မန္တလေးတက္ကသိုလ် ကျောင်းသား/သူ ဟောင်းများတွေ့ဆုံပွဲမှာ ရောက်လာကြသူ တော်တော် များများက အခုလို ပွဲ ဖြစ်မြောက်အောင်စီစဉ်ပေးကြသူတွေကို ကျေးဇူးတင်လို့ မဆုံးအောင်ဖြစ်ခဲ့ကြတယ်။ အတိတ်ကို တူးဆွပြီး ပြန်လည်ပျိုမြစ်ခွင့်ရဖို့ဆိုတာကလဲ လွယ်တာမှမဟုတ်တာ။အခုကြည့် ငယ်ဘဝတွေကို ပုံဖော်ပြီး ပျော်မဆုံးမော်မဆုံး တပြုံးပြုံးနဲ့လေ။
ပြောချင်တာက အညာဒေသတစ်ခုရဲ့ ရင်ခွင်ထဲက ငါန်းဇွန်ဆိုတဲ့မြို့လေးမှာကျင်းပတဲ့ မြတ်ဆရာ ပူဇော်ပွဲအကြောင်းပါ။ကျောင်းသား/ကျောင်းသူဟောင်းတွေ့ဆုံပွဲ မဟုတ်ပေမယ့် မြတ်ဆရာပူဇော်ပွဲကို အမှီပြုပြီး တစ်နှစ်တစ်ခါ မိတ်ဟောင်းဆွေဟောင်းတွေ ဆုံဖြစ်ကြတယ်။ တစ်ကြိမ်နဲ့တစ်ကြိမ် တူသလို လို ရှိပေမယ့် မတူတာက လာကြတဲ့ကန်တော့်ခံ ဆရာကြီး/ဆရာမကြီးတွေ၊ ကျောင်းသား/ကျောင်းသူ ဟောင်းကြီး တွေပါပဲ။ ဒီနှစ်လာနိုင်ပေမယ့် နောက်နှစ်မလာနိုင်တာမျိုး။ဆုံးပါးသွားလို့မလာနိုင်တော့တာမျိုး စသဖြင့် နှစ်စဉ်ပြောင်းလဲလို့နေတယ်။ဒါပေမယ့် စည်ကားမြဲ စည်ကားနေပြီး ပြုံးပျော်နေကြတဲ့ ပုံရိပ် တွေကြောင့် ပွဲဖြစ်မြောက် အောင် ဝိုင်းဝန်းလုပ်ဆောင်ကြရသူတွေအနေနဲ့ ပီတိ ဖြစ်စရာပါ။
အခုခေတ်ကအရင်ခေတ်ကထက်စာရင် မြန်မာနိုင်ငံတနံတလျားမှာ မြတ်ဆရာပူဇော်ပွဲတွေ ခြိမ့်ခြိမ့် သဲသဲ အလုပ်ဆုံးခေတ်လို့ပြောရင်တောင်ရမယ်ထင်ပါတယ်။အဲဒီလိုခေတ်ထဲမှာမှ (၁၆)ကြိမ်မြောက် ကျင်းပ တာဖြစ်တဲ့ ငါန်းဇွန်အထကရဲ့ မြတ်ဆရာပူဇော်ပွဲကို အဝေးထိန်းစနစ်နဲ့ ပွဲစီစဉ်သူတစ်ဦးအဖြစ် ပါဝင် ခဲ့တယ်။လူငယ်တွေကို အလေ့အကျင့်ရပြီး စွမ်းဆောင်ရည်မြင့်မားစေချင်တာရယ် လက်လွှဲ ချင်တာ ရယ် ကြောင့် သူတို့ လိုအပ်မယ့် နေရာလေးတွေလောက်ပဲ အထောက်အကူပေးပြီး လုပ်ဆောင်စေခဲ့တဲ့ သဘောပါ။အခုလို စည်ကားသိုက်မြိုက်တဲ့ မြတ်ဆရာပူဇော်ပွဲကြီးဖြစ်ပေါ်လာအောင် စတင်ခဲ့ရတဲ့ အချိန်တုန်းကတော့ အခက်အခဲပေါင်းများစွာနဲ့ပေါ့။
အလှူငွေရရှိရေးက စပြီး အစည်းအဝေးတွေလုပ်ကြ ၊ ရပ်ထဲရွာထဲမှာ ခြေတိုအောင်လျှောက်ပြီး အလှူခံကြ ၊ လှူချင်လာအေင်ပြောကြဟောကြနဲ့ပေါ့။နီးစပ်ရာရွာတွေကိုလဲ ကိုယ့်စားရိတ်နဲ့ကိုယ်အကုန်ခံပြီး အဖွဲ့လိုက်အလှူခံထွက်ကြရတာ မောတယ်လို့တောင်မအောက်မေ့ခဲ့ကြ။ရန်ကုန်၊မန္တလး၊စစ်ကိုင်း၊မြင်းမူ တို့မှာရှိတဲ့ကျောင်းသားဟောင်းတွေနဲ့လဲ ချိတ်ဆက်ပြီး အလှူခံဖြတ်ပိုင်းစာအုပ်တွေပို့ပေး ရတာပေါ့။ ပူဇော်ပွဲ ရောက်ရင်ရော ဘယ်လိုဧည့်ခံကြမတုန်းဆိုတာကအစ တော်တော်လေးစိတ်သောကများခဲ့ကြရတယ်။ အရင်တုန်းက ဆိုရင် အခမ်းအနားအတွက် ကော်ဇောလိုက်ငှားရတာကိုက သိပ်မလွယ်လှ။အခုတော့လဲ အဆင်သင့်အရန်သင့်။အခမ်းအနားပြင်ဖို့၊မုခ်ဦးဗီနိုင်းထောင်ဖို့ဆိုရင်လဲ တမနက်ခင်းလောက်နဲ့တင် ထောင့်စေ့နေ ပါပြီ။
မြတ်ဆရာပူဇော်ပွဲကိုလာကြတဲ့ကန်တော့်ခံ ဆရာကြီး/ဆရာမကြီးတွေ ကျောင်းသားဟောင်းကြီးတွေ ကို ကျောင်းက ဆရာဆရာမလေးတွေက လစဉ်ငွေစုပြီး ကျွေးမွေးဧည့်ခံတဲ့ အစီအစဉ်ကို နှစ်တိုင်းဆွဲထား လိုက် တာကြောင့်လဲ ကျွေးမွေးဧည့်ခံရေးမှာ တော်တော်စိတ်အေးခဲ့ကြရပြန်ပါတယ်။ဒီပွဲ ဖြစ်မြောက်ဖို့ တာဝန်ယူကြသူတွေကလဲ အရေအတွက်မများလှပေမယ့်ကိုယ့်တာဝန် ကိုယ်ကျေပွန်ကြလေတော့ ပွဲကြီး တစ်ပွဲကို လွယ်လွယ်လေးနဲ့ဖြစ်အောင်လုပ်နိုင်နေသလိုတောင် ဖြစ်လာတယ်။တစ တစ နဲ့ အသားကျ လာတော့လဲ ခင်းပြီးသားလမ်းလေးပေါ်မှာ ကားကောင်းကောင်းလေးစီးပြီး သွားရသလောက်ကို အဆင်ချော လာခဲ့တယ်။
ဒါပေမယ့် ဘယ်လောက်ကောင်းတဲ့လမ်းပဲဖြစ်ဖြစ် တနေရာရာမှာတော့ အကွေ့တွေ အကောက် တွေဆိုတာ ရှိမြဲပဲလေ။အခုလဲ တဖြည်းဖြည်းနဲ့ ကြုံလာတာက ကျောင်းသားဟောင်းကြီးတွေက သူတို့ ဆရာကြီး/ဆရာမကြီးတွေကိုပဲ သီးသန့် ကန်တော့်ချင်လာတာမျိုး။ကျောင်းသားငယ်တွေကလဲ သူတို့ အုပ်စုနဲ့ သူတို့ ဆရာတွေကိုပဲ ကန်တော့်ချင်လာတာမျိုး၊ မိတ်ဆုံစားပွဲတောင်မှ သူ့ အုပ်စုနဲ့သူ ဆိုတာ မျိုးတွေ ကြုံလာရတယ်။အလှူခံရာမှာလဲ ကျောင်းသားကြီးတွေ အဖွဲ့ကို အလှူငွေထည့်ပြီးသွားလို့ ပင်မ ဖြစ်တဲ့ မြတ်ဆရာပူဇော်ပွဲ အတွက် နဲနဲပဲလှူနိုင်တော့တာမျိုးတို့ ၊ လုံးဝမလှူနိုင်တော့တာမျိုးတို့ အစုံ တွေ့လာရပြန်တယ်။မြတ်ဆရာပူဇော်ပွဲကို အခြေခံပြီးတော့ ဆိုင်ရာနှစ်အလိုက်အဖွဲ့လေးတွေဖွဲ့ပြီး ကိုယ့် အဖွဲ့နဲ့ ကိုယ် ကထိန်ခင်းကြတာမျိုး၊ ဘုရားဖူးထွက်ကြတာမျိုး။စသဖြင့် အသစ်အသစ်တွေ ထပ်မံကြုံလာ ရပြန်တယ်။ရေးပြလို့ မကုန်နိုင်တဲ့ အကြောင်းအရာမျိုးစုံတွေ တိုးချဲ့ဖြစ်ပေါ်လာနေတယ်။ဒီတော့ ပင်မ ဖြစ်တဲ့ မြတ်ဆရာပူဇော်ပွဲကြီး အတွက် ကျတော့ အရှိန်နဲ့မို့သာ ဟန်မပျက် ဘူးထင်ရပေမယ့် ရေရှည် တည်တံ့ နိုင်ဖို့ အစဉ်အလာကောင်းတစ်ရပ်ဖြစ်နေဖို့အရေးဟာ မရေမရာဖြစ်လို့လာနေတယ်။
ကိုယ့်မြို့မှာ ဒီလိုတွေဖြစ်နေသလိုပဲ အခြားမြို့အခြားကျောင်းတွေမှာလဲ အခြေအနေတွေက ခပ်ဆင်ဆင် ဖြစ်ကောင်းဖြစ်ကောင်းဖြစ်နေကြမှာပါ။တကယ်တမ်းကျတော့ အဝေးရောက် ကျောင်းသား ဟောင်း တွေကလဲ မြတ်ဆရာပူဇော်ပွဲကို တစ်နှစ်တစ်ခါရောက်အောင်လာနိုင်ဖို့ နည်းမျိုးစုံနဲ့ အားခဲပြီး ကြိုးစားကြသလို ဒေသခံ ကျောင်းသားဟောင်းတွေကလဲ ပွဲဖြစ်မြောက်ဖို့ ကိုယ်ထိလက်ရောက် ဝိုင်းဝန်း ပံ့ပိုးကြရတာဆိုတော့ ကိုယ့်အလုပ်တွေကို ပစ်ပြီး ကိုယ့်စားရိတ်ကိုယ်စား ၊ ၊ကိုယ့်လဘက်ရည် ကိုယ် သောက်ပြီး မွန်မွန်မြတ်မြတ်လုပ်ကြရတာပါ။
နောက်တစ်ခုက အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်တဲ့သူတွေရှိသလို မလှူနိုင်တဲ့သူတွေကလဲ အများအပြား။ ဒါကိုပဲ ဘယ်သူကတော့ မလှူဘူး။ဘယ်သူကတော့ ဘာမှမလုပ်ဘူးနဲ့အပြစ်တင် နေလို့ မဖြစ်။သူတို့လဲ သူတို့ ဘဝတွေနဲ့သူတို့ ရုန်းကန်နေကြရရှာပါလားလို့ မြင်ပေးရမယ့်သဘောပါ။အားနဲသူကို ဖေးကူနိုင်ရင်ကူဖို့ရှိတာပဲလေ။တကယ်ဆို ဆရာကန်တော့ပွဲကို မလာချင်တဲ့ ကျောင်းသားဟောင်းရယ်လို့ ရှိမည်မထင်။ မြင်ကွင်း တစ်ခုကို ရှုထောင့်စုံကနေ ကြည့်နိုင်မှသာ အမှန်နဲ့နီးမည်ထင်၏။
ကံအားလျော်စွာပဲ မြတ်ဆရာပူဇော်ပွဲ အထိမ်းအမှတ်အဖြစ်နဲ့ စာပေဟောပြောပွဲကျင်းပတော့ စာရေးဆရာ ဆူးငှက်က “ ညီညွတ်ခြင်းတရား ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပါတယ်။ ခေတ်ရဲ့ ခမည်းလိုနေတာကလဲ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး ပဲလေ။ကျွန်တော်တို့ အတွက်ကလဲ လက်တွေ့ကြုံနေရတဲ့ မြတ်ဆရာပူဇော်ပွဲ အရှည်တည်တံ့ရေးအတွက် ညီညွတ်ရေး အခက်အခဲ ဆိုတော့ အံကျဖြစ်သွားတာပေါ့။သူပြောတဲ့ထဲမှာ အဓိကကျဆုံကတော့ အပရိဟာနိယတရား(၇)ပါးပါပဲ။
(၁) အမြဲမပြတ်စည်းဝေးတိုင်ပင်ခြင်း၊(၂) အလုပ်ကို ညီညီညာညာလုပ်ခြင်း၊(၃) မြင်သာခိုင်မာသည့် ဥပဒေရှိခြင်း၊(၄) ကြီးသူကို ရိုသေလေးစားခြင်း၊(၅) အမျိုးသမီးများကို မစော်ကားခြင်း၊(၆) ရိုးရာကိုးကွယ်ပသမှုကို မစော်ကားခြင်း၊(၇) ပညာရှင်၊ သူတောင်ကောင်းများကို ဖိတ်ခေါ်ခြင်းနှင့်၊ နိုင်ငံတွင်းရှိပညာရှင်နှင့် သူတော်ကောင်းများကို ပျော်ရွှင်အောင် ထားခြင်း၊၊ ဆိုတာ တွေပဲ ဖြစ်ပါတယ်။ဒီအချက်တွေ လစ်ဟင်းခဲ့ရင် ကိုယ်တွေ လိုချင်နေတဲ့ ညီညွတ်ခြင်းတရားတွေ လက်လွတ် ဆုံးပါးပြီး ဘယ်လိုအဖွဲ့အစည်းမှ ရေရှည် မတည်တန့်နိုင်မည်မဟုတ်။
စာရေးဆရာညီပုလေးကလဲ တပည့်ညီပုလေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပြန်ပါတယ်။ သူဆိုလိုတာကတော့ နေရာတကာမှာ သူတပည့်ခံခဲ့တဲ့အကြောင်း နောက်ဆုံး နွားခိုးတစ်ယောက် ဆီမှာတောင်တပည့်ခံတဲ့အကြောင်းတွေကို ပြောရင်း ပေါင်းသင်းဆက်ဆံရေး၊ပညာရှာရေးတွေမှာ မာန်မာန မထားကြဖို့အရေး လှလှပပ ချယ်မှုန်းပြောဆိုသွားပါတယ်။ကျွန်တော်တို့ မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေး အဖွဲ့တွေအနေနဲ့လဲ တပည့်ညီပုလေး ကဲ့သို့ မာန်မာတွေမထားပဲ ငါသိငါတတ်တွေဘေးချိတ်ပြီး လုပ်ဆောင်ကြဖို့လိုမယ်ထင်ရဲ့။
ဆရာဦးခင်မောင်ညို(ဘောဂဗေဒ)ကတော့အကြီးကြီးဖြစ်အောင်လုပ်ရတာ ခက်တယ်။ သေးသေး လေး တွေ ဟိုတစ်ခု ဒီတစ်ခု ဖြစ်အောင်လုပ်ရတာက ဘာမှ မခက်ဘူး၊အဲဒါကြောင့် အကြီးကြီးကို ကြီးသည်ထက်ကြီးအောင်လုပ်ကြဖို့လိုရင်းတိုရှင်း ပြောပါတယ်။ဟုတ်လဲဟုတ်ပါရဲ့ ကျောင်းသားကြီး တွေ ကလဲသူ့အစုနဲ့သူ၊ကျောင်းသားငယ်တွေကလဲ သူ့အစုနဲ့သူ၊နှစ်အလိုက် အစုအဖွဲ့တွေကလဲ ဟိုတစ်ဖွဲ့ ဒီတစ်ဖွဲ့ ဖြစ်နေကြပြီလေ။
လက်ရှိလုပ်နေသူတွေကလဲ လူငယ်တွေကိုနေရာပေးပြီး ဘေးကနေ ဖေးမကြ။ ဆက်လက် တာဝန် ယူကြ သူတွေကလဲ အရင်လုပ်ခဲ့တဲ့သူတွေကို စွန့်ပယ် ခြင်းမျိုးမဟုတ်ပဲ ကိုယ့်ရှေ့က တာဝန်ယူသွားကြ သူတွေ ဆီက လိုအပ်တဲ့ အကြံဉာဏ်တွေ အတွေ့အကြုံတွေကို နည်းယူ။မတူကွဲပြားနေတဲ့ အစုအဖွဲ့ လေးတွေ အားလုံး ကလဲ ပင်မကြီးဖြစ်တဲ့ မြတ်ဆရာပူဇော်ပွဲကြီးကို မြက်ခြေမပြတ်စေပဲ အင်အား တွေ ပူးပေါင်း။ ဒါဆိုရင် ကိုယ့် အဖွဲ့လိုက်ေးလးတွေလဲမပျက် ၊ ပင်မပွဲကြီးလဲ ရေရှည်တည်တံ့၊ ပိုပြီးတော့ လဲကြီးမားကျယ်ပြန့်၊ ညီညွတ်ခြင်း၊ငြိမ်းချမ်းခြင်း၊ပျော်ရွှင်ခြင်းများနဲ့ပေါ့။
သန်းထွန်းဦး ( ငါန်းဇွန် )