fbpx

“ပစ္စုပ္ပန်ထဲသို့ ရောက်လာနိုင်သောအိပ်မက်များ”

            စေတနာကို “ကံ”လို့ခေါ် ကြောင်း တော်တော်များများသိကြပြီးဖြစ်ပါတယ်။စေတနာဆိုရာမှာလဲ ကုသိုလ်နဲ့ယှဉ်တဲ့စေတနာ၊အကုသိုလ်နဲ့ယှဉ်တဲ့စေတနာရယ်လို့ ကွဲပြားပြန်တယ်။အဲဒီလို စေတနာတွေ စိတ်ထဲမှာဖြစ်ယုံနဲ့ ပဲ မနောကံ ရယ်လို့ ဖြစ်သွားပြီး မိမိရဲ့ စိတ်ထဲမှာ ကိန်းဝပ် သွားတာပါ။ အပင်ပေါက်စေနိုင်တဲ့ စွမ်းရည်သတ္တိတွေကိန်းနေတဲ့မျိုးစေ့လေး လိုဖြစ်သွားတယ်။ဒီကံတွေရဲ့ အကျိုးပေး ပုံကိုပြောရရင် စိတ်တစ်ခုဖြစ်တိုင်း ဇော(၇)ကြိမ် ဖြစ်လေ့ရှိပါတယ်။ဒီလို ဇော(၇)ကြိမ်ထဲကမှ ပထမဇော က အခုဘဝမှာ (၇)ရက်၊(၇)လ (၇)နှစ် အတွင်းအကျိုးပေးပါတယ်။သတ္တမမြောက်ဇော ကတော့ ဒုတိယ ဘ၀ ကစပြီး အကျိုးပေးပါတယ်။အလယ်ဇော (၅)ချက်ကတော့ တတိယဘ၀ ကစပြီး ဘုရားရဟန္တာဖြစ်တဲ့ နောက်ဆုံးဘဝအထိ အကျိုးပေးဖို့ အရိပ်ပမာ လိုက်နေမှာပါ။ဒါကြောင့် ကိုယ့်စိတ် ကလေးမှာ အမှတ်တမဲ့နဲ့ ထင်ဟပ်လာမယ့် အာရုံတွေ ၊အတွေးတွေကို အထူးသတိထားဖို့လိုပါတယ်။
            လူတစ်ယောက် သေဆုံးခါနီးမှာ ကမ္မနိမိတ် ဂတိနိမိတ်တွေ ပေါ်ပြီး အဲဒီအာရုံတွေနဲ့ပဲ ပဋိသန္ဓေစိတ် က စတင်တယ်လို့ ဆိုပါတယ်။တကယ်တော့ ရုပ်နာမ်ဓမ္မ အားလုံးဟာ စက္ကန့်နဲ့အမျှ ဖြစ်ပေါ်လာလိုက် ပျက်သွားလိုက်၊ ဖြစ်ပေါ်လာလိုက် ပျက်သွားလိုက်နဲ့ မွေးဖွားခြင်း၊သေဆုံးခြင်းတွေ ဖြစ်နေကြတာပါ။ အများစုသိထားကြတဲ့အတိုင်း လူမှာ သိစိတ်နဲ့မသိစိတ်ဆိုပြီး (၂)မျိုးရှိ တယ်။အဲဒီမှာ မသိစိတ်ဆိုတာကို အဘိဓမ္မာသဘောအရ ဘဝင်စိတ်လို့ခေါ်ပါတယ်။ဒီ ဘဝင်စိတ်ထဲမှာ ကိုယ်ပြုခဲ့တဲ့ကံအရ ဖြစ်ပေါ်ခဲ့တဲ့ဇော(၇)ကြိမ် ပေါင်းများစွာဟာ အတိတ်ကံ ရဲ့ကိစ္စ အဖြစ်ပါဝင်နေပါတယ်။ဒီဘဝင်စိတ်တို့ ရဲ့ ဖြစ်စဉ်ဟာ အတိတ်ကံအဟုန်နဲ့သာ သွားနေ တာဖြစ်ပြီး ကံအဟုန်ကနေ ဖန်တီးပေးလိုက်တဲ့ အာရုံနဲ့ စခန်းသွားနေတာသာဖြစ်တယ်။ လက်ရှိ ဘဝမှာ ကြုံတွေ့ ရတဲ့ မျက်စိ၊ နား၊ နှာ လျှာ၊ ကိုယ် ၊ စိတ်

ဆိုတာတွေကနေ ရယူပေးတဲ့ အာရုံတွေပေါ်ပေါက်လာပြီဆိုရင်တော့ အဲဒီဘဝင်စိတ်က ရပ်တန့်သွားပြီး သိစိတ်ကို အလှည့်ပေးပါတယ်။

            အဲဒီလိုပဲ တစ်ချို့စိတ်တွေက ကံရဲ့ အကျိုးတရား အဖြစ်နဲ့ ပေါ်ပေါက်လာတာမျိုးရှိသလို တချို့ စိတ်တွေကျတော့လည်း ကံရဲ့ အကျိုးတရား မဟုတ် ပဲ သူတို့ကိုယ်တိုင်ကိုက ကံအသစ်ကို ဆောင်ရွက်တဲ့ စိတ်တွေ ပေါ်လာတာမျိုးလည်းရှိပါတယ်။ ဘယ်လိုလဲဆိုတော့ ယောနိသောမနသီကာရ သင့်တင့် လျှောက်ပတ်စွာ နှလုံးသွင်းတာမျိုးဆိုရင် ကုသိုလ် တွေဖြစ်လာသလို အ ယောနိသော မနသီကာရ မမှန်မကန်နှလုံးသွင်းမိရင်လည်း အကုသိုလ် တွေဖြစ်လာတယ်။ ဒါတွေဟာ ကိုယ့်ရဲ့နှလုံးသွင်းမှုအပေါ်မှာ မူတည်ပြီး ပစ္စုပ္ပန်မှာပေါ်လာတတ်တာတွေပါပဲ။ ဒီလိုနည်းအားဖြင့် ဘဝတွေကို ဖြတ်သန်းနေကြရတာပါ။
                ဒီဖြစ်စဉ်ကို အခြေခံပြီး ပြောချင်တာက ကိုယ့်စိတ်မှာ ထင်ဟပ်လာနေတဲ့ အတွေးတွေကို သတိ ထား ဖို့ပါ။ ဘာလို့လဲဆိုရင် အဲဒီအတွေးတွေ ရဲ့အတိမ်အနက် အတိုင်းအတာအရ ဇောစိတ်တွေ အမျိုးမျိုးဖြစ်ပြီး အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် အာရုံနိမိတ်တွေလို့ ပြောရင်လည်းရနိုင် တာမို့ပါ။အရာရာတိုင်းဟာ အတိတ် ကံ တစ်ခုတည်းကြောင့်ဖြစ်ပေါ်နေတာမဟုတ်သလို ၊တစ်ခါတစ်ရံကျတော့လည်း အတိတ်နဲ့ပစ္စုပ္ပန် (၂)ခုပေါင်းပြီး ဖြစ်ပေါ်ရတာမျိုးတွေလည်းရှိတတ်ပါတယ်။အဲဒီအာရုံနိမိတ်တွေ ရဲ့ အနုအရင့် ၊အကြီးအသေး၊ အဖိအဖေါ့ ဆိုတာ တွေအပေါ်မှာမူတည်ပြီး လက်တွေ့ဖြစ်လာနေတာပါ။ အဲဒါကြောင့် “မကောင်းတာကိုမတွေးနဲ့ မကောင်း တာကိုမပြောနဲ့” လို့ ရှေးလူကြီးတွေက ပြောလေ့ရှိကြတာပါ။ခေတ်သဘောအရပြောရရင် Facebook မှာ ကြည့်ရင်တောင် အနိဋ္ဌာရုံဆန်တဲ့ Post တွေကို မမြင်သလိုကျော်လွှားပြီး ၊အပြု သဘော ဆန်တဲ့ ဣဋ္ဌာရုံ ဆန်ဆန် Post တွေကိုသာ Likeပေးတာမျိုး ၊ကြည့်တာမျိုး လုပ်သင့်ပါတယ်။

ချစ်ခင်ကြင်နာမှုတွေ၊နားလည်ခွင့်လွှတ်မှုတွေ၊ကျေးဇူးသိတတ်ခြင်းတွေ၊ပျော်စရာတွေ၊ချမ်းသာကြွယ်ဝမှုတွေ ၊စသဖြင့် အပြုသဘောဆောင်တဲ့ အတွေးတွေ စိတ်နေစိတ်ထားတွေဆိုတာက ရေဆန်ကို လှော်ခပ်ရသလိုမျိုးမို့ သူ့အလိုလို ခရီးပေါက်ဖို့ခက် တာကြောင့် အဖန်ဖန်လေ့ကျင့်မွေးမြူပေးနေမှ ဖြစ်မှာပါ။



            ဝမ်းနည်းပူဆွေးမှုတွေ၊သောကတွေ၊အဆင်မပြေခြင်းတွေ၊စိတ်ညစ် စိတ်ရှုပ်စရာတွေ ၊ကြောက်ရွံ့တုန်လှုပ်ခြင်းတွေ စသဖြင့် အပျက်သဘော ဆိုတာတွေကတော့ ရေစုန်လိုပါပဲ အားစိုက်လှော်ခတ်ခြင်းမပြုပဲ သူ့အလိုလို မျောပါနေတတ်တာတွေမို့ အဲဒါမျိုးအတွေးတွေကို အထူးပဲ ဂရုစိုက် ကျော်လွှားနိုင်ဖို့လိုပါတယ်။မဖြစ်မနေ မလွှဲမရှောင်သာကြုံလာရင်တောင်မှ ကိုယ့်စိတ်ကိုယ့်အတွေးထဲကနေ စက္ကန့်မဆိုင်းပဲ မောင်းထုတ်ကျော်လွှားနိုင်အောင် စိတ်ကို အားသစ်လောင်းထားဖို့လိုပါတယ်။
            အနှစ်ချုပ်အားဖြင့်ပြောရရင် အတိတ်ကံတွေ ဘယ်လိုပဲဖြစ်ဖြစ် ပစ္စုပ္ပန်ကံက ကိုယ့်လက်ထဲမှာရှိနေတာပါ။ဇော(၇)ကြိမ်ရဲ့ ပထမဇော တိုင်းဟာ ဒီဘဝမှာ အကျိုးပေးတာမို့ ကုသိုလ်စိတ်တွေ ထုံမွှမ်းနေတဲ့ အကောင်းဆုံးသော ကာယကံ၊ဝစီကံ၊မနောကံတွေကို ဖိဖိစီးစီးတည်ဆောက်ပြီး ထက်မြက်တဲ့ပထမဇောတွေကို ရယူခွင့်ရှိနေတယ်လေ။အဲဒီ ပထမဇောတွေထဲမှာ ကိုယ်ဖြစ်ချင်တဲ့အာရုံတွေ ၊အိပ်မက်လေးတွေ ၊ဣဋ္ဌာရုံတွေ အားကောင်းမောင်းသန်နဲ့ စီးမျောနေဖို့လိုတယ်လေ။ကိုယ့်စိတ်ကိုလဲ ဘယ်လိုအကြောင်းနဲ့မှ အကုသိုလ်အဖြစ်မခံပဲ နှလုံးသွင်းကောင်းလေးနဲ့နေမယ်လို့ ဆုံးဖြတ်ပြဋ္ဌာန်းထားဖို့လိုပါတယ်။ အဲဒီလိုသာ နေနိုင်ပြီဆိုခဲ့ရင် ကိုယ်ဖြစ်စေချင်သလို ဖြစ်ပေးနေတဲ့ လောကကြီးထဲကို လက်တွေ့ ရောက်ရှိဖြတ်သန်းနိုင်ပါလိမ့်မယ်လို့ အာမခံချက်ပေးချင်ပါတော့တယ်။

                                                                                                 သန်းထွန်းဦး ( ငါန်းဇွန် )

Vector-New-Logo

Login with Social Media and SMS

or