အိမ်ရှေ့မှဆိုင်ကယ်သံကြားသဖြင့် နို့ဆီချက်နေရာမှ လှမ်းကြည့်လိုက်သောအခါ သူငယ်ချင်း မင်းသိန်း၏ဆိုင်ကယ်နှင့်အတူ သဲဖြူပရိယတ္တိစာသင်တိုက်မှ ကျောင်းထိုင်ဆရာတော် ဦး ဥတ္တမ ဖြစ်နေ သည် ကိုတွေ့ရ၏။ ]]ဒကာကြီး ကျောင်းမှာ ခင်ဗျားဆရာ ရောက်နေတယ် လိုက်ခဲ့အုံး }} ဆရာတော်က ရောက် မဆိုက်ပင် လှမ်းပြောလိုက်၏။
]] ဘယ်သူတုံး- ဆရာညို ရောက်နေတာလား}}
ကျွန်တော်က ဆရာခင်မောင်ညို(ဘောဂ) ရောက်နေတယ်ထင်သဖြင့် ဝမ်းသာအားရပြန်မေးလိုက်မိ၏။
]] ဘယ်ဟုတ်ရမှာတုံး – စစ်တပ်က ဗိုလ်မှူးတွေဗျ }} ဆရာတော့်၏စကားကြောင့် ရင်ထဲတွင်ဒိတ်ကနဲခုန်သွား၏။
ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောများမှာလဲ ရှိန်းဖိန်းသွား၏။ကျွန်တော်သည် ရ.ယ.က တစ်ယောက် ဖြစ်နေ
သော်လဲ စစ်ဘက်ဆိုင်ရာ အရာရှိတွေ နှင့် ရဲအရာရှိများကို ရင်းရင်းနှီးနှီးပေါင်းသင်းဆက်ဆံရန် ရွံ့တွန့်တွန့် စိတ်က ယခုထိ မပျောက် သေးပဲဖြစ်နေ၏။ထို့ပြင် ဘာများပြဿနာဖြစ်ပါလိမ့် ဆိုသော ရ.ယ.က ဥက္ကဌ တယောက်၏ ရှုထောင့်မှ အမြင်အတွေးကလဲ စိတ်ကိုလှုပ်ရှားလာစေ၏။ထို့ကြောင့် လိုက်မယ် မလိုက်ဘူးဟု ပြန်မပြောနိုင်သေးပဲ ရုတ်တရက် အတွေးနက်စွာ ခပ်တွေတွေ ဖြစ်နေသော ကျွန်တော့်ကို
]] မန္တလေးက ခင်ဗျားဆရာဘုန်းကြီး .. လို့ ပြောရင် သူသိတယ် လို့ လဲ မှာလိုက်တယ် }}
ဆရာတော်က ထပ်မံ မိန့်ကြားလာပါသည်။ ကျွန်တော့်ကို နက္ခတ်ဗေဒင်ပညာ သင်ကြားပေး
ခဲ့သော ဆရာကြီးသည် တရားအားထုတ်ရန်အတွက် (၅)နှစ် အဓိဌာန် ပြုပြီး ရဟန်းဝတ်သွားတာတော့ရှိ၏။သူသည်သင့်တင့်လျှောက်ပတ်သောပတိရူပဖြစ်မည့်ဒေသတစ်ခုကိုရွေးချယ်လျှက် တရားဓမ္မများကို စိုက်စိုက် စူးစူးအားထုတ်ခဲ့ပြီး လွန်ခဲ့သော တစ်နှစ် ခန့်ကမှ အဓိဌာန်ပြည့်ပြီး လူဝတ်လဲခဲ့သည်တော့ရှိ၏။
]] အသက်အရွယ်ဘယ်လောက် လောက်လဲ ဘုရား}} ကျွန်တော့် စကားကြောင့် ဆရာတော်က
]] အသက်အရွယ်ကတော့ ဒကာကြီးနဲ့ မတိမ်းမယိမ်းလောက်ပဲဗျ}} ဟုပြန်ဖြေ၏။
ဒါဆိုရင်တော့ ဆရာကြီးမဟုတ်တာသေချာ၏။]] လူများမှားတာလားမသိဘူး}} ကျွန်တော်က စဉ်းစားလို့မရသဖြင့် ထင်မြင်ချက်ကိုပြောတော့မှ ]] မမှားလောက်ဘူးဗျ..သူပြောပုံဆိုပုံ ကြည့်ရတာအစ်ကိုကြီး
နဲ့ တော်တော်ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်လောက်တယ်..ပြီးတော့ပြောသေးတယ် ..နာမည်က ကိုသန်းထွန်းဦး
အခုလက်ရှိ ရ.ယ.က ဥက္ကဌ လုပ်နေတယ် ၊နက္ခတ်ဗေဒင် လဲတတ်တယ် ၊ မောင်နွေစမ်း ဆိုတဲ့ ကလောင် နာမည်နဲ့ ကဗျာတွေရေးတယ် လို့လဲပြောတယ် ]] သူငယ်ချင်းမင်းသိန်းက စဉ်းစားလို့ရလာအောင်ရှင်းပြ၏။
ဒါဆိုရင်တော့ သူငယ်ချင်းအရင်းအချာထဲကဖြစ်နေတာသေချာသလောက်ရှိသွား၏။ ထိုအခါကျမှ ဘယ်ကရောက်လာမှန်းမသိသော မာန်မာနက ]] ငါ့များ မင်းဆရာ ရောက်နေတယ်ဆိုပြီးခေါ်ခိုင်းတဲ့ကောင်
တော့ကွာ တွေ့မှ သိအုံးမယ် }} ဟု ထစ်ကနဲ မခံချင်စိတ်ဖြစ်သွားပြန်၏။ ထို့ကြောင့်လဲ
]] တပည့်တော် အခုပဲ အလုပ်လေးတွေ လက်စ သတ်ပြီးလာခဲ့ ပါမယ်ဘုရား}}ဟု ဆရာတော်ကို ပြန်လျှောက် လိုက်၏။ ဆရာတော်က ကျေနပ်ပုံမရပဲ ]]အခုချက်ချင်းလိုက်ခဲ့ပါဒကာကြီးရာ}} ဟု ဇွတ်ခေါ်နေပြန်၏။
]] စိတ်ချပါဘုရား နို့ဆီချက်နေတာ ကျလုလု ဖြစ်နေပါပြီ ပြီးပြီးချင်းပဲလာခဲ့ပါ့မယ်ဘုရား}} ဟု ပြန်လျှောက် တော့မှ ဆရာတော်လဲ စိတ်မချတချနှင့် ပြန်ကြွသွားတော့သည်။
ကျွန်တော့်၏ နို့ချက်လုပ်ငန်းသည် တနိုင်တပိုင်သာဖြစ်သဖြင့် အလုပ်သမားမငှားပဲ ကိုယ်တိုင်ချက်
လုပ်နေခြင်းဖြစ်ပြီး ကျွန်တော်မအားတဲ့အခါ ဇနီးဖြစ်သူက ချက်ပါသည်။
]] ညီမလေးရေ.. အကိုလိုက်သွားလိုက်အုံးမယ် ..မင်း ဆက်ချက်ထားလိုက်တော့နော်}} ဟု ဇနီးဖြစ်သူကို လှမ်းအော်ပြောရင်း စက်ဘီးကိုကြည့်လိုက်တော့ ရှေ့ဘီးက ပြားနေ၏။ ထိုအခါကျမှ ရှေ့ဘီး ကျွတ် ကကွဲသွားသဖြင့် ကျွတ်လဲရန် ဝယ်လာခဲ့သော ကျွတ်အသစ်ကိုသတိရ တော့သည်။ရှေ့ဘီးကိုဖြုတ်ပြီး
ကျွတ်လဲရန်ပြင်ဆင်နေသော ကျွန်တော့ကို ဇနီးက ]] နွားနို့ဆွဲတဲ့ဘီးကိုစီးသွားပါ့လား ခင်ဗျားဟာက လဲဟယ် တတ်ဟယ် နဲ့ ကြာနေတော့မယ်}} ဟု စိတ်တိုင်းမကျသောလေသံဖြင့် လှမ်းပြော၏။သို့သော်ကျွန်တော်က ဂရုမစိုက်ပဲ ကျွတ်လဲရန်သာဆက်လုပ်နေ၏။
ထိုစဉ် သူငယ်ချင်းမင်းသိန်းက ဆိုင်ကယ် နှင့်တစ်ခေါက် ပြန်ရောက်လာ၏။ ကျွန်တော်လုပ်နေပုံကို ကြည့်ပြီး ]] လာပါ အစ်ကို ကြီးရာ ကျွန်တော့်ဆိုင်ကယ်နဲ့ သွားရအောင်ပါ}} ဟု နားပူ၏။ ထိုအခါကျမှ ကျွန်တော်လဲ စိတ်တွေရှုပ်လာပြီး ]] ကဲ ကဲ ..ညီမလေးရေ အကိုသူနဲ့ပဲ လိုက်သွားတော့မယ် ဘီးကို ဒီနားက
ဆိုင်မှာပဲ ကျွတ်လဲခိုင်းလိုက်တော့ကွာ}} ဟု ပြောရင်း မင်းသိန်းနှင့်အတူ လိုက်ခဲ့ပါတော့သည်။
သဲဖြူပရိယတ္တိစာသင်တိုက်ထဲသို့ ရောက်သွားသောအခါ ပါဂျရို ဟုူသော တံဆိပ်ပါသည့်ကားတစ်စီး
ကျောင်းရှေ့မှ မောင်းလာသည်ကိုတွေ့ရ၏။ သူငယ်ချင်းမင်းသိန်းက ]] အစ်ကိုကြီး ကိုတွေ့ချင်တာ အဲဒီ ကားပေါ်က ဗိုလ်မှူးပဲဗျ }} ဟုပြော၏။
ပြောရင်းဆိုရင်းပင် ကားက ကျွန်တော်တို့ နားရောက်လာပြီး ရပ်လိုက်၏။ ထိုအခါကျမှ
]] ဟာ ..ပေါ်ဥိးသစ် .. တော်တော်နောက်တဲ့လူဗျာ..}} ကျွန်တော့စကားကြောင့် ပေါ်ဦးသစ်က ခွက်ထိုးခွက်လှန် ရယ်လေတော့သည်။ထိုအခါကျမှ စောစောကစိတ်တိုမိတာတွေကိုမေ့သွားပြီး ဘယ်လိုအခက်
အခဲ နှင့် စိတ်ညစ်စရာတွေ ရှိနေပါစေ ဘဝကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ဖြတ်သန်းလေ့ရှိသော သူ့ အကျင့်ကိုပင် သဘောကျနေမိတော့သည်။
]] စာအုပ်လေးဘာလေး ဖတ်ရအောင်ယူမလာခဲ့ဘူးလား}} ကျွန်တော်ကလှမ်းမေးတော့ ]]ယူခဲ့ပါတယ်ဗျာ..ပြီးတော့ပေးမှာပေါ့ ဘယ်မေ့လို့ဖြစ်မှာတုန်း ..ကဲလာလာ ကားပေါ်တက် ငါန်းမြာကို သွားရအောင် .လိုက်မှာမဟုတ်လား }} ဟုမေးတော့ ]] လိုက်မှာပေါ့ဗျာ}} ဟု ပြောရင်း ကားပေါ်တက် လိုက်သောအခါ ကျွန်တော့်ကို လိုက်ပို့သော သူငယ်ချင်းမင်းသိန်းက ရယ်ကျဲ ကျဲ နှင့် ကျန်ခဲ့ပါတော့သည်။
}} နေပါအုံး ငါန်းမြာ ကို ဘာကိစ္စ နဲ့သွားမှာလဲ }} သိလိုဇောနှင့် မေးလိုက်မိ၏။
}} ဘာရယ်မဟုတ်ပါဘူးဗျာ..ကျေးလက်ရဲ့ရှုခင်းလေးတွေ ဟိုဟိုဒီဒီ ကြည့်ရင်းပါပဲ}} ဟု သူက အရေးမကြီး သလို ပုံစံမျိုး နှင့်ပြန်ဖြေ၏။သို့သော် ကျွန်တော့် စိတ်ထဲတွင် သူ့အဖြေကို မကျေနပ်မိပေ။
}} ဟေ့လူ ..အဲဒါတော့ မဖြစ်နိုင်ဘူးထင်တယ် ..ပွင့်ပွငါ့လင်းလင်းပဲပြော ဗျာ ရည်းစားဟောင်းလေး
ဘာလေးများအဲဒီမှာရှိနေလို့လား}} ဟု ထပ်မေးလိုက်ပြန်ပါသည်။}}မဟုတ်ရပါဘူးဗျာ ..ရိုးရိုးသားသားပါ တကယ့်ကို ကျေးလက်ရဲ့ရေမြေသဘာဝရှုခင်းလေးတွေကို ကြည့်ရင်း ဓာတ်ပုံရိုက်ချင်လို့ သွားချင်တာပါ }}ဟု သူက ဆိုလာပါသည်။
ထိုအခါကျမှ ကျွန်တော်လဲ သူ့ကို ထပ်မေးဖို့ စိတ်လျှော့လိုက်ပြီး ရှေးဟောင်းနှောင်းဖြစ်တွေ
ပြောရင်း ခရီးဆက်ခဲ့ကြပါသည်။ သူပြောတာဟုတ်တော့လဲဟုတ်၏။လမ်းတစ်လျှောက်တွင် တွေ့ရသော ဆိတ်အုပ် ၊ သိုးအုပ်၊နွားမအုပ် တွေ ၊နွားလှည်းတွေ ထန်းတောညို့ညို့ကြီးတွေ ၊ ဝါခင်းစိမ်းစိမ်းတွေ၊ကုန်းဆင်း
ကုန်းတက်တွေ စသဖြင့် ရိုက်ကွင်းရိုက်ကွက်မျိုးစုံ ကို နီကွန်ဒီဂျစ်တယ်ကင်မရာတလုံးနှင့် တဖျပ်ဖျပ်ရိုက် နေ ပါတော့သည်။
ကားမောင်းလာသော ဂျွန် ကလဲ ပေါ်ဦးသစ်၏ အထာကိုကောင်းကောင်းနားလည်သူပီပီ ရိုက်ကွင်း
ရိုက်ကွက် ကောင်းပြီ ဆိုတဲ့နေရာကျရင် ကားကို သေသေချာချာရပ်ရပ်ပေး၏။
ဒီလိုနဲ့ပဲ မြန်မာစာပေမှာ သမိုင်းတွင်ခဲ့သော တောဘွဲ့ တောင်ဘွဲ့တွေ တေးထပ် တွေဒွေးချိုး လေးချိုးတွေ ကို သူကအစဖော်ပြီးရွတ်ပြလိုက် ဓာတ်ပုံရိုက်လိုက်နှင့် ပျော်စရာ ကောင်းနေပါတော့သည်။
}} တံတားဥိးက ကွမ်းနုဝါ..ငါန်းမြာ ကဆေး..ကွမ်းသီးတောင်ငူ နှင့် ..ကိုင်း ထုံးဖြူ ..ပြည် ရှား သာဝါးလို့ထွေး…တဲ့ ဟင် .မောင်နွေစမ်း..မင်းတို့ ငါန်းဇွန် နယ်က ငါန်းမြာဒေသ ဟာ ဆေးရွက်ကြီး မှာတော့ နာမည်ကြီးမှ ကြီးပဲနော }} ဟု လဲ စာဆိုလေးကိုလဲ ရွတ်ပြလိုက်ပြန်သေး၏။
ဆပ်ပြာကျင်းရွာကို ကျော်လာတော့ တဖြည်းဖြည်းကုန်းမြင့်ပေါ်သို့ ရောက်လာခဲ့ပါသည် ထိုအခါ
ကျမှ ဂျွန်က သူ့ဟမ်းဖုန်းလေးကို လှမ်းကိုင်လိုက်ပြီး}} ဒီနေရာက ကုန်းမြင့်တော့ ကုန်းမြင့်ပဲကွ ဖုန်းဆက်လို့
များရမလားမသိဘူး }} ဟုပြောပြောဆိုဆို ပင် ဆက်ကြည့်နေပြန်၏။သို့သော် တုတ်တုတ်မျှမလှုပ်ချေ။
}} ဒို့ ငါန်းဇွန်က ဆက်သွယ်ရေး ဧရိယာရဲ့ အပြင်ဘက်ကိုရောက်နေတာကွ..တံတားဥိးကနေဒီဘက်ကို
လာရင် ထနောင်းကိုင်းရွာကို ကျော်ပြီးတာနဲ့ တပြိုင်နက် ဟမ်းဖုန်းတွေ ဆက်လို့မရတော့ဘူး}} ဟု ရှင်းပြ သော အခါ }} ကုန်းမြင့်ပေါ်ရောက်ရင်တော့ ဆက်လို့ရတယ်လို့ ကျွန်တော့်ကောင်မလေးကပြောလိုက်လို့ ရများ ရမလား ဆိုပြီး ဆက်ကြည့်တာပါဗျာ}} ဟု ဂျွန်ကပြောရင်းဟမ်းဖုန်းကို အိတ်ထဲ ပြန်ထည့်လိုက်ပါသည်။
တကယ်တော့ ဂျွန်၏ကောင်မလေးသည် ငါန်းဇွန်ဇာတိမဟုတ်သော်လဲ သူမ၏အဒေါ်မှာ ငါန်းဇွန် ဇာတိဖြစ်
သဖြင့် အဒေါ်ဖြစ်သူ၏ ကထိန်သင်္ကန်းကပ်လှူပွဲသို့ သူတို့လာကြခြင်းဖြစ်လေသည်။
မင်းကြီးကြပ် ရွာ အနီးသို့ ရောက် သောအခါတွင် လမ်းသည် သိသိသာသာ ဆိုးဝါးလာပြီး မိုးစွေ ထားတာကလဲ မကြာသေးသည့်အတွက် ဗွက်အိုင်ကြီးတွေ ချိုင့်ခွက်ကြီးတွေက အံ့မခန်း ပင် ဆိုးရွားနေပေသည်။
ကားမောင်းနေသော ဂျွန်ခမျာမှာလဲ ဖိုးဝှီး ကို ပြောင်းလိုက်ရ ဂီယာချိန်းလိုက်ရ နှင့် ကားကို တော်တော် ပင် ဂရုစိုက်ပြီးမောင်းနေရရှာပါသည်။ }} ဆရာပေါ်ရေ ဖိုးဝှီး ယူလာပေလို့သာပေါ့ – ဟိုင်းလပ်သာယူလာခဲ့မိရင်တော့
ဟောဒီလမ်းမှာ ညအိပ်ရမှာသေချာတယ်}}ဟု ဂျွန်က ပြောရင်း တခွီးခွီးရယ်နေ၏။ သူက ရယ်နေနိုင်သော်လဲ ဒေသခံဖြစ်သူ ကျွန်တော့်မှာတော့ ဒီလောက်ဆိုးဝါးတဲ့လမ်းနဲ့ သူတို့ကိုဧည့်ခံရသလို ဖြစ်နေသဖြင့်တော်တော်
အားနာနေမိပါသည်။
}} ဟာ..အဲဒီဘက် လမ်းမဟုတ်ဘူး..ဟိုဘက်က မောင်း..ဟိုဘက်ကမောင်း..}} ဂျွန်က လမ်းတည့်
တည့်အတိုင်းကားကို မောင်းနေလေရာရှေ့တွင် ကြီးမားသော ဗွက်အိုင်ကြီး ခံနေသဖြင့်ဆက်မောင်းသွားပါက
ကားသည်ပင် တစ်ဝက်လောက်မြုပ်သွားနိုင်သဖြင့် ကျွန်တော်က ပျာပျာသလဲတားလိုက်ရပါသည်။ အချိန်မှီ တားလိုက်သော်လဲ အရှိန်နဲ့မို့ ကားက ဗွက်အိုင်ထဲ တော်တော်ရောက်သွားခဲ့ပါသည်။ဖိုးဝှီးကို ပြောင်းပြီး ဘက်ဆုတ်တာတောင် စလစ်ဖြစ်နေပြီး တော်တော်နဲ့ နောက်ဆုတ်လို့မရချင်ပေ။ }} ဒီအိုင်ကတော့ ဆက်သာ ဆင်းသွားရင် ..အဝီဇိတောင်ရောက်မလားမသိဘူး.. }}ဟု ပေါ်ဦးသစ်က ပြောရင်း သူ့ထုံးစံအတိုင်း အသံ ဩကြီး နှင့် တဟားဟား ရယ်ပါတော့သည်။ဂျွန်နှင့် ကျွန်တော်လဲ သူ့ပြောစကားကြောင့် အူတက်မတတ် ရယ်ကြရပါတော့သည်။
မင်းကြီးကြပ်ကိုရောက်တော့ ငါန်းဇွန်-ငါန်းမြာ လမ်းအတိုင်း ဆက်မသွားတော့ပဲ မြောက်ဘက်သို့ ကွေ့ပြီး ဆင်ဖြူကုန်းရွာဘက်သို့ သွားရန် အစီအစဉ် ပြောင်းလိုက် ကြပါသည်။ ကွေ့ပြီး မကြာမှီပင် လမ်း၏
အရှေ့ဘက်၌ ဘုရားစေတီ နှင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကို လှမ်းတွေ့လိုက်ရပါသည်။ဘုရားစေတီ သည် ကားပေါ်မှ ကြည့်သောအခါ ဉာဏ်တော် (၉) တောင်လောက်သာရှိမည်ဟု ခန့်မှန်းရသော်လဲ စေတီ၏ လက်ရာသည် ရှေးလက်ရာဆန်ဆန် ဖြစ်နေသဖြင့် ကားကို လမ်းဘေး၌ခေတ္တရပ်ပြီး ဘုရားဖူးရန်ဆင်းလိုက်ကြ၏။
အနီးသို့ရောက်သော အခါ ကျွန်တော်တို့ အားလုံး တအံ့တဩဖြစ်သွားကြရ၏။ဘုရား၏ ရင်ပြင် တောာ်ကြီးတစ်ခုလုံးသည် မြေပြင်ညီ၏အောက် တော်တော်နက်နက် တွင် ရှိနေပြီး ပတ်လေးလည်ကို အုတ် တံတိုင်းများ ကာရန်ထားရာ ကြီးမားသော ကန်ကြီးသဖွယ် ဖြစ်နေ ၏။ ထို့ကြောင့် လမ်းပေါ်မှ မြင်ရသော ဘုရားစေတီ၏ ဉာဏ်တော်မှာလဲ တော်တော်ပင် မြင့်မားလှသည်ကို တွေ့လိုက်ရပါသည်။ထို့ပြင် အခြားသော ဘုရားစေတီ (၅) ဆူလောက်လဲ ရှိနေလေသည်။ ထိုအချင်းအရာကိုမြင်သောအခါ ကျွန်တော်ကပါ တအံ့
တဩဖြစ်နေသဖြင့် }} ကိုနွေစမ်း..ခင်ဗျားလဲ မရောက်ဘူးသေးဖူးမဟုတ်လား..}} ဟု ပေါ်ဦးသစ်က သရော်
တော်တော် နှင့် ပြောတော့သည်။ဟုတ်လဲ ဟုတ်နေသဖြင့် ရှက်ပြုံးလေးပြုံးရင်း အသာပင် ငြိမ်နေလိုက်ရပါသည်။
အနီးရှိ ဘကြီးတစ်ဦးကို အကျိုးအကြောင်း နှင့် ဘုရားသမိုင်းကို မေးကြည့်သောအခါ ရှေးဘုရား တော့ ရှေးဘုရားပဲဗျ -ကျုပ်တို့ငယ်ငယ်ကတည်းကရှိတာဘဲ ဘယ်တုန်းတည်ခဲ့တယ်တော့ ကျုပ်လဲမသိဘူး }} ဟု ပြန်ဖြေပါသည်။ }} ဒီလို မြေပြင်ညီရဲ့ အောက် တော်တော်နက်နက်မှာဘုရားရင်ပြင်ဖြစ်အောင် သေချာ လုပ်ထားတာလားလို့မေးတော့ }} မဟုတ်ဘူးဗျ -လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀)ကျော်လောက်တုန်းကကြီးမားတဲ့ မိုးရေ
နဲ့ ချောင်းရေ တွေ လွှမ်းသွားပြီး မြေတွေ ပို့သွားလို့ ဘုရားက အောက်ထဲ ရောက်သွားတာ }}ဟု ပြော၏။
သဘာဝ တရား၏ ပြုပြင် ဖန်တီးမှု တွေက အံ့ဩစရာကောင်းသလို သံဝေဂရစရာ-ကြောက်စရာ
လဲ ကောင်းလှပါသည် ။ လွန်ခဲ့သော နှစ်(၃၀)ကျော်လောက်က ဤနေရာဝန်းကျင်ရှိ ရွာသူ ရွာသားတွေ အားလုံး အကြီးအကျယ်ဒုက္ခရောက်ခဲ့ကြမှာ မလွဲတော့ပေ။
ထိုမှ ဆက်၍ ဆင်ဖြူကုန်းရွာဘက်သို့ ထွက်ခဲ့ကြပါသည်။ရွာသို့ မရောက်မှီစိုက်ခင်းပြင်ကျယ်ကြီးကို
ဖြတ်ကြရပါသည်။ဆေးရွက်ကြီး စိုက်ခင်းကိုတွေ့သဖြင့် ပေါ်ဦးသစ်က ကားပေါ်မှ ဆင်းပြီးဓာတ်ပုံရိုက်ပြန်၏။
အခင်း၏ ဟိုဘက်ထိပ် ခပ်လှမ်းလှမ်းတွင် ပေါင်းသင် မြေဆွ လုပ်နေကြသော အဖွဲ့ တစ်ဖွဲ့ကို တွေ့ရ၏။ ညနေခင်းနေဝင်ရီတရော၏ အလင်းရောင်နှင့်အတူ လှပဝေဆာစွာ ဖြစ်ထွန်းနေသောဆေးရွက်ကြီးစိုက်ခင်းကို
ရှုထောင့်စုံမှ ဓာတ်ပုံရိုက်လို့ကောင်းနေ၏။
တိုင်ထောင်ခရမ်းချဉ် စိုက်ခင်းကိုတွေ့တော့လဲ ဓာတ်ပုံတွေ အမျိုးမျိုးရိုက်ပြန်၏။ ကုလားပဲခင်း၊ ပဲခင်း၊တွေကိုကောင်းကင်ပြာနှင့် ရွာတန်းရှည်တို့ကို နောက်ခံထားလျှက် ရှုခင်းအလှ ဓာတ်ပုံများရိုက်ပြန်၏။ ထိုရှုခင်းများကိုရိုက်ရသောအခါ }}ဒ ါမျိုးနေရာတွေကျတော့ မျိုးဆွေသန်း ဆီက ကင်မရာလို အဝေးကို ဆွဲပြီးရိုက်နိုင်တဲ့ ကင်မရာကောင်းကောင်းကလိုပြန်ရောကွ}}ဟု သူ့လက်ထဲတွင်ကိုင်ထားသော (၇)သိန်းခန့် တန်သည့် နီကွန်ကင်မရာကိုပင် အားမနာပဲ ပြောနေပြန်၏။
ဤ သို့နှင့်ပင် ဓာတ်ပုံဆင်းရိုက်လိုက် ဆက်သွားလိုက် နှင့် ဆင်ဖြူကုန်းရွာသို့ ရောက်ခဲ့ကြ၏။
ထိုရွာ၏ ဥက္ကဌ ကို ကျွန်တော်သိသော်လဲ အခုကိစ္စက သူနဲ့ တွေ့ရန်အကြောင်းမရှိသဖြင့် နီးရာ တွေ့ရာ ရွာသားတစ်ယောက်ကို လှမ်းခေါ်ပြီး ရွာအကြောင်း နှင့် ဘုရား စေတီ ပုထိုးဘုန်းကြီးကျောင်း၊စာသင်ကျောင်း
တွေကို မေးရင်းလိုက်ပြခိုင်းလိုက်ပါသည်။
ထိုရွာသားက ဘုန်းကြီးကျောင်းက ဒီဘက်မှာ ဟု ခေါ်ဆောင်သွားရင်း အရက်ချက်တာက ဟိုအိမ်၊လိုင်စင်မရှိပဲ အုတ်ဖုတ်တာက ဘယ်နေရာ ၊မူလတန်းကျောင်းအုပ်က ကျောင်းမလာဘူး စသဖြင့် သူပြောချင်တာတွေ ကို တတွတ်တွတ် ပြောပြနေတော့၏။ ပေါ်ဥိးသစ်ကတော့ ရယ်မောရင်းဖြင့်ပင်
}} ကျွန်တော်တို့က အဲဒီကိစ္စတွေအတွက် လာတာမဟုတ်ပါဘူးဗျာ}} ဟု ပြန်ပြောသော်လဲ ထိုရွာသားက လက်မခံပဲ ဆက်ပြောမြဲသာပြောနေပြန်၏။
ဆင်ဖြူကုန်းရွာမှ ပြန်ထွက်ခဲ့ကြသောအခါ ရှေ့တွင် လှည်းတစ်စီးနှင့် ဆုံနေသဖြင့် ကားကို ရပ်ပေး ထားစဉ် အရှေ့ဘက်သို့ လှမ်းကြည့်လိုက်သောအခါ ရွာ၏အရှေ့ဘက် မလှမ်းမကမ်း၌ ဘုရားစေတီများကို တွေ့ရ၏။ ထိုဘုရားများကို ဆင်ဖြူရှင်မင်းတရားကြိး တည်ခဲ့တာဟုလဲ စောစောကရွာသားက ပြောပြခဲ့ ပါ သေးသည်။နေဝင်စပြုနေသဖြင့်၎င်း၊ရွံ့နွံတွေ ထူထပ် ပြီးသွားလာရန်ခက်ခဲနေသဖြင့်၎င်း၊ထိုဘုရားများရှိရာသို့ ကျွန်တော်တို့ မရောက်ဖြစ်ခဲ့ချေ။
ဆင်ဖြူကုန်းရွာသည် ဧရာဝတီမြစ်၏တောင်ဘက်ကမ်းတွင်ရှိပြီး စိုက်ခင်းဧရိယာတော်တော် များများမှာ မြစ်ရေတိုးလျှင် ရေမြုပ်သဖြင့် မြေဆီမြေဩဇာ ထက်သန်လှသော သဲနုံးစပ် သည့် ကိုင်းမြေတွေ များပေသည်။ထိုရွာ၏တဖက်ကမ်းတွင် မြင်းမူမြို့ရှိ၏။သူငယ်ချင်းပေါ်ဦးသစ်သည် မြင်းမူမြို့ဇာတိဖြစ်သဖြင့် သူ့မြို့ရွာ၏တဖက်ကမ်းမှာရှိသော ဆင်ဖြူကုန်းရွာကလေးကို ရောက်ဖူးအောင် အလည်အပတ်လာခြင်း သဘောဖြစ်ပေလိမ့်မည်။
အပြန်လမ်းတွင် ပေါ်ဦးသစ်က }} ဒီလိုနေရာ ဒေသမျိုးမှာ ခင်ဗျားဘယ်လိုလုပ်ပြီးနေသလဲဗျာ…
.မပျင်းဘူးလား..]] ဟု စာနာစိတ်နှင့်မေးလာပါသည်။ ]] ပျင်းတယ်လို့လဲ ဘယ်ဟုတ်မလဲဗျာ ကိုယ့်ဘဝနဲ့ကိုယ်
သင့်သလိုပဲ ကြည့်ပြီးနေရတာပေါ့ }} ဟု ပြန်ဖြေမိ၏။
သူနှင့် ကျွန်တော်က မန္တလေးတက္ကသိုလ်မှာ ဆုံ ခဲ့ကြပြီး တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း နှင့် မြကွန်းသာ နံရံကပ်စာစောင် တို့တွင်စာတိုပေစ လေးတွေရေးကြရင်း ညီအစ်ကိုလို စိတ်ချင်း ရင်းခဲ့ကြ၏။
ထို့နောက် သူက ဘွဲ့ရပြီး ဗိုလ်သင်တန်း ဆက်တက်ခါ အခုတော့တပ်မှူး ဖြစ်နေပေပြီ။သူဝါသနာပါရာ စာပေ တွေ ကိုလဲ အစဉ်တစိုက်ပင် ရေးလိုက် ဖတ်လိုက်နှင့် စာရေးဆရာကြီး ဖြစ်စပြုပေပြီ။
ကျွန်တော်ကတော့ ဝန်ထမ်းမလုပ်ဖြစ်ပဲ နို့ဆီဖြန့်ချီရေးလုပ်ငန်းကို လုပ်မိရာမှ နို့ချက်လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်ရင်း ဇာတိဖြစ်သော ငါန်းဇွန်သို့ ပြန်လည် အခြေချ နေထိုင်ဖြစ်ခဲ့သည်။ဝါသနာပါသော စာတို ပေစ ကို ရေးချင်သော်လဲ ရေးရန် အချိန်မရ။အချိန်ရပြန်တော့လဲ လုပ်ငန်းသဘာဝက စာပေ နှင့် မဆက်စပ် သည့်အတွက် စာပေရေးသားခြင်းတည်းဟူသော အာရုံဝင်စားရန် တော်တော်အားယူရပြန်၏။ ဤသို့နှင့်ပင်
စာတွေ သာဖတ်ဖြစ်ပြီး မရေးဖြစ်တာကများခဲ့၏။
သူနှင့် ကျွန်တော် ကျင်လည်ခဲ့သော မန္တလေးတက္ကသိုလ် ပညာသင်နှစ်များမှ သူငယ်ချင်းအများစု
သည် ယခုအခါတွင် နိုင်ငံကျော်အဆိုတော်ကြီးတွေ၊စာရေးဆရာကြီးတွေ ၊တေးရေးဆရာကြီးတွေ၊ ဗိုလ်မှူးကြီးတွေ ပန်းချီဆရာကြီးတွေ၊ ထုတ်ဝေသူကြီးတွေ ၊အယ်ဒီတာကြီးတွေ ၊ကထိကကြီးတွေ၊ ဘာသာရပ်ဆိုင်ရာ ဒေါက်တာ
ကြီးတွေ၊ အရာရှိကြီးတွေ ၊ စသည် စသည် ဖြင့် အခြေအနေမြင့်မားပြီး တောက်ကြွားနေကြသူတွေများ၏။
ထိုအုပ်စုထဲမှ ကျွန်တော်တစ်ယောက်လောက်သာလျှင် ကျေးလက်ဒေသ၏ ရင်ခွင်ထဲမှာကျန်ရစ်
ခဲ့သည်ဟုဆိုရမည်ဖြစ်၏။သူတို့တတွေကတော့ ယခုထိပင် အုပ်စုမကွဲသေးဟုဆိုရမလောက်ပင်တစ်ယောက်နှင့်
တစ်ယောက် အဆက်အသွယ်မပြတ်ကြပေ။ဟမ်းဖုန်းကိုယ်စီလဲရှိကြသဖြင့် တစ်ယောက်တစ်နေရာ နေကြ ရ သော်လဲ အတူတွေ့ကြသကဲ့သို့ အားရပါးရ စကားပြောနိုင်ကြပြန်၏။
]] ငါန်းဇွန်မှာ အော်တိုဖုန်းတွေ ဆင်တော့မယ်ဆို ဗျ..ဘယ်လောက်ကျသတဲ့လဲ..ခင်ဗျားရော .ဖုန်းယူသေးလား }}
]] မယူနိုင်ပါဘူးဗျာ..ဖုန်းတစ်လုံးကို (၇)သိန်းခွဲ တဲ့ ကျွန်တော် ဘယ်တတ်နိုင်မလဲ..}}
သူငယ်ချင်းက အော်တိုဖုန်းတွေဆင်ရင်တော့ ငါ့လူနဲ့ အဆက်အသွယ်မပြတ်တော့ဘူးဟူသောအထင်နှင့် မေးလိုက်သော်လဲ ကျွန်တေ့်စကားကြောင့် သူ့မှာအားမရှိဘူးဖြစ်သွားရတော့၏။
ကျွန်တော့်မှာတော့ အောင်မြင်တဲ့လုပ်ငန်းရှင် တစ်ယောက်အဖြစ်သို့ ရောက်ရှိရန် လိုအပ်သောကံက
ပါလာ ပုံမရခဲ့ပေ။ စားဝတ်နေရေး ပြေလည်ယုံနှင့်ပင် ဖြစ်သလို နေလာခဲ့သည်မှာ ဆယ်စုနှစ်ပင်ကျော်ခဲ့ပေပြီ။
ထို့ကြောင့်လဲ ကျွန်တေ့်လို သူငယ်ချင်းတွေကို သတိရပြီး
]]လွင်ပြင်ဒေသ၏ခေါင်မိုးများကို တောင်ကုန်းဒေသမှာနေတဲ့သူတွေက အပေါ်ဆီးမှ မြင်နိုင်
သော်လဲ လွင်ပြင် ဒေသမှာ နေသူ အချင်းချင်းကတော့ ဘာမျှ မြင်နိုင်မည် မဟုတ်ချေ}} ဟု နန်းမြင့်ဂျာနယ်ထဲတွင် သူငယ်ချင်းပေါ်ဦးသစ်က ရေးသားခဲ့ခြင်းဖြစ်ပေလိမ့်မည်။
ကံဆိုသည်မှာ ယခင်ဘဝဘဝ များက ပြုလုပ်အားထုတ်ခဲ့သော ကာယကံ ဝစီကံ မနောကံ တို့ နှင့် ယခုပစ္စုပ္ပန်တွင် ပြုလုပ် အားထုတ်ခဲ့သော ကာယကံ ဝစီကံ မနောကံ များသာဖြစ်သဖြင့်အတိတ်၏ကိစ္စ
တို့ကို ကျွန်တော် မတတ်နိုင်တော့သော်လဲ ပစ္စုပ္ပန်ကံသည် လက်ထဲမှာရှိနေသဖြင့် လိုချင် ရချင် ရောက်ချင် သော အဆင့်တစ်ခုသို့ ရောက်ရှိတက်လှမ်းနိုင်ရန် ဉာဏ် နှင့် ဝီရိယ တို့ကို လိုသလို ပေါင်းစပ် ကြိုးစား ရဦး တော့မည်သာဖြစ်ပေသည်။
သန်းထွန်းဦး(ငါန်းဇွန်)