fbpx

ကာရန်မဲ့ကဗျာတစ်ပုဒ်၏အတ္ထုပ္ပတ္တိအပိုင်းအစများ

                                                   

မင်း- ဒီအိတ်လေးကို ကြိုက်လား” ဆရာညိုက ကျွန်တော့်ကို လက်ဆွဲအိတ်ကလေးပြပြီး မေးလိုက်သည်။ကျွန်တော်က အိတ်ကလေးကို ကြည့်သာကြည့်နေပြီး ဘာမှ ပြန်မပြော သဖြင့် ဆရာ့ညီမ ဖြစ်သူ ဒေါ်ခင်နှင်းေ၀ က “ပေးမှာဖြင့်ပေးလိုက်တာမဟုတ်ဘူးမေးနေသေးတယ်” ဟု ကြားဝင်ပြောတော့မှ ဆရာက ရော့ ဆိုပြီး လက်ဆွဲအိတ်နှင့်အတူ ပုဆိုးတစ်ထည်ပါထည့်ပေးလိုက်သေးသည်။ ကျွန်တော်ကလည်း ဆရာပေးရင် ဘာတစ်ခုမှ ငြင်းလေ့မရှိ ယူနေကြ။တစ်ခုတော့ ရှိသည် ဆရာ နိုင်ငံခြားကို ရောက်နေတုန်း မင်းဘာလိုချင်တုန်း လို့ လှမ်းမေးရင် ဖြစ်စေ ရန်ကုန်ကနေ ငါန်းဇွန်ကို လာတော့မယ့်အချိန်မျိုးမှာ ငါဘာယူခဲ့ရအုံးမလဲ ဘာလိုလဲ လို့ မေးရင် ဖြစ်စေ ကျွန်တော့်ဖက်က ဘယ်တော့မှ တောင်းဆိုလေ့မရှိ။ နားပူလေ့မရှိ။ သူပေးသင့်ပေးထိုက်သောသူတွေအတွက်လည်း အချိန်မရတဲ့အခါဆိုရင် ကျွန်တော့်ကိုပဲ ပေးခဲ့ပြီး ငါပြန်သွားမှ မင်းပဲသွားပေးလိုက်တော့ ဆိုပြီးထားခဲ့တတ်သည်။ဆရာညိုသည် သူတတ်မြောက် ကျွမ်းကျင်သော ပညာဉာဏ်တွေမှလွှဲပြီးပစ္စည်းဥစ္စာအားဖြင့် ချမ်းသာတဲ့သူမဟုတ်သော်လည်း ဘာပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်တဲ့ အခြေ အနေအတွင်း အတိုင်းအတာ အတွင်းမှာ ပေးဖို့ ကမ်းဖို့ အဆင် သင့် ဖြစ်နေသူ တစ်ဦးလို့ ဆိုရမည်ထင်သည်။

                                    
ယခုလည်း သူ၏မွေးရပ်ဇာတိမြေဖြစ်သော ငါန်းဇွန် အထက မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသော ဂုဏ်ထူးရှင် ကျောင်းသား/ကျောင်းသူတွေအတွက် ဆုချီးမြှင့်ဖို့ ရန်ကုန်မှ ရောက်လာခြင်းဖြစ်သည်။ဆရာက မနေ့ကတည်းက မန္တလေးကို ရောက်နှင့်နေပြီး ရတနာပုံတက္ကသိုလ် နှင့် မန္တလေးတက္ကသိုလ်တွေမှာ ဟောပြောပွဲတွေလုပ်၊စာတွေသင်နဲ့ ပျော်နေပုံရပါသည်။ဒီနေ့တော့ ရန်ကုန်က ရောက်လာမည့်ဆရာ့သမီးကိုကြိုဖို့တံတားဦးလေဆိပ်မှာဆရာနဲ့ချိန်းထားသည့်အတိုင်းဆုံမိကြသည်။လေဆိပ်တွင် တာဝန်ကျသော ငါန်းဇွန်သူ ညီမငယ် သီတာထွေးနှင့်တွေ့သဖြင့် လေဆိပ်အတွင်းပိုင်းထိ ဝင်ကြိုလို့ ရအောင် သူကစီစဉ်ပေး သဖြင့် ကြိုရတာပိုပြီး အဆင်ပြေသွားပြန်သည်။ဆရာ့သမီးရောက်လာတော့ အတူတူပျော်ပျော်ပါးပါးဓာတ်ပုံရိုက်ပြီး ငါန်းဇွန်ကိုထွက်ခဲ့ကြသည်။ ဆရာ့ကို တံတားဦးလေဆိပ်အထိ လိုက်ပို့ပေးကြသော ဆရာ့ညီမ မိသားစုကတော့ ရုံးလုပ်ငန်းတွေ မအားလို့ ငါန်းဇွန် အထိမလိုက် နိုင်ပဲ မန္တလေးကိုပြန်ကြသည်။
လမ်းတစ်လျှောက်တွင် ဆရာနှင့်အတူ ထွေရာလေးပါးစကားပြောဆိုရင်း MyanU Online University တွင်ဆရာပြောခဲ့သော “ဘယ်ဘာသာရပ်ကိုရွေးချယ်ကြမလဲ” ဆိုတာနဲ့ပတ်သက်ပြီးဆရာနဲ့ စကား ပြောဖြစ်ကြသည်။ “ဆရာပြောခဲ့တာ အမှန်တရားစစ်စစ်တွေပါဆရာ။ဒါပေမယ့် အဲဒါကို ကျောင်းသား မိဘတွေကရော၊ ကျောင်းသားတွေကရော အများစုကတော့ သိပ်ကြိုက်မယ်မထင်ဘူး ၊ နားလည်း မထောင်လောက်ဘူးဆရာ” ဟု ကိုယ့်ဆရာကိုယ် အားမနာတမ်းဝေဖန်ရေးလုပ်ပြစ်လိုက်သည်။ ဆရာက “ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက်ကွာ” တဲ့။ကိုယ့်မှာ အသာလေးခေါင်းပုပြီးငြိမ်နေလိုက်ရသည်။ ကိုယ်ကတော့ ကိုယ့်ဆရာကို အားလုံးက သဘောကျ နေတာကိုမြင်ချင်တွေ့ချင်သူလေ၊အဲဒါကြောင့်လည်း အရဲစွန့်ပြီးဝေဖန်ပြစ်လိုက်တာပါ။ဟုတ် တော့လည်း ဟုတ်ပါသည် ဆရာက အဲဒီလိုလူစားပါ။ အစိုးရကြိုက်အောင်ဆိုပြီးလဲ ဘယ်တော့မှ မတွေးခဲ့မပြောခဲ့သလို ပြည်သူကြိုက်အောင်ဆိုပြီးတော့လည်း ဘယ်တော့မှ မရေးခဲ့ မပြောခဲ့သူ။ ပညာအပေါ်တွင် အခြေခံထားသောအမှန်တရားကိုသာဆုပ်ကိုင် ရပ်တည်သူ။ အမှန်တရားနဲ့သွေဖည်လာခဲ့ရင် ၊အစိမ်းအကျက်မရွေး တည့်ဆော်တတ်သူလည်းဖြစ်သည်။ အဲဒီအတွက်ကြောင့်လည်း သူ့ကို ပေါင်းရသင်းရခက်သူတစ်ဦးလို့ထင်ချင်လည်းထင်စရာပေါ့။ဒါပေမယ့်လည်း ရိုးသားပွင့်လင်းပြီး ဖြူစင်သော သူ့စိတ်နှလုံးကြောင့် လူချစ်လူခင်တော့ တော်တော်ပေါတဲ့သူပါ။
ဆရာ့တန်ဘိုးကိုသိကြတဲ့ အမေရိကန်၊တရုတ်၊ဂျပန်၊ယိုးဒယား၊မလေးရှား၊ကိုရီးယား၊အိန္ဒိယ၊စသဖြင့် နိုင်ငံပေါင်းများစွာက ငွေကုန်ကြေးကျခံပြီး တရိုတသေနဲ့ ဖိတ်ကြား ကြသလို ပြည်တွင်းမှာဆိုရင်လည်း ဘယ်သွားသွားဘယ်လာလာ အခွင့်ထူးခံလူတန်းစားတစ်ရပ်လို့ထင်ရလောက်အောင် အရေးထားခံရသူပါ။ ဒါပေမယ့်လည်း ကျွန်တော်တို့ ငါန်းဇွန်ကို သူလာမယ်ဆိုရင်တော့ ကိုယ့်စားရိတ်ကိုယ်စားပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ်လာနိုင်ရင်လာပေတော့ပဲ။အဲဒီလိုဖြစ်နေတာကိုသိကြတော့မှ “စံပြ-စက်မှုလုပ်ငန်း”က ဦးအောင်နဲ့ မမနှင်းတို့ “ဆုပြည့်-နေကြာ”မှ ကိုဌေးနိုင်နဲ့မမြင့်မြင့်ခိုင် တို့ ၊ “သော်တာ-ဆေးနှင့်စတိုး”မှ ကိုခင်ဇော်ဦးနဲ့ မဥမ္မာခိုင်တို့ ၊ ကျောင်းဆရာ ကိုမင်းသူနဲ့မသောင်းသောင်းခိုင် တို့တတွေက ဝိုင်းဝန်းပြီး အကူအညီတွေပေးကြပါတယ်။ဆရာ့ကို လေဆိပ်မှာ ကြိုရမှာဆိုလည်းကြိုပေးကြတယ်။လေဆိပ်လိုက်ပို့ ရမယ်ဆိုရင်လည်း အားတဲ့သူက လိုက်ပို့ကြနဲ့ နေရေးထိုင်ရေး၊စားသောက်ရေးကအစ မပူရအောင် ဝိုင်းဝန်း ကြပါတယ်။ကျွန်တော်ကတော့ ဆရာ့လိုပါပဲ တတ်မြောက်ထားတဲ့ ကွန်ပျူတာပညာလေးကလွဲပြီး ဘာမှမရှိတဲ့သူဆိုတော့ သူတို့တတွေကိုပဲ ဆရာ့အတွက် အကူအညီတောင်းပေးပြီးအစစအရာရာအဆင် ပြေအောင်စီစဉ်ပေးယုံပဲတတ်နိုင်တာ လေ။ငါန်းဇွန်ကို ဆရာရောက်လာပြီဆိုရင်တော့ ကုန်ဖို့သာပြင် ထားပေတော့ ။ဟိုဟာလေး လှူပါအုံး။ဒီဟာလေးလှူပါအုံးနဲ့ ကျွန်တော်တို့အဖွဲ့တွေက အလှူခံကြတာနဲ့ သူမှာပါသမျှ ပြောင်ပြီး ခရီးစရိတ်တောင်မနည်းချန်ရတဲ့ အခေါက်တွေများပါတယ်။အခုနောက်ပိုင်းကျတော့ CB Bank တို့ KBZ Bank တို့က mobile banking စနစ်တွေတိုးချဲ့လာလို့ အရင်တုန်းကလို ငွေကုန်သွားမှာကိုသိပ်မကြောက်ရတော့ဘူး ဆိုပြီး ကျွန်တော့်ကို သူ့Banking Account ကို ဖုန်းထဲကနေဖွင့်ပြခဲ့ဘူးတယ်။သူ့သဘောကတော့ ငါ့ရှိတာ ဒါအကုန်ပဲပေါ့၊ငါသူဌေးမဟုတ်ဘူးပေါ့ ။ကျွန်တော့် မှာတော့ “ဆရာနော် ဆရာ သနားလို့ သိလား ဟိုဟာလေးလိုလို့ ဒီဟာလေးလိုလို့ ဆိုပြီး ညာတာပါတေးနဲ့ အလှူခံပြစ်လိုက်ရရင် ဆရာ့ Account ထဲက ငွေပါပြောင်သွားမှာ နော်လို့” စိတ်ထဲကပြောနေမိသေးသည်။
ကျွန်တော်တို့ စကားပြောနေစဉ်မှာပဲ ဆရာ့သမီးထံ ဖုန်းဝင်လာသဖြင့် သူပြန်ပြောနေတာတွေကို ဘေးကနေကြားနေရသည်။နေပြည်တော်မှာ လုပ်မည့် အခမ်းအနားအတွက် ထင်သည်။တရက်ကို ဒေါ်လာ ၁၅၀ တဲ့။ သူဖုန်းပြောပြီးသွားမှ ဘာတုန်းလို့မေးကြည့်တော့ စကားပြန်လုပ်ပေးရမှာဆိုပဲ။ဒါတောင် တိုက်ရိုက် စကားပြန်လုပ်ပေးရမယ်ဆိုရင် ဒေါ်လာ ၄၀၀ တဲ့။အင်း- ဆရာ့သမီး ဆိုတဲ့ အတိုင်း သူကလည်း မခေရေးချမခေ။ ညိုသူနွယ် ဆိုတဲ့ ကလောင်နာမည်နဲ့ စာကလည်းရေးသေး။ စာအုပ်ကလည်း ထုတ်လိုက်သေး။ ရုပ်ရှင်/ဗီဒီယိုကလည်းရိုက်လိုက်သေး၊ယောဂ အဖွဲ့ထဲလည်း သူကပါလိုက်သေး။ သူ ဆယ်တန်းအောင်စတုန်းက ငါန်းဇွန်ကို လာတော့ ကိုယ့်မှာ သူ့ကို ကလေးလေးဆိုပြီး တော်အောင် တတ်အောင် ကြိုးစားအားထုတ်ဖို့ အချိန်မဖြုန်းဖို့ ဟိုလိုပြောဒီလိုပြောနဲ့ ဆုံးမသြဝါဒတွေချွေ ခဲ့ဘူးသေးသည်။ ယခုမူ သူမ၏ သြဝါဒကိုတောင် ကိုယ်က ပြန်နားထောင်ရနိုင်တဲ့ အနေအထားပါလားဟုပင်တွေးလိုက်မိသေးသည်။ နှစ် အနည်းငယ်အတွင်းမှာပင် လူရာဝင် လူတောတိုး ယုံသာမက မအေဖအေက စိတ်ချရသော သမီးတော်လေး တစ်ယောက် ဖြစ်ခဲ့ပြီ ဆိုတာကိုတွေ့လိုက်ရတော့ တော်တော်ပီတိဖြစ်ရပါသည်။
ငါန်းဇွန်ကိုရောက်တော့ အခမ်းအနားစဖို့ နာရီဝက်လောက်လိုသေးသည်။ ဆရာကြိုက်တတ်သည့် ငါန်းဇွန်ခေါက်ဆွဲကို စာရေးဆရာမင်းထင်လှိုင်တို့ မိသားစုက ကျောင်းအုပ်ကြီး ရုံးခန်းတွင် ပြင်ဆင်ပေးထားသည်။ခေါက်ဆွဲစားရင်း ဂုဏ်ပြုကတ်ပြားတွေမှာ ဆရာက လက်မှတ်ထိုးရသည်။ ထို့နောက် အခမ်းအနားမစမှီ ကျောင်းဘင်ခရာအဖွဲ့တွေက အဖွင့်အဖြစ် စတင်တီးမှုတ်ကြသည်။ထို ဘင်ခရာအဖွဲ့ အတွက်လည်း တူရိယာဖိုး နဲ့ အဝတ် အစားဖိုးဆိုပြီး ဆရာက ၁၂ သိန်းလှူထားသေးသည်။ထိုသို့လှူသည်ကို ဂုဏ်ဖော်တယ်ထင်မှာစိုးလို့ ဘယ်သူ့မှ မပြောနဲ့ လို့ဆိုပေမယ့် ကျွန်တော်တို့ကလည်း မနေနိုင်။
အခမ်းအနားမှာ ဆရာ့သမီး မဆုနွယ်ကို အမှတ်တရ အမှာစကားပြောခိုင်းတော့ သူဟာငါန်းဇွန်သူ မဟုတ်ကြောင်း စကားလုံးအလှလေးတွေသုံးပြီးပြောသွားတာကြားရတယ်။ဟုတ်ရှာမှာပဲ ကိုယ့်ဆီက လူတွေကလည်း သူ့ကို ငါန်းဇွန်သူ လေးပေါ့ လို့ ဇွတ်ကြီးကို ငါန်းဇွန်သူဖြစ်ခိုင်း နေကြ တာလေ။ကြွရောက်လာကြတဲ့ လူကြီးမိဘတွေနဲ့ ဆရာ/ဆရာမတွေ ကို တောင်ပန်စကားပြောပြီး ဂုဏ်ထူးရ ကျောင်းသား/သူ တွေ နဲ့ အပြန်အလှန် discussion ပုံစံမျိုးလေး သူပြောဆိုဆွေးနွေးပေမယ့် ကျောင်းသား/သူ တွေဖက်က တုန့်ပြန်မှု သိပ်မရခဲ့ပါဘူး။ ကွန်ပျူတာစကားနဲ့ပြောရရင် Client နဲ့ Server အချိတ်အဆက်မမိဘူးပေါ့။အဲဒါကြောင့် ၂၁ရာစုခေတ်ရဲ့ အနေအထားဟာ ကျောင်းစာတစ်ခုတည်းသာ အလေးထားနေရမှာမဟုတ်ကြောင်း ပြောရဲဆိုရဲ ဆွေးနွေးရဲကြဖို့ သတ္တိရှိဖို့ ဘက်စုံထောင့်စုံက သိသင့်သိထိုက်တာလေးတွေကို မဖြစ်မနေသိထားတတ်ထားကြဖို့ လိုကြောင်း ဆရာအော်ပီကျယ်ရဲ့ ၂၁ရာစု literacies ဆိုတဲ့ ကာတွန်းလေးကို ကိုးကားပြီး လိုရင်းတိုရှင်းပြောသွားတာဟာ လူငယ်ကျောင်းသားတွေ အတွက်သာမကပါဘူး လူကြီးမိဘတွေအတွက်ပါ ပညာရစေခဲ့ပါတယ်။သူ့အဖေ ဆရာညို ရဲ့ ကလေးတွေကို ပညာရဲရင့်ပွဲလယ်တင့်စေချင်သလို ရွံ့တွန့်တွန့် ကုတ်တုတ်တုတ်လေးတွေဖြစ်မှာ စိုးရိမ်ဟန်တူပါတယ်။ လက်တွေ့မှာလဲ သူစိုးရိမ်သလို ဖြစ်နေခဲ့တယ်လေ။ဆရာညိုကတော့ ဒီဖြစ်စဉ်ကို ကြည့်ပြီး ငါ ငါန်းဇွန်ကို အလာနဲသွားတဲ့ ပြစ်ချက်ဖြစ်မယ်ထင်တယ်လို့ သူ့ကိုယ်သူအပြစ်တင်ရင်း မှတ်ချက်ပေးရှာပါတယ်။ ဟုတ်တော့ ဟုတ်သည် ဆရာက ငါန်းဇွန်ကိုရောက်တိုင်း ကလေးတွေ နဲ့တွေ့တယ်။ ဆွေးနွေးတယ်။ အားပေးတယ်။ “ငါန်းဇွန်သားကွ” လို့ လက်မ ထောင်နိုင်အောင်၊ ထောင်ရဲအောင် ပြောရဲ ဆိုရဲ ဆွေးနွေးရဲအောင် လုပ်ပေးနေကျ လေ။

                                                            
အချိန်ရတဲ့အခါဆိုရင် မြို့သာအထိကိုတောင်သွားပြီး အဲဒီက ကလေးတွေနဲ့ တွေ့ဆုံဟောပြော ဆွေးနွေးတာတွေ အားပေးအားမြှောက်လုပ်တာတွေ ရှိခဲ့တယ်လေ။ပြောရရင် ငါန်းဇွန်ရယ်လို့တောင် မဟုတ်ပါဘူး။အချိန်ရရင်ရသလို သူရောက်တဲ့ မြို့ရွာဒေသက ကလေးတွေနဲ့ တွေ့ဆုံနေကြ ၊အားပေးနေကြပါ။သူပြောလေ့ရှိတဲ့စကားတစ်ခွန်းက ဘာလဲဆိုရင် “လူကြီးတွေက ပြောလို့ မရတော့ဘူး။အဲဒါကြောင့် ကလေးတွေနဲ့ပဲတွေ့ချင်တယ်”တဲ့။
သမီးကို ခေါ်လာရတာကလဲ ဆရာ့အနေနဲ့ အသက်ကြီးပြီဖြစ်လို့ ဒီနှစ်လာနိုင်ပေမယ့် နောက်နှစ်မသေချာနိုင်တဲ့ အနေအထားကို တဖြည်းဖြည်းနဲ့ရောက်လာနေတော့ တချိန်ချိန်ဆိုတဲ့ မရေရာမှုကို ကြိုတင်စီမံတဲ့အနေနဲ့ သမီးဖြစ်သူကို ဒီဆုပေးပွဲလေးနဲ့ ချိတ်ဆက်ပေးတဲ့ သဘောဖြစ်ကြောင်း၊အဲဒါကြောင့် နောက်နှစ်တွေမှာ စာရေးရင် ဦးခင်မောင်ညို(ဘောဂဗေဒ)မိသားစု လို့ပဲ ရေးပေးစေလိုကြောင်း အနာဂတ်အထိပုံဖော် ထားတဲ့သူ့စိတ်ကူးလေးတွေပေါ့။
အခုလိုဆုပေးနိုင်ဖို့ အတွက် ပင်စင်လစာ တနှစ်စာရရှိငွေ ၁၀ သိန်းလောက်နဲ့အတူ ဟောပြောပွဲတွေကရတာလေးတွေ စာမူခရတာလေးတွေကို စုဆောင်းပြီး ဆုပေးရတာဖြစ်ကြောင်း အချိန်မှီ ငွေ မပြည့်လို့ ဘယ်ကရရင်ဘယ်လိုပေးမယ်ဆိုပြီး ငွေဆွဲပြီးဖြည့်ပေးရတာလေးတွေလဲပါကြောင်း ဒီ အခမ်းအနားပြီးရင် အဲဒီ အကြွေးတွေ ပြန်ဆပ်ရအုံးမှာဖြစ်ကြောင်း အခုလို ဆုပေးနိုင်ဖို့ အတွက် ပင်စင်လစာအကုန်လုံးအပြင် တစ်လကို အနည်းဆုံး တစ်သိန်းခွဲလောက် စုဆောင်းထားနိုင်မှ ဆုပေးဖို့ လောက်မှာဖြစ်ကြောင်း ဆရာက အမှာစကားပြောရင်း ရှင်းပြပါတယ်။ဒါတောင်မှ ဆရာ့မွေးနေ့တို့၊ ဆရာ့ဇနီးမွေးနေ့တို့ ၊ဆရာ့သမီးမွေးနေ့တို့မှာ ဆိုရင် ငါန်းဇွန်မြို့ရဲ့ ပုညပါရမီ ဆွမ်းလောင်းအသင်းကြီးမှာ ဆွမ်းနဲ့ ဆွမ်းဟင်းလျာ သံဃာပေါက် လှူတာတွေ ၊ သဲဖြူဓမ္မစကူးလ်ကဖွင့်ထားတဲ့ ယဉ်ကျေးလိမ္မာ သင်တန်းတွေမှာ အခါအားလျော်စွာ အဟာရဒါနလုပ်တာတွေ၊ဆရာတို့ မိဘတွေလက်ထက်ကတည်းက လှူခဲ့တဲ့ကျောင်းနဲ့ ဓမ္မာရုံအတွက် လိုအပ်တာတွေကို လိုရင်လိုသလို လှူတာတွေ၊ နယ်က ကျောင်းလာတက်ကြတဲ့ ကျောင်းသား/သူတွေ အတွက် ဖြည့်စွက် ဟင်းလျာလှူတာတွေ ၊ အခြားသော မြို့အတွက် လိုအပ်ချက်တစုံတရာရှိလာတိုင်း လှူခဲ့တာတွေ ကို သူထည့်ပြောမသွားခဲ့။ အဲဒီတော့မှ တနှစ်ကို သိန်း ၃၀ ကျော်လောက် အကုန်ခံပြီးလှူနေတဲ့ဆရာဟာ ငွေမရှိပေမယ့် သဒ္ဒါတရားရှိလို့သာ လှူနိုင် နေတာဖြစ်မယ်လို့တွေးမိတယ်။
ထို သဒ္ဒါ နဲ့ပတ်သက်ပြီး မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို ဘယ်လိုမေးလဲဆိုရင် “တွေးတာတွေမပါ ကြံစည်မှုတွေမပါပဲနဲ့ လုံးဝတည်ငြိမ်နေတဲ့ သမာဓိမျိုး ရှိတယ်ဆိုတာ ယုံသလား” လို့ မေးဘူးတယ်။ အဲဒီအခါမှာ ရှုှင်သာရိပုတ္တှုရာကိုယ်တော်ကြီးက `တပည့်တော် သူများပြောလို့ ယုံတာမျိုးမဟုတ်ပါဘူး ကိုယ်တိုင် ဒီလို သမာဓိမျိုးကို အကြိမ်ကြိမ် ဝင်စားလို့ ဒီသမာဓိမျိုး ရခဲ့ပါတယ်လို့ ပြန်ဖြေတယ်။
အခုလည်းဆရာ့ကို မေးရင် လှူလို့ရှိ-ရှိလို့လှူဆိုတဲ့ The Law Of Nature ကို သူများပြောလို့ ယုံတာမျိုးမဟုတ်ပဲ ကိုယ်တိုင် အကြိမ်ကြိမ်ကြုံ ပြီး လက်တွေ့ လုပ်ဆောင်နေတာပါလို့များ ဆရာက ပြန်ဖြေမလားမသိ။

သန်းထွန်းဦး ( ငါန်းဇွန်)

Vector-New-Logo

Login with Social Media and SMS

or