fbpx

သောက်သုံးရေ ဆိုသည်မှာ

Water Physical-03

“သန့်ရှင်းသော သောက်သုံးရေ ဆိုသည်မှာ အရောင်အဆင်း အနံ့အရသာမရှိ”ဟု

ရေနဲ့ပတ်သက်ပြီး ငယ်ငယ်တုန်းက သင်ခဲ့ရ သိခဲ့ရဘူးသည်။ နောက်တစ်မျိုး မှတ်မိနေတာလေးက ရေစေး ရေသွက် အကြောင်း ၊ ဒြပ်ပေါင်းတွေမှာ ပါဝင်တဲ့ အဖိုအိုင်ယွန်း၊အမအိုင်းယွန်းတွေအကြောင်း၊ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ် အိုင်းယွန်းတွေ ပါဝင်နေမှု အနဲအများပေါ်မူတည်ပြီး ရေစေး၊ ရေသွက်လို့ ကွဲပြားသွာတာဖြစ်ကြောင်း စသဖြင့်ပေါ့လေ။ထိုစဉ်တုန်းကတော့ ဒီ အကြောင်းအရာတွေဆိုတာ ဘဝအတွက် လောကအတွက် ဘယ်လောက်လေးနက်ပြီး ဘယ်လောက် အသုံးကျတယ်ဆိုတာထက် စာမေးပွဲအောင်ဖို့လောက်သာ အဓိကလို့ထင်နေခဲ့တာပေါ့။

ဦးပုညရဲ့ ရေသည်ပြဇာတ်ကို တက္ကသိုလ်မှာသင်ခဲ့ရတုန်းကလည်း ရေသည် ဆိုတာ မရှိဆင်းရဲသားအလုပ်လို့ပဲ ခပ်ပေါ့ပေါ့ထင်ထားခဲ့ပြန်တယ်။ဟုတ်တယ်လေ ကိုယ်တိုင်တောင်မှပဲ ဖခင်ဖြစ်သူနဲ့အတူ ရေစည်လှည်း(နွားလှည်း)မောင်းပြီး ရေလိုက်ရောင်းခဲ့ဘူးသေးတာကိုး။တက္ကသိုလ်တက်ရလို့ မန္တလေးကိုရောက်ပြန်တော့ လူကဆွဲတဲ့ရေစည်လှည်းသမားတွေကို တွေ့ရပြန်တယ်။ထိုစဉ်က ကျုံးရေကို ရေစည်လှည်းနဲ့ ဆွဲရောင်းတာလေ။ဦးလေးဖြစ်သူက “ပန်းဝါ”ကဖေးဆိုပြီး မလွန်နိပါးတန်းမှာလဘက်ရည်ဆိုင်ဖွင့်ထားတာဆိုတော့ လဘက်ရည်ဖျော်ရာမှာသုံးဖို့ ကျုံးရေက အကောင်းဆုံးလို့ပြောသံကြားခဲ့ဘူးသည်။လဘက်ရည်အရောင်လှပြီး အရသာကောင်းသတဲ့လေ။အခုခေတ်လို ရေပေးဝေရေးတွေကလည်း မပေါ်သေးတဲ့ ကာလတစ်ခုပေါ့။

“သောက်ရေသန့်” ဆိုပြီး ဖြစ်လာတဲ့ အခုခေတ်မှာတော့

ရေသည်ဆိုတာ ဆင်းရဲသားအလုပ်လို့ ပြောလို့ မရပြန်တော့ဘူး။ဘာလို့လဲဆိုရင် ရေသန့်စက် သမားရဲ့ အရင်းအနှီးက သေးသေးလေးမှမဟုတ်တာ။ဘာပဲ ပြောပြော တိုးတက်ပြောင်းလဲလာတဲ့ ကမ္ဘာကြီးနဲ့အတူ မဖြစ်မနေပူးတွဲပတ်သက်လာခဲ့ရတဲ့ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု ဒဏ်ချက်တွေ ဖိစီးလာနေတာကြောင့်လို့ပဲပြောရမလား၊၊ကျန်းမာရေးအသိပညာတွေတိုးလာတာကြောင့်လို့ပဲပြောရမလား၊သူ့ခေတ်သူ့အခါအရ လမ်းဘေးရေအိုးစင်တွေပျောက်ကွယ်လုလုဖြစ်လာပြီး ရေသန့်စက်ရုံတွေကတော့ နိုင်ငံနဲ့အဝှမ်းမှာ ဟောတစ်ရုံ ဟောတစ်ရုံ ဆိုသလို ပေါ်ပေါက်လာနေတာအမှန်။ဟုတ်တော့လည်းဟုတ်သည် ရေဓာတ် ၇၀% လောက်နဲ့ဖွဲ့စည်းတည်ရှိနေတဲ့ ကျွန်တော်တို့ခန္ဓာကိုယ်အတွက် သန့်ရှင်းသောသောက်သုံးရေဆိုတာ အသက်တမျှ အရေးကြီးတဲ့အရာပဲလေ။ဟောဒီကမ္ဘာမြေကြီးရဲ့ ၇၀% ကလည်းရေတွေနဲ့ပါပဲလို့ပြောနိုင်ပေမယ့် အများစုက သမုဒ္ဒရာတွေထဲက ဆားငန်ရေတွေသာဖြစ်ပြီး ကျန်တဲ့ရေချိုဆိုတာကလည်း ရေခဲတောင်တွေ၊ရေခဲမြစ်တွေနဲ့ ဝန်ရိုးစွန်းရှိရေခဲပြင်တွေ ဖြစ်နေကြပြန် တယ်။တကယ်သောက်သုံးလို့ရတဲ့ရေချိုရေသန့်ဆိုတာကျတော့ မြစ်တွေ၊ကန်တွေနဲ့ မြေအောက်ရေကြောတစ်ချို့သာလျှင်ဖြစ်ပြီး ရေအားလုံးရဲ့ ၁%လောက်ပဲရှိတယ်လို့ဆိုပါတယ်။အဲဒီလို သဘာဝအရင်းအမြစ်တွေ ပိုတိုးမလာပေမယ့် ကမ္ဘာ့လူဦးရေပေါက်ကွဲမှု အရှိန်အဟုန်တွေနဲ့အတူ လိုအပ်ချက်ဆိုတာတွေကသာ များသည်ထက်များလာနေတယ်။ ဒီတော့လည်း သောက်ရေသန့်ဆိုတာ ခေတ်ရဲ့ တောင်းဆိုမှုတစ်ခုလို့တောင် ပြောလို့ရနိုင်မယ်ထင်ရဲ့။အဲဒီလို ခေတ်ရေစီးကြောင်းနဲ့ အတူ တောမြို့လေးတစ်မြို့ဖြစ်တဲ့ ကျွန်တော်တို့ ငါန်းဇွန်မှာလဲ ရေသန့်စက်လေးတည်ရရင်ကောင်းမယ်ဆိုပြီး အကြံပြုကြသူတွေများလာတာကြောင့် မြို့နယ်သမဝါယမ အသင်းကနေ ရေသန့်စက်တည်ဖို့ ဖြစ်လာခဲ့ပြန်တယ်။

Water Physical-03
ပြောချင်တာက ရေသန့်စက် အကြောင်းမဟုတ်ပါဘူး “ရေ”အကြောင်းပါ။ ရေသန့်စက် အတွက် အဓိကကုန်ကြမ်းဖြစ်တဲ့ရေ ကို ပထမဆုံး ဓာတ်ခွဲစမ်းသပ်ဖို့အတွက် ပုဂ္ဂလိက ဓာတ်ခွဲခန်းရော၊ ဌာနဆိုင်ရာဓာတ်ခွဲခန်းရော အစုံပို့ပြီး ရေကြမ်းကို စစ်ဆေးကြရပါတယ်။အဲဒီတော့မှ ကိုယ်သိထားတဲ့ အကြမ်းဖျင်းအသိက တော်တော်လွဲနေတာကို ပထမဆုံးသိလိုက်ရတယ်။ ဓာတ်ခွဲခန်းတိုင်းက ဘာပြောတုန်းဆိုရင် “ခင်ဗျားတို့ရေက တော်တော်ဆိုးတာပဲ ၊ဒီရေနဲ့သာ ရေသန့်ထုတ်ရရင် စက်တွေ မြန်မြန်ပျက်နိုင်တယ်” တဲ့။ ရေစစ်ဆေးချက်စာရွက် မှာပါတဲ့ PH ကို လှမ်းကြည့်ပြန်တော့လည်း PH-7.6 ဆိုတော့ WHO Standard အရ (6.5-8.5) အတွင်းဝင်နေပြန်တယ်။ဘာတွေက ဆိုးနေတာတုန်းလို့ မခံချင်စိတ်နဲ့သူတို့ကိုမေးကြည့်တော့ ကယ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် တွေတဲ့လေ။အဲဒီတော့မှ ရေစေး၊ရေသွက်အကြောင်းသင်ခဲ့ရတာလေးတွေပြန်သတိရမိတယ်။ ပြီးတော့TDS ( Total Dissolved Solid ) ကလည်း တအားများတယ်တဲ့။အဲဒါကဘာကို ပြောတာတုန်းဆိုတော့ ဓာတ်ဆားပျော်ဝင်မှုပေါင်း(အနည်မှုန်)လို့ပြောပြန်တယ်။ ရေကို H2O လောက် နဲ့ လမ်းဆုံးနေပြီး PH တန်ဘိုးလောက်သာ အဓိကလို့ တယူသန်မှတ်ယူထားတဲ့ကိုယ့်အသိတရားလေးတွေကိုမနည်း ပြန်နှိုးယူရတယ်။ PH ဆိုတာ ဟိုက်ဒြိုဂျင်အိုင်ယွန်းပါဝင်မှု အနဲအများကိုတိုင်းတာဖြစ်ပြီး အဲဒီလိုတိုင်းတဲ့အခါ 0 မှ 14 အထိ သတ်မှတ်ထားပြီး အလယ်တည့်တည့်ဖြစ်တဲ့ PH 7 ကတော့ Neutral လို့သတ်မှတ်ပြီး အက်ဆစ်ရဲ့ဂုဏ်သတ္တိရော အယ်လကာလီရဲ့ ဂုဏ်သတ္တိပါ မရှိတဲ့ဆုံမှတ်တစ်ခုပါ။ ဒါကြောင့် PH 7 ထက်နဲခဲ့မယ် PH 6.9 ကနေ PH 0 အတွင်း ဆိုရင် ဟိုက်ဒြိုဂျင်အိုင်ယွန်းပါဝင်မှုများနေတာဖြစ်ပြီး အက်ဆစ်သဘာ၀ ဖြစ်သွားပါတယ်။အဲဒီလိုပဲ PH 7.1 ကနေ PH 14 အထိ ကို အယ်ကာလီ လို့ သတ်မှတ်တာဖြစ်ပါတယ်။
တကယ့်တကယ် ကျတော့ PH ဆိုတာ ရေနဲ့ပတ်သက်ပြီး အချက်အလက်လေးတစ်ခုလောက်ပဲရှိပါသေးတယ်။ကျန်တဲ့ အချက်အလက်တွေက တစ်ပုံတစ်ပင်ကြီးကျန်သေးတယ်လေ။အဲဒီအချက်အလက်တွေအရ ရေကို (၁)ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ခြင်း၊(၂)ဓာတုဆိုင်ရာ သန့်စင်ခြင်း၊(၃)အဏုဇီဝဆိုင်ရာ ပြုပြင်ခြင်း ဆိုပြီး သောက်ရေသန့်ဖြစ်အောင် အဆင့်ဆင့် သန့်စင်ရမှာဖြစ်ပါတယ်။

မထင်မှတ်ပဲ T4 Link ကဖွင့်တဲ့ Basic Water Treatment Short Course ရေသန့်ပညာဒါန သင်တန်းလေးကို တက်ခွင့်ရခဲ့ပြန်ပါတယ်။သင်တန်းကာလ က (၂)ရက်တာ ဆိုပေမယ့်
(1) Drinking Water Quality Standards

(2) Coagulation, Flocculation, and Clarification

(3) Coarse Media Filtration, Waste and Disinfection

(4) General Knowledge of purified drinking water factory(5) Safety and Hygiene of Bottled Drinking Water Production ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ သိသင့်သိထိုက်တဲ့ အခြေခံအချက်တွေ တော်တော်လေးသိနားလည်ခွင့်ရခဲ့ပါတယ်။ အထူးသဖြင့်သောက်ရေသန့်ဆိုတာရဲ့အကြောင်းကို ကောင်းကောင်းကြီးသိခဲ့ရတယ်လို့ ဆိုရမှာပါ။
တကယ်တော့ ဒီနေ့ မြန်မာနိုင်ငံမှာ ထုတ်လုပ်ရောင်းချနေကြတဲ့ သောက်ရေသန့်ဆိုတာ ရေမှာ သဘာဝအလျှောက်ပါဝင်နေတဲ့သတ္တု ဓာတ် ( Mineral ) အားလုံးကို ဘာတစ်ခုမှ မပါဝင်တော့အောင် ထုတ်လုပ်ထားတာပါ။ ကျွန်တော်တို့တတွေ လူအများစုသိနေကြတာကလည်း ရေဆိုရင် PH 7 မှ ကောင်းတယ်ပေါ့။အဲလောက်လေးပဲ အဟုတ်ထင်နေခဲ့တာလေ။

FAME ဆေးဝါးထုတ်လုပ်ရေးက ဒေါက်တာခင်မောင်လွင်က

“ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးမှာ အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက်ကလွဲလို့ သွေးလှည့်အဖွဲ့အစည်းနဲ့ထိတွေ့နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးရဲ့ PH ဟာ 7.39 ဖြစ်လို့ အယ်ကာလီဘက်ကို အနည်းငယ်ရောက်ပါတယ်။ အဲဒါကြောင့် သာမန်လူကောင်းတစ်ယောက်အနေနဲ့သောက်သင့်တာက Alkalime Mineral Water ဖြစ်ပါတယ်။PH 7.2 ကနေ PH 7.6 အတွင်းမှာရှိတဲ့ရေကို နေ့စဉ်သောက်ရင် ပါဝင်တဲ့သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေ ဖြည့်တင်းပေးရာရောက်တဲ့အပြင် ခန္ဓာကိုယ်အတွင်းမှာ အက်ဆစ်ဓာတ်တွေများလာရင်လည်း ချက်ချင်းချေဖျက်နိုင်စွမ်းရှိလို့ အက်ဆစ်တွေရဲ့ တိုက်ခိုက်ဖျက်ဆီးမှုကနေ ကင်းဝေးစေမှာဖြစ်ပါတယ်။” လို့ ကမ္ဘာကျော်ရေသန့်တံဆိပ်တွေကို နမူနာပေးပြီး အခိုင်အမာပြောထားတာ ဖတ်ရဘူးတယ်။

တကယ်လည်း ကမ္ဘာနဲ့ အဝှမ်းမှာ ရောင်းချနေကြတဲ့သောက်ရေဆိုတာတွေ မှာ

(1) Well water,

(2)Spring water,

(3)Glacier water,

(4)Purified water,

(5)Mineral water,

(6)Demineralized water/ Deionized water,

(7) Holy water စသဖြင့် အမျိုးမျိုးရှိကြတာပါပဲ။

အက်ဆစ် သဘာဝ (သို့) အယ်ကာလီ သဘာဝ ရှိတဲ့ ရေကို သောက်ခြင်းဟာ ကျန်းမာရေးအတွက် ဆိုးဆိုးဝါးဝါးထိခိုက်လောက်အောင်တော့မဖြစ်ပါဘူး။ဘာလို့လဲဆိုရင် ကျွန်တော်တို့ နေ့စဉ် နဲ့အမျှ စားသောက်နေကြတဲ့အစားအစာနဲ့ အဖျော်ယမကာတွေကို ကြည့်မယ်ဆိုရင် အချိုရည်ဆိုတာတွေ၊ လိမ္မော်သီး၊သံပုရာသီး တွေ ဆိုတာ အက်ဆစ်သဘာဝဖက်ကို တော်တော်ရောက်နေတဲ့ အစားအစာတွေဖြစ်ပါတယ်။

PH 2 နဲ့ PH 4 ကြားမှာ ရှိမယ်ထင်ပါတယ်။ နောက်တစ်ခုက ဥ အမျိုးမျိုးတို့ ၊ နို့နဲ့နို့ထွက်ပစ္စည်းတို့ ၊ ဟင်းသီးဟင်းရွက်တို့ ၊ပြောင်းဖူး တို့ ၊သီဟိုစေ့တို့ ဆိုရင် အယ်ကာလီဘက် ကိုသက်ရောက်နေတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ဒေါက်တာ ခင်မောင်လွင်ပြောသလို လိုက်နာနိုင်ရင်တော့ ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်မှာပေါ့လေ။အဓိက ကတော့ ဘယ်လိုရေပဲဖြစ်ဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ သောက်သုံးနိုင်တဲ့အဆင့် သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ရေ (Potable water) ဖြစ်ဖို့တော့လိုပါတယ်။

သောက်ရေသန့် အကြောင်းကိုလေ့လာရင်း မထင်မှတ်ပဲ စိုက်ပျိုးရေအကြောင်းကို တွေးမိသွားလို့ တောင်သူအချို့နဲ့စကားလက်ဆုံဖွဲ့ဖြစ်ခဲ့သလို သူတို့သုံးစွဲနေတဲ့ရေတွေကိုလည်း စရိတ်အကုန်ခံပြီး ဓာတ်ခွဲစမ်းသပ်ကြည့်မိပြန်တယ်။အဲဒီတော့မှ ဒီတွင်းကရေတွေကိုသာ နာနာဆက်သုံးနေမယ်ဆိုရင် သီးနှံတွေဖြစ်ထွန်းဖို့အသာထားအုံး မြေတောင်ပျက်စီးသွားနိုင်တာပါလားလို့ အလန့်တကြားသိလိုက်ရတယ်။တောင်သူတွေကိုပြောပြတော့ ဒီအကြောင်းကို ကိုယ့်ထက်တောင်သိနေတဲ့ပုံပါပဲ။ဒါပေမယ့် ဒီကိစ္စကို ဖြေရှင်းဖို့ ထက် ဘယ်လိုမြေသြဇာကိုသုံးရင် ပိုကောင်းမလဲဆိုတာလောက်ပဲ သူတို့စိတ်ဝင်စားနေကြ ပြန်တယ်။နိုင်ငံတော်အနေနဲ့လည်း စိုက်ပျိုးရေ အခက်အခဲရှိသောဒေသများအတွက် မြေအောက်ရေရရှိရေးကို ဦးတည်ပြီး သိန်းပေါင်းများစွာ အကုန်ကျခံလျှက် ရေတွင်းများကို နှစ်စဉ်တူးဖော်ပေးခဲ့တာအမှန်။ဒါပေမယ့်လည်း ထိုထိုသော တွင်းရေများသည်လည်း စိုက်ပျိုးရေအတွက် သတ်မှတ်အရည်အသွေးစံနှုန်းမမှီတာအသေအချာ။ မရှိသုံးတစ်ခါတစ်ရံသုံးလောက်ပဲကောင်းလေတော့ စီးပွားဖြစ်အားထားနိုင်ဖို့ဝေးနေသေးသည်သာ။ သူတို့အတွက် စိတ်မကောင်းယုံကလွဲပြီး ကိုယ်လည်း လောလောဆည်ဘာမှမတတ်နိုင်။နောင်ကျရင်တော့ မြန်မာနိုင်ငံအလယ်ပိုင်း က မိုးခေါင်ရေရှားရပ်ဝန်းဒေသအတွက် စိုက်ပျိုးရေသန့် ထုတ်လုပ်နည်းဆိုပြီး ဈေးပေါပေါနဲ့ လွယ်ကူသက်သာတဲ့နည်းစနစ်လေးတွေ ပေါ်ပေါက်လာနိုင်ကောင်းပါရဲ့လို့ပဲ မျှော်တွေးနေမိပါတော့တယ်။

သန်းထွန်းဦး ( ငါန်းဇွန် )

www.vector.com.mm

Vector-New-Logo

Login with Social Media and SMS

or