fbpx

ဆရာညို နှင့်သူ၏မြို့ကလေး

ဆရာညို နှင့်သူ၏မြို့ကလေး - Vector Online Learning & E Learning Platform Myanmar

မှောင်ရီမသန်းမှီကတည်းက ငါန်းဇွန်အထကရဲ့ တမာတန်း နဘေးမှာ ကျောင်းသားဟောင်းတွေရဲ့ မိတ်ဆုံစားပွဲလေးက စတင်စည်ကား လို့နေပါပြီ။မောင်ကုလားရဲ့ အသံချဲ့စက်တွေ ဘောက်စ်တွေကလဲ ကောင်းမှကောင်း တအုန်းအုန်း တဒုန်းဒုန်းနဲ့ ရင်ခုန်ချင်ရက်လက်တို့နေသလိုပါပဲ။ဒီလိုနဲ့ တဖြည်းဖြည်း ညဟာ နက်သည်ထက်နက် မှောင်သည်ထက်မှောင်လို့လာနေပါပြီ။ည(၈)နာရီထိုးနေပြီဆိုတဲ့အသိက ခေါင်းထဲ ဝင်လာလေလေ ပိုပြီး ရင်ခုန်ချင်လေလေပါပဲ။ဘာလို့လဲဆိုတော့ ဆရာဦးခင်မောင်ညို(ဘောဂဗေဒ) ရဲ့ စာပေဟောပြောပွဲက ည(၈)နာရီမှာ စမှာလေ။မိတ်ဆုံစားပွဲနဲ့ ကာရာအိုကေ ဆိုနေကြတဲ့ အဖွဲ့တွေရဲ့ လွှမ်းမိုးမှုက စာပေဟောပြောပွဲ ရှိပါတယ်လို့ကြေငြာထားတာတောင်မှ မယုံမရဲဖြစ်ဖြစ်ပြီး ပရိတ်သတ်တွေ အလျှိုအလျှိုပြန်သွားနေကြပြီ။
စာပေဟောပြောပွဲကို ဆရာကန်တော့ပွဲ ပြီးတဲ့ညမှာ ကျင်းပဖို့ စီစဉ်ထားတဲ့အကြောင်း ဆရာဦးခင်မောင်ညို(ဘောဂဗေဒ)ကို ဖုန်းဆက်ပြီးအကြောင်းကြားတုန်းက ၊ အကြိုညမှာ ဘာအစီအစဉ်တွေပါ သေးတုန်းလို့ဆရာကမေးတယ်။ ဆရာ့လိုပဲ တခြားသူတွေကလဲမေးကြပေမယ့် အဖြေမရှိခဲ့ဘူး။ စိတ်ထဲကတော့ကြိတ်ပြီးသိနေတာရှိတယ်။ဒီကလေးတွေက အချိန်နီး သည်ထက်နီးလာမှ ကျွန်တော်တို့ မိတ်ဆုံစားပွဲလေးလုပ်ကြပါအုံးစို့ တို့ ၊ ဆိုကြ မယ်ပျော်ကြမယ်လေးဘာလေးစီစဉ်ချင်တာတို့ ၊ မီးပုံပွဲ လေးဘာလေးလုပ်ချင်တာတို့ ၊ စသဖြင့် ဖြစ်ဖြစ်လာတတ်တာ ထုံးစံပဲလေ။ဆရာမေးတဲ့အချိန်ထိလဲဒီကလေးတွေဆီက ဘာသံမှမကြားရသေး။ဒါနဲ့ပဲ ခုချိန်ထိတော့ ဘာအစီအစဉ်မှ မရှိသေးပါဘူးဆရာလို့ပဲ ပြန်ဖြေရတော့တာပေါ့ ။ ဒီနှစ်တော့ တကယ်ပဲ သူတို့ ဘာအစီအစဉ်မှ မလုပ်တော့တာသေချာပြီပေါ့။ဒါနဲ့ပဲ ဆရာကလဲ “အေးကွာ အဲဒါဆို ဒို့ အကြိုညမှာ လုပ်ရအောင်လေ၊”လို့ဆိုတော့ “ ဟုတ်ကဲ့ ကောင်းသားပဲဆရာ” လို့ပြန်ပြောရတာပေါ့။
ဟောကြည့် ဆရာနဲ့ ဖုန်းပြောပြီးလို့မှ မကြာသေးဘူး။ညီတော်မောင် ကျော်စိုးနိုင်က အကိုကြီး ကျွန်တော်တို့ အကြိုညမှာ dinner စပွန်ဆာရှိတယ်ဗျ”တဲ့ ။ညွန်ေ၀ က dinnerလေးတော့ လုပ်ကြပါအုံးစို့ကွာလို့ပြောနေလို့တဲ့ ။ဖြစ်လာကြပြီလေ။ပြီးတော့ ဆိုကြအုံးပျော်ကြအုံးမယ်တဲ့ ။ ကလေးတွေ ၊ ကလေးတွေ ။ ဒီကလေးတွေ ကတော့ ဒီအတိုင်းပဲ မပြောင်းလဲဘူး လို့ပဲစိတ်ထဲမှာငြီးပြောပြောနေမိပါတယ်။သူတို့ကို နားလည်မှုပေးယုံမှတပါး ကျွန်တော့်မှာရွေးစရာမရှိ။
တော်တော့တော်သေးတယ်ည(၈)နာရီခွဲလောက်ကျတော့ dinner နဲ့ ကာရာအိုကေ အဖွဲ့တွေက နောင်တော်ကြီး ဦးခင်မောင်ညို(ဘောဂဗေဒ)ရဲ့ စာပေဟောပြောပွဲ ရှိသေးလို့ ဆိုပြီး သူတို့အစီအစဉ်လေး တွေနားပေးရှာပါတယ်။
ဆရာဦးခင်မောင်ညို(ဘောဂဗေဒ)ရောက်လာတော့ ဟောပြောမယ့်ခန်းမထဲမှာ ပရိတ်သတ်က ဖြိုးတိုးဖျောက်တောက်ပဲရှိတာတွေ့ရတယ်။ကျွန်တော့်မှာ ဆရာ့ကိုအားနာပြီးဘာလုပ် ရမှန်းတောင် မသိအောင်ပါပဲ။ဒါပေမယ့် ဆရာကတော့ သူ့ငါန်းဇွန်အကြောင်းကို သူသိပုံရပါတယ်။“ဘာဖြစ်တုန်းကွာ ရှိသလောက်နဲ့ စာပေစကားဝိုင်းလေးလုပ်ကြတာပေါ့ ”တဲ့။ဒီလိုနဲ့ပဲ မြတ်ဆရာပူဇော်ပွဲရဲ့အကြိုညမှာ အမှတ်တရ စာပေစကားဝိုင်းလေးလုပ်ဖြစ်သွားခဲ့ပါတယ်။စလိုက်ပြီဆိုတော့လဲ လူတွေက တဖွဲဖွဲနဲ့ ရောက်လာပြီး မြိုင်မြိုင်ဆိုင်ဆိုင်တော့ဖြစ်သွား လို့တော်ပါသေးရဲ့။
စကားဝိုင်းမှာ အဓိကထားပြီး ဆွေးနွေးဖြစ်ကြတာက “မြို့သာစက်မှုဇုန်”အကြောင်းပါ။ဒါကလဲ ကိုယ့်ကျောင်းသားဟောင်းတွေအချင်းချင်းဆုံမိတုန်း ကိုယ့်မြို့နယ်နဲ့ပတ်သက်နေတဲ့ အဓိက အကြောင်းကြီး တစ်ခုဆိုတော့ အားလုံးလဲစိတ်ဝင်တစားနဲ့ရင်းနှီးပွင့်လင်းစွာဆွေးနွေးငြင်းခုန် နိုင်ခဲ့ကြပါတယ်။
စက်မှုဇုန်ကြီး ဖြစ်ထွန်းပေါ်ပေါက်လာရင် ကိုယ့်မြို့အတွက် အလုပ်အကိုင်အခွင့်အလန်း တွေရလာမယ်။လူဦးရေ ထောင်ဂဏန်း၊ သောင်းဂဏန်း၊သိန်းဂဏန်း စသဖြင့် အလုပ်အကိုင်တွေရလာ မယ်ပေါ့။ဒီလိုတွေးနိုင် မျှော်မှန်းနိုင်တာမှန်ပေမယ့် ကိုယ့်ဖက်ကလဲ လိုအပ်တဲ့ အသိပညာ ၊ အတတ်ပညာတွေကို ဖြည့်ဆည်းတတ်မြောက်ထားဖို့လိုတာ ကိုပြောဖြစ်ကြတယ်။
“ဘာမှတတ်ထားသိထားတာမရှိရင် ဘယ်လိုအလုပ်မျိုးရမယ်ထင်လဲ – ဒရဝမ်ပဲ ဖြစ်မှာ ။ဒရဝမ်တောင်မှ ကျွန်တော်တို့ ဒရဝမ်က ဘာကစပြီးစဉ်းစားတယ်မှတ်လဲ အိပ်ယာလိပ်က စပြီးစဉ်းစားတာ ။ မရဘူးနော် -အခု ရန်ကုန်က ဒရဝမ် ဆိုရင် ပြောင်းပြီ နော် ”လို့ ဆရာညိုကရယ်မောရင်းပြောပါတယ်။
“ကိုယ့်ငါန်းဇွန်ကို ကိုယ် နှိမ်တာမဟုတ်ဖူးနော် ကျွန်တော်ဆိုရင် ဘာက စပြီးစဉ်းစား လဲဆိုရင် အိမ်သာဆေးတတ်ရဲ့လား ၊ ခင်ဗျားတို့က ပြောလိမ့်မယ် အိမ်သာဆေးတာများ ကြီးကြီးကျယ်ကျယ်လုပ်လို့ နော် ၊ ဟိုတယ်တွေ စပြီးဝင်လာတဲ့အချိန်တုန်းက သင်ခန်းစာကို တစ်ဆင့်သိရတာ ဘာလဲဆိုတော့ ၊ မင်းအိမ်သာဆေးတတ်လား လို့မေးတယ်။အာ ဆေးတတ်တာပေါ့ ၊ အေး -ဆေးတတ်ရင် ဆေးစမ်းစိတ်တိုင်းကျဆေး။ဆေးပြီးရင် မင်းဆေးထားတဲ့ အိမ်သာကြွေဂမုတ်က ရေနဲ့ မင်းမျက်နှာသစ်လို့ ပြောတယ်။ရိုးရိုးတွေးရင်တော့ တော်တော်မိုက်ရိုင်းတာပဲ ။ဒါပေမယ့် မင်းဘယ်လောက် သန့်ရှင်းရေးလုပ်ထားသလဲ ဒါကိုစမ်းတာ ” “ အိမ်သာပဲနော် -အိမ်သာကို သ နေတာ ၊ သနေတာ ၊ အဲဒီသင်တဲ့ လူကိုယ်တိုင် သန့်ရှင်းရေးလုပ်ပြတယ်။သူကိုယ်တိုင်ပဲ ရေဂမုတ်ထဲက ရေနဲ့ မျက်နှာသစ်ပြတယ်။ ကျွန်တော်တို့ဆီက အိမ်သာနော် မရောက်ခင် ၁၀ ကိုက်လောက်ကတည်းက နှာခေါင်းပိတ်ထားရတယ်။ အဲတော့ ကျွန်တော်တို့က တကယ့်တကယ် ကျတော့ မတတ်ဘူး။ ငါန်းဇွန်ကို ကျွန်တော်လာတာ တော်တော်စိပ်တယ်။ဘယ်သူ့ကိုမောင်းသလဲဆိုတော့ ကလေးတွေကိုမောင်းတယ်။လူကြီးတွေတော့ ပြောလို့ရမယ်သိပ်မထင်ဘူး။နော်- ဒါ ပွင့်ပွင့်လင်းလင်းပြောတာ။အဲ-ကလေးတွေက ပြီးခဲ့တဲ့ အပတ်ကမေးတယ်။ ဘဘတဲ့ ဘဘက ဘာလို့ သားတို့ ကလေးတွေကိုပဲ ဖိပြောနေတာလဲတဲ့ – ငါထင်တယ်လို့ လူကြီးတွေက သိပ်ပြောလို့မရဘူးနဲ့တူတယ်လို့ ”ဆရာညိုရဲ့ စေတနာစကားကြောင့် ကျွန်တော်တို့မှာ မလှုပ်နိုင်အောင်ဖြစ်ကြရပါတယ်။
ကျွန်တော်က ကျွန်တော့်သားကို ကင်မရာပေးထားပြီး သတင်းမှတ်တမ်းပုံစံ ဓာတ်ပုံရိုက်ခိုင်းတော့ သားက တစ်ပုံနှစ်ပုံလောက်ရိုက်ပြီး တော်သလိုနေနေလို့ ကျွန်တော်က သတင်းမှတ်တမ်း ဆိုတာဘယ်လိုရိုက်ရတယ်။ဟိုလိုမလုပ်ရဘူး ။ဒီလိုမလုပ်ရဘူးစသဖြင့်သားတော်မောင်ကို ဆူတော့ ဆရာညိုက“ မင့်သားပဲကွာ ဒီလောက်တော့ညံ့မှာပေါ့”တဲ့ ။နောက်ပြီးရှိသေးတယ် ကျွန်တော့် တပည့်တစ်ယောက်က သူ ကွန်ပျူတာတတ်တဲ့အကြောင်း ကျွန်တော်ကသင်ပေး ထားတာ ဖြစ်ကြောင်း သူ့ဆရာကျွန်တော့်ကို ဂုဏ်တင်ပြီးပြောတော့ ဘာပြောတယ်မှတ်လဲ“ မင်းဆရာ သန်းထွန်းဦးက လက်နှိပ်စက်ရိုက်တာသာသာလောက်တတ်တာပါကွာ ကွန်ပျူတာပညာရပ် နဲ့ပြောရရင်ဘာမှကို မဟုတ်သေးဘူး”တဲ့ ။ ဒါတွေဟာ ကျွန်တော့်ကို ဆရာညိုဘယ်လောက်ချစ်တယ်ဆို တာ ကို ပြတာပါ။ ဒါဆိုရင် သူပြောလို့မရဘူးဆိုတဲ့ လူကြီးတွေစာရင်းမှာ ကျွန်တော်တော့မပါသေးတာသေချာတယ်လို့ ကိုယ့်ဟာကိုယ်တွေးပြီး ပီတိတောင်ဖြစ်နေမိပါတယ်။
“ကိုယ့်သားသမီးကိုယ်တွန်းပါ ၊ ပြစ်မထားပါနဲ့ ၊ ဒီကလေးဘယ်လို အစွမ်းအစရှိ တယ်၊ဘယ်လက်ရှိတယ် ၊ကြည့်ပါ ကလေးတွေကို ကောင်းကောင်းဂရုမစိုက်မိရင်တော့် အဲဒီကလေးတွေက သူပုန်ပဲဖြစ်မှာ ” ဆရာညိုက ကလေးတွေကို ပြုစုပျိုးထောင်ဖို့ ပြစ်မထားဖို့တော်တော် စောင်းပေးပြီး ပြောပါတယ်။ကလေးချစ်တဲ့ဆရာညိုလို့တောင်ပြောရမလောက်ပါပဲ။နေ့လည်တုန်းကလည်း ကလေးတွေကို ဟောပြောတော့ ဆရာ့မှာပျော်လို့ ၊ လန်းလို့ ။“ဘဘ အနေနဲ့ပြောရရင်တော့ ငယ်တုန်းမှာ ပညာကိုကြိုးစားပြီးရှာပါ ၊ ပိုက်ဆံ တစ်သက်လုံးရှာလို့ရတယ်၊ပညာက ဉာဏ်ကောင်းတဲ့အချိန် မျက်စိကြည်တဲ့အချိန် ၊ နားကြည်တဲ့အချိန် ၊ ကျန်းမာတဲ့အချိန် မှာ ကြိုးစားမှရမှာနော် ” “အခုလို ငယ်တုန်းမှာ ကိုယ့်ကိုယ်ကို ခိုင်းထား ၊ အဲဒီလိုမဟုတ် လို့ကတော့ ကြီးလာရင်သူများခိုင်းတာကိုခံရလိမ့်မယ်။ကိုယ့်ကိုယ်ကို ခိုင်းတာက သခင် ၊ သူများခိုင်းတာခံရတာက ကျွန် ” စသဖြင့် ကလေးတွေနဲ့ အပြန်အလှန် ရင်းရင်းနှီးနှီး ပြောဆိုဆွေးနွေး တွန်းအားပေး ရင်း (၂)နာရီလောက် မမောတမ်းပြောခဲ့တာပါ။
ဒါတွေက ဇာတိမြေကို သူဘယ်လောက်ချစ် တယ်ဆိုတာ ဖော်ကြူးနေသလိုပါပဲ ။ဆရာညိုက ချမ်းသာကြွယ်ဝတဲ့သူတစ်ယောက်မဟုတ်ပေမယ့် စေတနာမေတ္တာကတော့ တကယ့်သူဌေးမှသူဌေးပါ။
တက္ကသိုလ်ဝင်တန်းစားမေးပွဲမှာ ဂုဏ်ထူးရတဲ့ ကလေးတွေကို နှစ်စဉ်ဆုပေးနိုင်ဖို့ သူ့ရဲ့ပင်စင်လစာ (၇)လစာလောက်နဲ့ စာမူခလေးတွေကို စုဆောင်းပြီး အိတ်သွန်ဖာမှောက် စွန့်လွှတ်လှူဒါန်းတဲ့သူပါ။တစ်ခါ တစ်ခါဆိုရင် ပြန်စရာစရိတ်တောင် ကျန်ရဲ့လား အောက်မေ့ရပါတယ်။ သူ့တန်ဘိုးကို သိတဲ့သူတွေက ငွေကုန်ကြေးကျ ခံပြီး တကူးတကဖိတ် ကြားပြီး သူ့ဆီက ပညာတွေယူကြ အကြံဉာဏ်တွေယူကြ နဲ့ မြတ်မြတ်နိုးနိုးချစ်ခင်ရိုသေ ကြတာ ဆိုရင် ပြည်တွင်းသာမက နိုင်ငံခြားတိုင်းပြည်ကြီးတွေ ၊တက္ကသိုလ်ကြီးတွေ တောင်ပါပါ တယ်။ဒါပေမယ့် သူ့ဇာတိမြို့လေးကတော့အဲဒီလို ပညာရပ်တွေကိုသိပ်စိတ်ဝင်စားပုံမရ။သူလာရင် ခေါက်ဆွဲတွေကျွေးမယ်။မလိုင်ထုတ်တွေပေးမယ်။လိုအပ်တာရှိရင် နားပူမယ်။ဒီလောက်လေးပဲ။
စံပြစက်မှုလုပ်ငန်းက ဦးမြြင်္ကီးကပြောဘူးတာကို သွားသတိရမိတယ်။ သူကဘာပြော တုန်းဆိုတော့ “ဆရာရယ် ကျုပ်ကို ရန်ကုန်တို့ ၊ မန္တလေးတို့ ကဆိုရင် အလွန်လေးစားကြတာပဲ။ တိုင်းမှူးတွေ၊ ဗိုလ်ချုပ်တွေ ကအစ တလေးတစားနဲ့ရှိကြတယ်။ဒါပေမယ့်ဗျာ မန္တလေးကနေ စစ်ကိုင်းလောက်ရောက်ပြီဆိုရင်ပဲ ကျုပ်ရဲ့ဂုဏ်သတင်းကျော်စောမှုတွေ ၊ကျုပ်အပေါ်ရိုသေလေးစား မှုတွေနဲနဲလျော့လာတယ်။အဲဒီနောက် ရွာသစ်ကြီးလဲရောက်ရော တော်တော်ကိုလျော့ပါး သွားပြီ။ဒီလိုနဲ့ ငါန်းဇွန်လဲရောက်ရော ဘာမှကို မဟုတ်တော့ဘူးဗျို ” တဲ့။အခုလဲ ဆရာညိုတစ်ယောက် သူ့မွေးဇာတိဖြစ်တဲ့ငါန်းဇွန်ကိုရောက်ပြီဆိုရင်တော့ ခင်မောင်ညို ဆိုတဲ့ အမည်ရဲ့နေက်မှာ (ဘောဂဗေဒ)လို့ တပ်ထားတာကိုတောင် အလှတတ်ထား တယ်လို့ထင်ချင်ထင်နေဦးမှာ။
ဘာပဲဖြစ်ဖြစ် မျှော်မှန်းထားတဲ့ ဟောပြောပွဲ အကြီးကြီးမဖြစ်ခဲ့ပေမယ့် အထိုက်အလျှောက်တော့ အကျိုးကျေးဇူးများတဲ့ စာပေစကားဝိုင်းလေးတစ်ခုဖြစ်ခဲ့လို့ တော်သေးတယ်လို့ပဲ ဖြေတွေးတွေးရပါတော့တယ်။

သန်းထွန်းဦး(ငါန်းဇွန်)

Vector-New-Logo

Login with Social Media and SMS

or