေးရွာ၊ခြင်္သေ့လက် အထက တစ်ရွာဝင်တစ်ရွက်ထွက်နဲ့ ကျောင်းပေါင်း(၁၅) ကျောင်း ရှိရာကို သွားရောက်ဟောပြောရင်း ကျောင်းတွေအတွက် လိုရာသုံးဖို့ ငွေကျပ်တစ်သိန်းစီကိုလည်း လှူဒါန်းခဲ့တာဖြစ်ပါတယ်။

“လူ့ဘဝရောက်လာပြီဆိုရင် စီးပွားရေးမျက်စိ နဲ့ ကိုယ်ကျင့်တရားမျက်စိ ဆိုပြီး အမြင်မျက်စိနှစ်မျိုးရှိရမယ်”ဆိုတဲ့ မြတ်စွာဘုရားရှင်ရဲ့ ဆုံးမလမ်းညွှန်ချက် အတိုင်း ဆရာညိုကလည်း ရောက်လေရာကျောင်းတိုင်းမှာ ကလေးတွေကို စီးပွားရေးမျက်စိ နဲ့ ကိုယ်ကျင့်တရားမျက်စိတွေ ရှိလာအောင်
လူမိုက်(၇)ယောက်နဲ့ လူလိမ္မာ(၇)ယောက်အကြောင်းတွေကို နှိုင်းယှဉ်ဆွေးနွေးခဲ့တယ်လို့ဆိုရမှာပါ။ လူမိုက်ဆိုတာ-
၁-သူများကို အပြစ်တင်တတ် ၊လက်ညှိုးထိုးတတ်သူတွေဖြစ်တယ်။
၂-ရည်ရွယ်ချက် ရည်မှန်းချက် မရှိသူတွေဖြစ်တယ်။
၃-အရေးကြီးတာ၊အရေးမကြီးတာကို မခွဲတတ်သူတွေဖြစ်တယ်။
၄-နဲနဲနားထောင်ပြီး များများပြောတဲ့သူတွေဖြစ်တယ်။
၅-ဘယ်သူနဲ့မှ မတည့်သော တစ်ကောင်ကြွက်တွေဖြစ်တယ်။
၆-ကိုယ်လည်းအကျိုးမရှိ၊ သူလည်း အကျိုးမရှိတဲ့ အလုပ်တွေကိုလုပ်တဲ့သူတွေဖြစ်တယ်။
၇-ကိုယ့်ကိုယ်ကို မုန်းတဲ့သူတွေဖြစ်တယ်။ စသဖြင့် လူမိုက်(၇)ယောက် အကြောင်းကို အပြန်အလှန် အမေးအဖြေ ပြုလုပ်ရင်း လူလိမ္မာ တစ်ယောက်ရဲ့ ဂုဏ်ရည်ကို ပေါ်လွင်အောင် ဖော်ကျူး ဆွေးနွေးတာဖြစ်လို့ ဆရာနဲ့ကလေးတွေနဲ့ တသားတည်းဖြစ်သွားတဲ့ ဆွေးနွေးပွဲလေးလို့တောင်ပြောလို့ ရနိုင်ပါတယ်။

ဆရာက စာအုပ်ထဲမှာ စာမျက်နှာတစ်ဝက်လောက်ကို ခွက်တစ်ခွက်ဆွဲခိုင်းတယ်။အဲဒီခွက်ထဲကို ကျောက်တုံး တွေ ထည့်ခိုင်းတယ်။ဆရာက သူဆွဲတဲ့ခွက်ထဲမှာတော့ ကျောက်တုံး(၇)တုံးဆန့်တယ်လို့ ပြောတယ်။ပြီးတော့မှ ပြည့်ပြီလားလို့မေးတယ်။ကလေးတွေက ပြည့်ပါပြီ ပြောတဲ့သူကပြောသလို မပြည့်သေးဘူးလို့ ပြောတဲ့သူကလည်းပြောကြတာပေါ့။ဒါနဲ့ ဆရာက “အဲဒါ မပြည့်သေးဘူး ကျောက်စရစ်ခဲလေးတွေ ထည့်လို့ရသေးတယ်” လို့ ပြောလိုက်ပြီး ထပ်ထည့်ခိုင်းတယ်။ပြီးတော့မှ “ ပြည့်ပြီလား”လို့ ထပ်မေးတယ်။ဒီတစ်ခါမှာတော့ ကလေးတွေနဲနဲသဘောပေါက်သွားပြီး အားလုံးက “ မပြည့်သေးပါဘူး”လို့ ဖြေကြတယ်။ “ ဘာထပ်ထည့်လို့ရသေးလဲ”လို့မေးတော့ အားလုံးက “ သဲထည့်လို့ရပါတယ်”ဆိုပြီး ပြန်ဖြေကြတယ်။ဒါနဲ့ သဲထည့်ခိုင်းပြီး “ ပြည့်ပြီလား”လို့ ထပ်မေးတယ်။ဒီတစ်ခါမှာလဲ ကလေးအားလုံးက တော်တော်သဘောပေါက်နေကြပြီမို့ အားလုံးက “ မပြည့်သေးပါဘူး”လို့ ဖြေကြတယ်။ “ ဘာထပ်ထည့်လို့ ရသေးလဲ” လို့မေးတော့ အားလုံးက “ရေထည့်လို့ရပါတယ်”ဆိုပြီး ပြန်ဖြေကြတယ်။ဒါနဲ့ရေ ကို ထပ်ထည့်ခိုင်းတယ်။ပြီးတော့မှ “ ပြည့်ပြီလား”လို့ ထပ်မေးတယ်။ အားလုံးက “ ပြည့်ပါပြီ” လို့ ပြန်ဖြေကြတယ်။နံပါတ်(၁)ဘာထည့်လဲ ၊နံပါတ်(၂)ဘာထည့်လဲ စသဖြင့် အဆင့်ဆင့်ထည့်ခဲ့တာတွေကိုပြန်ပြီး အမေးအဖြေလုပ်တယ်။ပြီးတော့မှ နောက်ထပ် ခွက်တစ်ခွက်ကို စာရွက်ထဲမှာ ထပ်ဆွဲခိုင်းပြီး ပထမဆုံး ရေကို အရင်ထည့်ခိုင်းလိုက်ပါတယ်။ပြီးတော့မှ သဲထည့်ခိုင်းတယ်။အဲဒီနောက်မှာ ကျောက်စရစ်ခဲလေးတွေကိုထည့်ခိုင်းတယ်။နောက်ဆုံးကျမှ ကျောက်တုံးကြီးတွေကို ထည့်ခိုင်းတယ်။အကုန်ထည့်ခိုင်းပြီးတော့မှ ကျောက်တုံးဘယ်နှတုံးဆန့်လဲလို့မေးတယ်။ဒီအခါမှာ စောစောက ထည့်ခဲ့တဲ့ ကျောက်တုံးကြီးတွေ အကုန်မဆန့်တော့ပဲ ကျန်နေတာကို သေချာနားလည်အောင်ပြောပြတယ်။ဘာဖြစ်လို့လဲလို့ မေးပြီး “ အရေးမကြီးတာတွေ အရင်လုပ်ရင် အရေးကြီးတာတွေ လုပ်လို့ မရတော့ဘူး” ဆိုတဲ့အကြောင်း ရေတွေ၊သဲတွေ အရင်ထည့်ခဲ့လို့ ကျောက်တုံးကြီးတွေ ကို အရင်အတိုင်းပြန်ထည့်ဖို့ မဆန့်တော့တာ ဖြစ်ကြောင်း နှိုင်းယှဉ်ပြီးရှင်းပြတယ်။အဲဒီနောက်တော့ ဘဝမှာ အရေးကြီးတာနဲ့ မကြီးတာကို ခွဲခြားလုပ်ကိုင် တတ်တဲ့ ကျောင်းသား/သူ ကောင်းများဖြစ်ကြပါစေလို့ဆုပေးတော့ “ပေးတဲ့ဆုနဲ့ပြည့်ပါစေ” ဆိုပြီး ကလေးတွေမှာ ပျော်နေတာပဲ။

ယုံနဲ့လိပ် ပုံပြင်ကို ကြားဖူးကြလားလို့ ကလေးတွေကိုမေးပြီး တစ်ခေါက်မက ပြိုင်စေပါတယ်။အဲဒီကျတော့ ယုံကနိုင်လိုက် ၊လိပ်က နိုင်လိုက်နဲ့ သူတလှည့်ကိုယ်တလှည့်လိုဖြစ်နေတယ်။ဒီတော့မှ ဒါဆိုရင် နှစ်ဦးလုံး သူနိုင်ကိုယ်နိုင် ဖြစ်စေတဲ့နည်းလေးမရှိဘူးလားလို့မေးရင်း နောက်ဆုံးမှာ ကုန်းပေါ်ခရီးကို ယုန်ရဲ့ကြောပေါ်မှာလိပ်ကိုတင်သွားပြီး ရေလမ်းကိုဖြတ်တဲ့အခါမှာ လိပ်ရဲ့ကြောပေါ်မှာ ယုံကိုတင်သွားခြင်းအားဖြင့် နှစ်ဦးနှစ်ဖက် အဆင်ပြေပြီး လိုရာပန်းတိုင်ကို အတူတူရောက်စေတဲ့နည်းကို ကလေးတွေနဲ့အတူ အဖြေရှာလို့တွေ့ခဲ့ကြပါတယ်။ ကလေးတွေ အနေနဲ့ ကိုယ်နိုင်သူရှုံး ၊သူနိုင် ကိုယ်ရှုံး ဆိုတဲ့ စိတ်ဓာတ်အစား သူနိုင်ကိုယ်နိုင်ဆိုတဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိစေတဲ့ ဘဝနေနည်း ပုံစံသစ်ကို သူတို့ကိုယ်တိုင် ရှာဖွေတွေ့ရှိသွားသလို ခံစားနားလည် စေခဲ့တာလို့ ပြောရမယ်ထင်ပါတယ်။

ကလေးတွေနဲ့အမေးအဖြေလုပ်ရင်း ကမ္ဘာပေါ်မှာ ပညာအရှိဆုံးပုဂ္ဂိုလ်ကိုပြောပါဆိုတော့ အမျိုးမျိုးပြောကြတာပေါ့။ဒါနဲ့ လူတိုင်းရှိခိုးတယ်လေလို့ လမ်းကြောင်းပေးတော့မှ “ ဘုရား” ဆိုပြီးပြောကြတယ်။ဘုရားကို ပညာရှိလို့ ကိုးကွယ်တာလား။ပိုက်ဆံရှိလို့ကိုးကွယ်တာလားလို့မေးလိုက်တယ်ဆိုရင်ပဲ ကလေးအားလုံးသဘောပေါက်သွားပြီး ပညာရှိလို့ ကိုးကွယ်တာပါလို့ တညီတညွတ်တည်းဖြေကြတယ်။ “ အဲတော့ မင်းတို့အနေနဲ့ ပိုက်ဆံရှိတဲ့လူ ဖြစ်ချင်သလား ၊ ပညာရှိတဲ့လူ ဖြစ်ချင်သလား” ဆိုပြီး မေးတော့မှ “ပညာရှိတဲ့လူ ဖြစ်ချင်ပါတယ်” လို့ တညီတညွတ်တည်းပြန်ဖြေကြတယ်။

ဆရာကိုယ်တိုင်သည်ပင် ပညာရဲ့ ဂုဏ်ကျေးဇူးကြောင့် ပိုက်ဆံမရှိပေမယ့် နိုင်ငံခြားခရီးစဉ်ပေါင်းများစွာကို အခေါက်ခေါက် အခါခါ သွားလာခဲ့ကြောင်း ပြောပြီး မင်းတို့ရော လေယာဉ်မစီးချင်ဖူးလားလို့မေးတော့
“ မစီးချင်ပါဘူးခင်ဗျ” လို့ ပြန်ဖြေကြလို့ တော်တော်အံ့သြသွားရတယ်။ဒါနဲ့ ဆရာက ဘာဖြစ်လို့ လေယာဉ်မစီးချင်တာလဲလို့မေးတော့ “လေယာဉ်ပျံက ဘုရားတွေ ၊ ဘုန်းကြီးကျောင်းတွေပေါ်ကဖြတ်ပြီး ပျံတဲ့အခါ ငရဲကြီးမှာစိုးလို့ပါ” လို့ပြန်ဖြေကြ တယ်လေ။ “ မင်းတို့ရွာနားမှာ မြို့သာစက်မှုဇုန်ကြီးဖြစ်လာပြီ၊အဲဒီ မှာမင်းတို့ဘာအလုပ်တွေ လုပ်မယ်စိတ်ကူးလဲ” လို့မေးတော့ “ စာရေးလုပ်မှာပါ” လို့ပြန်ဖြေကြတယ်။ အဲဒီလိုပြန်ဖြေတဲ့ ရွာတစ်ရွာကလွဲရင် တော်တော်များများသော ရွာကျောင်းတွေရဲ့ ကလေးအားလုံးဟာ ၂၁ ရာစု နည်းပညာခေတ်ရဲ့ ကလေးများပီပီ မြို့စရိုက် ၊တောစရိုက်ရယ်လို့ သိပ်ကြီးကွဲပြားကွာဟတာမျိုး မတွေ့ရ။ တစ်ယောက်ချင်း ထပြီးပြောရဲဆိုရဲရှိတာမျိုး နဲ့ ဉာဏ်ရည်ထက်မြက်မှု အပိုင်း တွေလောက်သာ အနည်းငယ်ကွာဟမှုရှိတာကိုတွေ့ရတယ်။တစ်ချို့များဆိုရင် ဝန်ကြီးလုပ် ချင်တဲ့သူ၊ဆရာဝန်ဖြစ်ချင်တဲ့သူနဲ့၊အင်ဂျင်နီယာဖြစ်ချင်တဲ့သူ၊နိုင်ငံတော် အတိုင်ပင်ခံရုံးမှာလုပ်ချင်တဲ့သူ ရယ်လို့ တောင်တွေ့ရတယ်။ဘာပဲပြောပြောဆရာ့ရဲ့ဆွေးနွေး ဟောကြားချက်တွေကြောင့် သူတို့လေးတွေရဲ့ရင်ထဲမှာ ငါဘာဖြစ်ချင်တယ် ဆိုတဲ့ ရည်မှန်းချက်လေးတွေကိုယ်စီရှိလာကြပြီး အရေးကြီးတာနဲ့မကြီးတာကို ကောင်းကောင်းခွဲခြားတတ်သော၊နဲနဲပြောပြီး များများနားထောင်တတ်သော၊သူတပါးကိုအပြစ်မတင်လက်ညှိုးမထိုးပဲ ကိုယ့်တိုးတက်မှုကို ကိုယ်တိုင်တာဝန်ယူကြိုးစားအားထုတ်တတ်သော၊လူအများနဲ့ပေါင်းသင်းဆက်ဆံရေးပြေပြစ်သော၊ကိုယ်လည်းအကျိုးရှိ သူတပါးလည်းအကျိုးရှိတာတွေကိုသာ လုပ်တတ်သော၊မိမိကိုယ်ကို ချစ်တယ်ဆိုတာဘယ်လိုဟာဖြစ်တယ်လို့ခွဲခွဲခြားခြားသိပြီး ကိုယ့်ကိုယ်ကို ချစ်တတ်သွားသော သားကောင်းရတနာ၊သမီးကောင်းရတနာလေးများအဖြစ် အဖိုးတန်သည့်အသွင်ပြောင်းကျောက်လေးများသဖွယ် အမှတ်ထင်ထင်ကျန်ရစ်မှာသေချာ နေတာမို့ အောင်မြင်တဲ့ မျှဝေခြင်းအစီအစဉ်တစ်ခုလို့ပဲ ဆိုချင်ပါတော့တယ်။
သန်းထွန်းဦး ( ငါန်းဇွန် )

Share on facebook
Share on google
Share on twitter
Share on linkedin
Vector-New-Logo

Login with Social Media and SMS

or