fbpx

ကိုဗစ်က မင်း အနားမှာပါ၊ မစစ်ကြည့်လို့ မသိတာပါ နှင့် အနံ့ အရသာပျက်ခြင်း ပြဿနာ

ဒီဆောင်းပါးလေးကို ဆရာဒေါက်တာမိုးကျော်သူ Mkt Burman ရေးသားထားတာ ဖြစ်ပါတယ်။ ဆရာက Newcastle university Malaysia က AP Microbiologist တစ်ယောက်ဖြစ်ပါတယ်။ကိုဗစ်ဖြစ်ပြီဆိုရင် အနံ့အရသာ ဘာလို့ပျောက်တာလဲဆိုတာကို အသေအချာရှင်းပြထားပြီး လုံး၀ မပေါ့ဆကြဖို့သတိပေးရေးသားထားတာလေးဖြစ်ပါတယ်။ဒီနေ့ဆိုရင်မြင်းခြံ ပါလာပြီး သူနဲ့ထိတွေ့ဆက်စပ်ခဲ့တဲ့ ဆရာဝန်တွေ၊သူနာပြုတွေ၊ဝန်ထမ်းတွေ၊စသဖြင့် သူနဲ့ဆက်စပ်ခဲ့သမျှတွေကတစ်ဆင့် ကိုဗစ်က မင်းအနားမှာပါ ၊မစစ်ကြည့်သေးလို့ မသိတာပါ ဆိုတာ တကယ်ကြီးဖြစ်လာနေတာမို့ အားလုံးပဲ လုံးဝမပေါ့ဆကြဖို့အတွက် ဆရာဒေါက်တာမိုးကျော်သူ Mkt Burman ကိုခွင့်တောင်းပြီး သူ့မူရင်းအတိုင်းပဲ  ပြန်လည်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။

ကိုယ်တို့ တိုင်းပြည်ရဲ့ သတင်းများတော့ အချိန်လေးရတာနဲ့ လာဖတ်ပါတယ်။ ရခိုင်ကနေ စခဲ့တာ ရန်ကုန်ကို တဖြည်းဖြည်း ရောက်လာတာလည်း မြင်ရ ကြားရပါတယ်။ ကြောက်တဲ့သူတွေလည်းကြောက်၊ မထူးပါဘူးကွာ ပြောတဲ့သူလည်းပြော။

နေ့လည်က ကိုယ်တို့ ဆရာကြီးများ ဆွေးနွေးကြတာကိုလည်း နားထောင်လိုက်ပါတယ်။ ကာကွယ်တဲ့ အဆင့်ကို ကျော်လာခဲ့ရင် ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အင်အား ထောက်ပံ့နိုင်တဲ့ အင်အားနဲ့ မလုံလောက်တဲ့ အခြေအနေရောက်ခဲ့ရင် ဘာလုပ်ကြမယ်ဆိုတဲ့ အဆိုးဆုံး အခြေအနေထိ ကြိုတင်ပြင်ဆင်ထားတဲ့ အတွက်လည်း ကျေနပ် ကျေးဇူးတင်ပါတယ်။

ကိုယ်တယောက်ထဲရဲ့ အမြင်ကို ပြောရရင်တော့ ဒီကမ္ဘာမြေပေါ်က အချိန်တို အတွင်းမှာ ကိုဗစ် ပျောက်သွားဖို့ ဆိုတာ အခွင့်အရေး တော်တော်နဲသွားပါပြီ။ ကိုဗစ်နဲ့အတူ ဘယ်လို ဆက်နေကြမလဲ ဆိုတဲ့ အခြေအနေကို စဉ်းစားကြဖို့ အချိန်ရောက်လာပြီလို့ ထင်ပါတယ်။

လွန်ခဲ့တဲ့ နှစ်လလောက်က ရေးခဲ့ဖူးတဲ့ ကိုဗစ်ကပ်ရောဂါကို ကျော်လွှားခြင်းဆိုတဲ့ အကြောင်းမှာ ရှင်းပြခဲ့သလို ကာကွယ်ဆေး ထုတ်နိုင်ခဲ့တဲ့အခါ ဒါမှမဟုတ် မျိုးရိုးဗီဇပြောင်းသွားတဲ့အခါ ဖြေးဖြေးချင်း ပျောက်ကွယ်သွားနိုင်စရာ ရှိတယ်လို့ ပြောခဲ့ဖူးတယ်။

ကာကွယ်ဆေးတွေ အခြေအနေကြည့်ရင် လောလောဆယ်မှာ ရုရှားကထုတ်တဲ့ Sputnik ကို သူ့အစိုးရက အခု သြဂုတ်လ ၁၁ ရက်နေ့က Approve ဖြစ်တယ် ပြောပေမဲ့ အနောက်ကမ္ဘာကတော့ အယုံအကြည်ရှိပုံ မရ။ Clinical trial အဆင့် လေးဆင့်မှာ နောက်ဆုံးအဆင့်က အဖြေတွေတောင်းတော့ မပြနိုင်။ ပူတင်ကလည်း ထရမ့်နဲ့ သိပ်မထူးလှ။ အကြောင်းပြစရာ ရှားလို့။ သူ့သမီးကို ကာကွယ်ဆေးထိုးတယ် ပြောတယ်။ အဲဒါ ယုံစရာလား။

WHO က ဦးဆောင်ပြီးလုပ်နေတဲ့ COVAX လို့ခေါ်တဲ့ ကာကွယ်ဆေးထုတ်တဲ့ အစီအစဉ်မှာ ကာကွယ်ဆေး (၇) မျိုးက အဆင့် သုံးကို ရောက်လာပြီဆိုတော့ မဆိုးတော့လို့ ပြောနိုင်တယ်။ ဒါပေမဲ့ ခန်းမှန်းကြတာတော့ နောက်ထပ် တစ်နှစ်ကနေ တစ်နှစ်ခွဲကြာနိုင်တယ်လို့ ဆိုတယ်။ ဒီစကား ပြောရတာ စိတ်ထဲ မကောင်းပေမဲ့ အမှန်အတိုင်းသိတာ ကောင်းမယ်ထင်လို့ WHO က ကြားတဲ့ သတင်းအတိုင်း ပြောပြတာပါ။

မျိုးရိုးဗီဇပြောင်းတဲ့ အကြောင်းကတော့ ကိုယ်တို့တိုင်းပြည်မှာ လူတိုင်းသိတဲ့ ကိစ္စမို့ အရှည်မရှင်းတော့ပါဘူး။ သူ့ရဲ့ မျိုးရိုးဗီဇ RNA က အမြဲပြောင်းနေတဲ့ သဘာဝရှိတယ်။ RNA ပြောင်းရင် protein ပြောင်းတယ်။ အဲ့အခါ ဒီဗိုင်းရပ်ရဲ့ ကူးဆက်ပုံနဲ့ ရောဂါဖြစ်ပွားပုံတွေ ပြောင်းတယ်။ အခုပြောင်းသွားတဲ့ G614 က မတ်လလောက်ကတဲက ဝူဟန်မှာ စခဲ့တယ်၊ နောက်တော့ ဥရောပကို ရောက်သွားတယ်လို့ ယူဆကြတယ်။ အခုတော့ ကိုယ်တို့တိုင်းပြည် အလည်ရောက်တာပေါ့လေ။ ဒီလို မျိုးရိုးဗီဇ ပြောင်းတာ နောက်လဲပြောင်းနေအုန်းမယ်။

အခုပြောင်းလဲမှုက ရောဂါဖြစ်ပွားပုံ နဲနဲပြောင်းတယ်လို့ ယူဆကြတယ်။ နှာခေါင်းနဲ့ အသက်ရှုလမ်းကြောင်း အပေါ်ပိုင်းမှာ ပိုနေ ပိုပွားတယ်လို့ ဆိုတယ်။ အဲတော့ အဆုတ်ကို သိပ် မထိခိုက်တဲ့ အတွက် အသေအပြောက် နည်းနိုင်တယ်။ ဒါပေမဲ့ လူပေါ်မူတည်မှာပါ။ ဝင်လာတဲ့ ဗိုင်းရပ်က အရမ်းများပြီး ကိုယ်ခံအားကလည်း မကောင်းရင် အရင်ကလို အသေအပျောက်ရှိမှာပေါ့။

မကောင်းတာတဲ့ အချက်က ကူးစက်တာ ပိုမြန်တယ်။ အသက်ရှုလမ်းကြောင်း အပေါ်ပိုင်းမှာ နေတဲ့အတွက် ပိုပြီး ကူးစက်လွယ်တယ်လို့ ဆိုတယ်။

အခုပြောင်းလဲတဲ့ ကိုဗစ်က အသက်ရှုလမ်းကြောင်း အပေါ်ပိုင်းမှာ နေရတဲ့ တခြားအကြောင်းလည်း ရှိတယ်။ အရင်ကောင်က ခန္ဒာကိုယ်ထဲ ဝင်ဖို့အတွက် ACE-2 လို့ ခေါ်တဲ့ ကိုယ်ထဲက လက်ခံနိုင်တဲ့ ပရိုတိန်း (receptor) လေးတွေကို ပေါင်းပြီး ဝင်လာတယ်။ အခုပြောင်းလာတဲ့ကောင်က ACE-2 တင်မက TMPRSS-2 လို့ ခေါ်တဲ့ နောက်ထပ် ပရိုတိန်းလေး လိုအပ်တယ်။ အဲဒီ TMPRSS-2 က နှာခေါင်းနောက်ပိုင်းနဲ့ အသက်ရှုလမ်းကြောင်း အပေါ်ပိုင်းမှာ ပိုများတယ်။ အဲတော့ အဆုတ်ထဲ ရောက်တဲ့အဆင့် မဟုတ်တော့ဘဲ နှာခေါင်းနောက်ပိုင်းမှာဘဲ နေတော့တယ်။

အဲဒီမှာ ပြသနာလေး တစ်ခုက ဝင်လာတယ်။ အခု ဗိုင်းရပ်ဝင်လာရင် အနံ့အသက် မရတာနဲ့ အစားအသောက် အရသာ မရှိတော့တာ။ အခု ဗိုင်းရပ်က နှာခေါင်း နောက်မှာရှိတဲ့ အာရုံကြော နံပါတ် ၁ (olfactory nerve) ကို ရောင်ရမ်းစေတယ်။ အဲဒီ အာရုံကြောက အနံ့ အာရုံခံလို့ ရအောင်လုပ်ပေးတယ်။ ဆိုတော့ ဗိုင်းရပ်ဝင်ရင် အနံ့ကောင်းကောင်း မရတော့ဘူပေါ့။ သုတေသန စာတန်းတခုမှာတော့ လူ ဆယ်ယောက်မှာ ခုနှစ်ယောက် ဖြစ်တယ်လို့ ဆိုတယ်။

အရသာလည်း အဲလိုပါဘဲ။ အာရုံကြော နံပါတ် ၇ (facial nerve) နဲ့ နံပါတ် ၉ (Glossopharyngeal nerve) တို့ကို ထိခိုက်တယ်။ အဲဒီမှာ အရသာပျက်တယ်။ တခုတော့ သတိထားပါ။ အနံ့အသက် မရတာ အစားအသောက် အရသာပျက်တိုင်း ဗိုင်းရပ်ဝင်ပြီလို့ မယူဆ စေလိုပါ။

ရခိုင်ပြည်သူတွေလည်း အေးချမ်းကြပါစေ။ အထင်လွဲချင်း ကင်းကြပါစေ။

.

မြန်မာပြည်သူများလည်း ကိုယ့်အသိနဲ့ကိုယ် ကိုယ့်ကိုကိုယ် စောင့်ရှောက်ကြပါ။ ကိုဗစ်က မင်းအနားမှာပါ၊ မစစ်လို့ မသိတာပါ။

Mkt Burman ရေးသားပါသည်။

Vector-New-Logo

Login with Social Media and SMS

or