fbpx

ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းနေတယ်လို ထင်ပါသလား?

ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းနေတယ်လို ထင်ပါသလား?

မည်သူမှ မွေးကတည်းက ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်မပါ ကြပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ဆိုတာ မိမိကိုယ်တိုင် တည်ဆောက် ရယူဖို့လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းတဲ့အခါ မိမိကိုယ်ကို သိမ်ငယ်တာမျိုး၊ ကိုယ်လုပ်လိုက်ရင် မှားများ မှားသွားမလားဆိုတဲ့ တွေဝေဒွိဟ စိတ်တွေကိုလည်း တိုးပွားစေပါတယ်။ အရာရာဟာ “တန်ဆေး၊ လွန်ဘေး” ဆိုတဲ့အတိုင်း မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲနေလျှင်လည်း မကောင်းပေ။ ဒီဆောင်းပါးလေးမှာတော့ မိမိကိုယ်ကို ယုံကြည်မှု အားနည်းနေသူတွေအတွက် ဘယ်လို တိုးတက်အောင် ဆောင်ရွက်နိုင်သလဲဆိုတာလေးတွေကို တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

၁။ ကိုယ့်ကိုယ်ကို ပုံဖော်ကြည့်ပါ

ကျွန်တော်တို့အများစုဟာ သူများတွေကိုယ့်ကို ဘယ်လိုမြင်မလဲဆိုတာပဲ စိတ်ဝင်စားတတ်ကြပါတယ်။ ဒီနေရာမှာတော့ ကိုယ့်ကိုယ်ကို ဘယ်လိုမြင်လဲ ပြန်ပုံဖော်ကြည့်ပါ။ ဉပမာအနေနဲ့ – ကိုယ့်ကိုယ်ကို ကောင်းတယ်လို့ မြင်လား? ဆိုးတယ်လို့မြင်လား? တော်တယ်လို့ မြင်လား? ညံ့တယ်လို့ မြင်လား? ဒီလိုမြင်အောင်ကြည့်တတ်လာရင် ကိုယ့်ရဲ့ အားနည်းချက်ကိုသိလာပါလိမ့်မယ်။ ကိုယ့်ရဲ့ အားနည်းချက်ကို ရှာဖွေတဲ့နေရာမှာ လုံးဝမညှာပါနဲ့။ ရဲရဲဝံ့ဝံ့ရှာဖွေပါ။ ဒါမှ အဲ့ဒီအားနည်းချက် ပြင်ဆင်နိုင်မှာပါ။ ကိုယ့်ကိုယ်မှ ယုံကြည်မှုမရှိရင် တခြားသူတွေ ဆီက ယုံကြည်ရဖို့ဆိုတာ ခဲရင်းပါတယ်။ ဒါကြောင့်် ကိုယ့်ကိုယ်ကို အပြန်ပြန် အလှန်လှန်သုံးသပ်ပြီး ပြင်ဆင်ပါ။

၂။ သတ္တိရှိအောင် မွေးမြူပါ

ကိုယ့်ကိုယ် ယုံကြည်မှုတိုးတက်လာစေဖို့ နောက်ထပ်အကောင်းဆုံးနည်းကတော့ သတ္တိရှိအောင် မွေးမြူခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ကို တွန့်ဆုတ်စေတဲ့အရာတွေကို ရဲရင့်စွာ ရင်ဆိုင်ကြည့်ပါ။ ဉပမာ အနေနဲ့ အလုပ်မှာ ကိုယ့်အနေနဲ့ ခွင့်ယူဖို့ ခက်နေတယ်ဆိုပါစို့။ အလုပ်ရှင်ကိုမပြောရသေးပဲ ကိုယ့်ကိုယ်ကို တွေးမိနေတာက “အင်း အလုပ်တွေကလည်းများတယ်။ ငါ့ကို ခွင့်မပေးလောက်ဘူးထင်ပါတယ်”။ ဒါမျိုးတွေ တွေးကောင်းတွေးမိပါလိမ့်မယ်။ ဒီတော့ ကိုယ်က ကြိုးစားတောင် မကြည့်ရသေးဘူး အလျော့ပေးနေသလို ဖြစ်နေပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းစေတဲ့ အချက်ထဲက တစ်ချက်အပါအဝင်ပဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ တွန့်ဆုတ်မနေပဲ ပြောသင့်တာကို ပြောပါ။​  လုပ်သင့်တာကို ရဲရဲကြီး လုပ်လိုက်ပါ။

၃။ မိမိကိုယ်ကို မေးခွန်းတွေပြန်မေးပါ

ဒီအချက်ဟာလည်း ကျွန်တော်တို့တွေအတွက် အရေးပါတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။ ပြဿနာတွေကို ဖြေရှင်းတဲ့ နေရာမှာလည်း အရမ်းကိုအသုံးဝင်ပါတယ်။ မိမိပြဿနာတွေရဲ့ အဖြေဟာ မိမိကိုယ်ထဲမှာပဲရှိပါတယ်။ ဉပမာအနေနဲ့ ကိုယ့်က အလုပ်တစ်ခုကို လုပ်တဲ့အခါမှာ အဆင်မပြေဘူးဆိုပါစို့! ဘာကြောင့်အဆင်မပြေတာလဲ? ငွေကြေး မလုံလောက်လို့လား? အချိန်မလောက်ငှလို့လား? ဒါမှမဟုတ် နည်းပညာလိုအပ်ချက်တွေ ရှိနေလို့လား? ဒီလိုမေးခွန်းလေးတွေ ပြန်မေးပြီးတော့ အဖြေရှာကြည့်ပါ။ သေချာေပါက် ကိုယ့်ပြဿနာရဲ့ အဖြေကို ရှာဖွေတွေ့ရှိပါလိမ့်မယ်။ ပြီးတော့ ငါလုပ်နိုင်ပါလားဆိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ တိုးတက်လာပါလိမ့်မယ်။

၄။ တခြားသူတွေကို ကူညီပေးပါ

ကိုယ့်ရဲ့အားနည်းချက်တွေကိုပဲ အာရုံစိုက်နေမယ့်အစား ကိုယ်တက်စွမ်းသလောက် အင်အားနဲ့ တခြားသူတွေကို အကူညီပေးခြင်းဟာလည်း တစ်နည်းတစ်ဖုံ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးတက်စေပါတယ်။

၅။ ကိုယ့်ကိုယ်လည်း ဂရုစိုက်ပေးပါ

ကိုယ့်ကိုယ်ကိုယုံကြည်မှု တိုးတက်စေတဲ့အချက်ထဲမှာ ဒီအချက်ကိုလည်း ချန်ခဲ့လို့မရပါဘူး။ တကိုယ်ရည်သန့်ရှင်းမှု၊ ကျန်းမာ သန်စွမ်းမှုတွေနဲ့ ဝတ်စားဆင်ယင်မှုတွေ အပေါ်မှာမူတည်ပြီးတော့လည်း ကိုယ့်ကိုယ်ကိုယုံကြည်မှု တိုးပွားစေပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိရင် အလိုလျောက် ကိုယ့်ကိုယ်ကို မလုံမလဲ ခံစားရတတ်သလို ကျန်းမာ သန်စွမ်းမှု အားနည်းနေလျှင်လည်း “ငါမလုပ်နိုင်လောက်ပါဘူး”ဆိုတဲ့ သိမ်ငယ်မှုတွေ ဖြစ်ပေါ်စေပါတယ်။ “လူမှာ အဝတ်၊ တောင်းမှာ အကွပ်” ဆိုတဲ့အတိုင်းပဲ ဝတ်စားဆင်ယင်မှု တောက်ပြောင်ခြင်းမရှိလျှင်လည်း သူတို့က ငါ့ထက်သာတယ်ဆိုပြီး အားငယ်တတ်ပြန်ပါတယ်။ အဝတ်အစားတောက်တောက် ပြောင်ပြောင်ဝတ်ဆင်ရမယ်ဆိုတာဟာ စျေးကြီး အဝတ်အစားတွေ ဝယ်ဝတ်ခိုင်းတာ မဟုတ်ပါဘူး။​ မိမိရှိတာကို သင့်လျောလျောက်ပတ်အောင် ဝတ်ဆင်တတ်ခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီလို ကိုယ့်ကိုယ်လည်း ဂရုစိုက်ပေးခြင်းကြောင့် လူရော၊ စိတ်ပါ လန်းဆန်းစေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း တိုးပွားစေမှာပဲ ဖြစ်ပါတယ်။

အထက်ပါအချက်လေးတွေကို ဖြည်းဖြည်းချင်း ပြုစုပျိုးထောင်သွားမယ်ဆိုရင် ကိုယ့်ကိုယ် ယုံကြည်မှုလေးတွေလည်း တစ်ဆတစ်ဆ တိုးတက်လာမယ်လို့ ယုံကြည်ပါတယ်။ အရမ်းခက်ခဲတဲ့အချက်တွေ မပါဝင်တာမို့ လက်တွေ့ စမ်းသက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေခင်ဗျာ။

*အထက်ဖော်ပြပါ ဆောင်းပါတွင်ပါဝင်သော အချက်များသည် မိမိကိုယ်တိုင် သုံးစွဲပြီး တွေ့ရှိထားသော အတွေ့အကြုံများကို ပြန်လည်မျှဝေခြင်း ဖြစ်သဖြင့် သဘောထား ကွဲလွဲမှုများရှိနိုင်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။

Myat Min Lu
Founder of VECTOR Online Learning Platform
http://vector.com.mm

Facebook: @myatminlu
Twitter: @myatminlu
Instagram: @myatminlu
Medium: @myatminlu


Vector-New-Logo

Login with Social Media and SMS

or