ကျွန်တော်တို့ ငါန်းဇွန်မြို့လေးဟာ မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနဲရေရှား ရပ်ဝန်းဒေသထဲမှာပါ။
အဲဒါကြောင့် မိုးနဲတာကတော့ ပြောစရာတောင်မလိုတော့ပါဘူး။ဧရာဝတီ မြစ်ကမ်းနံဘေးက မြို့လေးမို့လို့ ရေတော့မရှားဘူးလို့ ထင်မယ်ဆိုရင် ထင်လောက်စရာပါ။ ဒါပေမယ့် သဲသောင်တွေဖြစ်ထွန်းပေါ်ပေါက်လာပြီး မြစ်နဲ့တော်တော်ဝေးသွားခဲ့တာ နှစ်ပေါင်းကြာခဲ့ပါပြီ။မြစ်ရေတိုးတဲ့ အချိန်ကလွဲရင် သဲသောင်ပြင် နဲ့လက်ယက်တွင်း လေးတွေကိုပဲ အဖော်လုပ်နေရတဲ့မြို့လေးတစ်မြို့ ဖြစ်နေခဲ့တာပါ။ငါန်းဇွန် အထက ရဲ့ ရွှေရတုသဘင် ပွဲ တုန်းက ဆရာညို လာတော့ ကျွန်တော်နဲ့ မင်းမော်ဝင်း က ခြေလျှင်တလှည့် ကုန်းကြောင်း တစ်လှည့်လိုက်ပို့ကြရင်း ၊ဆရာညိုကတောင် လက်ယက်တွင်းလေးတွေ သဲသောင်ပြင်ကြီးတွေ နဲ့ အမှတ်တရ ဓာတ်ပုံရိုက်သွားပါသေးတယ်။
မိုးရေကို မှီခိုဖို့ကလည်း မိုးကနဲ။ဧရာဝတီမြစ်ကလည်း သောင်တွေခံပြီးရေသွားခပ်ဖို့မလွယ် ။အဲဒါကြောင့် ရေစည်ထောလာဂျီတွေက ငါန်းဇွန်နဲ့ ငါးမိုင်လောက်ဝေးတဲ့ ကျောက်တလုံးဆိပ်ကမ်းကို ရေသွားသယ်ကြရတယ်။ မြေအောက်ရေချိုကို ရအောင်တူးပြီး မြို့ကို ရေပေးဝေနိုင်ဖို့အတွက် စည်ပင်သာယာအဖွဲ့ကတော့ စီမံချက်တွေ ရေးပြီးအထက်ကိုတင်ထားတယ်လို့ပြောပါတယ်။ဘယ်တော့များမှ ရမယ်တော့မသိပါဘူး။ ရေခက်ခဲတယ် ဆိုပေမယ့် သောက်ရေပဲမလွယ်တာပါ။သုံးရေကတော့ပေါပါတယ်။မြေအောက် ပေ ၄၅ လောက် တူးရင် ရေထွက်ပါတယ်။ ရေငန်ပေါ့။
ဒီနှစ်ထဲမှာ ဦးမြကြီး(စံပြစက်မှုလုပ်ငန်း)က ပေ ၇၀၀ အထိ နက်တဲ့ စက်ရေတွင်း တစ်တွင်းကို သူတို့ စက်ရုံဝင်းထဲမှာ တူးဖော်အောင်မြင်ခဲ့ပါတယ်။ အဲဒီရေ ကို မန ္တလေးမြို့ က မလွန်ရေတွန်းစက်ရုံ ဓာတ်ခွဲခန်းကို ပို့ပြီး ရေအရည်အသွေးစစ်ဆေး တဲ့အခါ သောက်သုံးရန်သင့်တော်ကောင်းမွန်တဲ့ရေလို့ဆိုပါတယ်။ ဒါကြောင့် လည်း ဦးမြကြီးက သူ့ကားပေါ်ရေစည်တွေ တင်ပြီး သူတို့ရေတွင်းကရေကို တတ်နိုင်သလောက် လှည့်လည် လှူဒါန်းပါတယ်။ငါန်းဇွန် အထက ကိုလည်း ပုံမှန်မပြတ်တမ်းပေးပို့လှူဒါန်းပါတယ်။
အဲဒီသတင်းကို ရန်ကုန်မှာရှိတဲ့ ကျောင်းသားဟောင်းတွေကကြား ပြီး ရေတွင်းတူးရင် ဘယ်လောက် ကုန်မလဲလို့ စုံစမ်းလာပါတယ်။ပြီးတော့ ရန်ကုန်မှာရှိတဲ့ ငါန်းဇွန်အသင်းမှာ ဒီအကြောင်းကို ဆွေနွေးဖြစ်ကြတယ်လို့ဆိုတယ်။ ကျွန်တော်တို့ ကတော့ရန်ကုန်ကအဖွဲ့တွေက ငါတို့အထကကျောင်းအတွက် စက်ရေတွင်း တူးဖို့လှူတော့မှာ ဆိုပြီးမျှော်လင့်နေကြတာပေါ့။ငါန်းဇွန်ကအဖွဲ့တွေကလည်း စုပေါင်းစပ်ပေါင်းနဲ့ ငါးသိန်းလောက်တော့ ပါနိုင်မှာပါလို့လဲ ပြောထားကြသေးတယ်။
ဒီလိုနဲ့ ၂၀၁၁-၁၂ စာသင်နှစ်မှာ ဘောဂဗေဒ ဂုဏ်ထူးနဲ့အောင်တဲ့ကျောင်းသားတွေကို ဆရာညိုကဆုချဖို့ငါန်းဇွန်ကို ရောက်လာပါတယ်။အဲဒီကျတော့ “ဆရာ ကျွန်တော်တို့ကျောင်းကို စက်ရေတွင် းတူးဖို့ ဆရာတို့ ရန်ကုန်အသင်းက လှူကြမှာဆို” လို့မေးတော့ “ ငါန်းဇွန်အသင်းမှာ ဒီအကြောင်းကို ပြောဖြစ်ကြတယ်ကွ ဒါဆို ငါက တစ်သိန်းလှူမယ် လို့ စပြောလိုက်ပေမယ့် ဘယ်သူကတော့ ဘယ်လောက်လှူမယ် ရယ်လို့ တစ်ယောက်မှ မပြောကြဘူးကွ” လို့ ဆရာကပြန်ဖြေပါတယ်။ဆရာ့ဆီက စကားကိုကြားရတော့ ကျွန်တော်တို့ ကျောင်းရဲ့ စက်ရေတွင်းက အိပ်မက်ပမာဖြစ်နေရော။ဒါနဲ့ ဆရာက “ငါလှူမယ့်တစ်သိန်းကို အခုတစ်ခါတည်းပေးခဲ့မယ် ” ဆိုပြီး ပြောပြောဆိုဆို ငွေထုတ်လှူပါ တယ်။အဲဒီနောက်တော့ နေပြည်တော်မှာရှိတဲ့ သူငယ်ချင်းမျိုးမင်းသောင်း (ဗိုလ်မှူး-ငြိမ်း) ဆီကို ချက်ချင်းဖုန်းဆက်ပြီးရန်ကုန်မှာရှိတဲ့ ငါန်းဇွန်အသင်းက အဖွဲ့တွေရဲ့ အနေအထားကို မေးပါတယ်။ အဲဒီလိုမေးတော့လဲ သိပ်ရေရာပီပြင်မှုမရှိသေးတာကြောင့် “ဒီလိုဆိုရင် ရေတွင်းအတွက် လှူချင်တဲ့သူတွေဆီကို မင်းကပဲ သွားပြီး လှုံ့ဆော် လိုက်တော့ကွာ ”လို့ နှိုးဆော်လိုက်ပါတယ်။ ခဏကြာတော့ ဆရာညိုနဲ့အတူလိုက်လာတဲ့ဆရာ့ညီမ ဒေါ်ခင်နှင်းဝေက “ အစ် ကိုကြီး ကျွန်မတို့က ၁၅ သိန်းလှူမယ်လေ” လို့ဆရာ့ကိုပြောတော့ ဆရာကလဲသဘောကျ ကျွန်တော်တို့လဲ ဝမ်းသာကြရပါတယ်။
ငါန်းဇွန်အထက ရဲ့ စက်ရေတွင်းဟာ ဆရာတို့ မောင်နှမ နှစ်ယောက်ကြောင့် တခဏချင်းအတွင်း ပီပြင်သွားတော့ ဆရာက ရေတွင်းဖြစ်မြောက်ရေးကို အမြန်ဆုံး လုပ်ကြဖို့ ကျွန်တော်တို့ကို တာဝန်ပေး ပါတော့တယ်။ အဲဒါကြောင့် ကျွန်တော်ရယ် ကိုမြင့်ဇော်၊ကိုမင်းမော်ဝင်း၊ကိုကျော်စိုးနိုင် ၊ကိုဌေးနိုင်၊ကိုခင်ဇော်ဦး တို့ အဖွဲလည်း ခေါင်ချင်းဆိုင်ပြီး တိုင်ပင်လိုက်ကြ၊ တစ်ယောက် တစ်ကွဲ သွားလာလှုပ်ရှားရင်း ၊အချင်းချင်း ဖုန်းထဲကနေ ဆွေးနွေးလိုက်ကြ၊နဲ့ ရေတွင်းတူးဖော်ရေးအစီအစဉ်ဟာပီပြင်အောင်မြင်ခဲ့ပါတယ်။အဆင်ပြေချင်တော့ နေပြည်တော်က သူငယ်ချင်း မျိုးမင်းသောင်းကလည်း ငါန်းဇွန်ကို အလည်ပြန်လာတာနဲ့ ကျွန်တော်တို့ အားလုံးညှိနှိုင်းတိုင်ပင်ပြီး လုပ်ငန်းကို အမြန်ဆုံးစတင်ဖြစ်ခဲ့ပါတယ်။
ဒီလိုနဲ့ ရေတွင်းကို 14-9-2012 ( သောကြာ )နေ့ မနက်ပိုင်းက စပြီး တူးခဲ့တာ ၁၉-၉-၂၀၁၂ (ဗုဒ္ဓဟူး)နေ့ ညနေပိုင်းမှာ ရေချိုကြောကို တွေ့ရှိ အောင်မြင်ခဲ့ပါတယ် အဲဒီလို တူးဖော်ရာမှာ မြေအောက်ပေ ၅၁၀ လောက် ရောက်တော့ ၅ပေ ထု ရှိတဲ့ ကျောက်သားကို ၂ ရက်ကျော်ကျော် ဖောက်ခဲ့ရပါတယ်။ရေကြောကတော့ ပေ ၁၂၀ ကျော် ပါ။၊ ပေ ၇၀၀ အထိ တူးဖော်ခဲ့ပေမယ့် ရေကြောရဲ့အောက်မှာ မြေစီးတွေ တွေ့လို့ အဲဒီ မြေစီးတွေကို အောက်ခံထားပြီး ၊ ၅ ပေထု ကျောက်သားရဲ့ အောက်မှာတွေ့ ရတဲ့ ရေကြောကိုအရ ဖမ်းလိုက်လို့ ရေတွင်းကို ပေ ၆၅၀ အထိပဲ ပိုက်တွေကို ချခဲ့ကြပါတယ်။
မန္တလေးက ကျောင်းသားဟောင်းတွေရဲ့ အလှူငွေတွေကို ရေတွင်းအတွက် 13.5 PV ပိုက်တွေ ဝယ် ပြီးသူငယ်ချင်း ခင်မြတ်မြတ်မိုး က တာဝန်ယူ ပို့ပေးပါတယ်။ပိုငွေကိုတော့ ရေတွင်းပြီးတဲ့အခါ ရေစင် တည်ဆောက်ဖို့နဲ့ ပိုက်လိုင်းသွယ်တန်းဖို့ ပေါ့။ရေမော်တာ ကို ဦးမြကြီး(စံပြစက်မှုလုပ်ငန်း) က လှူဒါန်း ထားပြီးဖြစ်ပါတယ်။
အခုတူးဖော်ရရှိလာတဲ့ရေထဲမှာ ဟိုက်ဒြိုဂျင်နှစ်ဆ ၊အောက်ဆီဂျင် တစ်ဆ အပြင် အထူးခြားဆုံး ပါဝင်တာကတော့ ဆရာညိုတို့မောင်နှမနှစ်ယောက်ရယ်၊ဦးမြကြီး(စံပြစက်မှုလုပ်ငန်း)ရယ်၊ ၊ ကျောင်းသား/ ကျောင်းသူဟောင်းတွေရယ်၊ဆရာ/ဆရာမ တွေရယ် အားလုံးရဲ့ မေတ္တာဓာတ်တွေပဲဖြစ်ပါတော့တယ်။ အဲဒါကြောင့်လဲ ဧရာဝတီမြစ်ကမ်းနံဘေးမှာ နေရင်း ရေငတ်နေရတဲ့ ငါန်းဇွန် အထက ကျောင်းတော်သူ ကျောင်းတော်သား တွေအတွက် သန့်ရှင်းကောင်းမွန်တဲ့ သောက်ရေချိုတွေ ပေါများလို့ လာခဲ့ပါပြီ။
သန်းထွန်းဦး ( ငါန်းဇွန် )