fbpx

နိယာမ လမ်းကြောင်းပေါ်က ရှင်သန်မှုဖြစ်စဉ်လေးများ

နိယာမ လမ်းကြောင်းပေါ်က ရှင်သန်မှုဖြစ်စဉ်လေးများ - Vector Online Learning Platform in Myanmar

 

ဥတုနိယာမ၊ဗီဇနိယာမ၊ကမ္မနိယာမ ဆိုပြီး လွန်ဆန်ဖို့ခက်တဲ့နိယာမတရားတွေနဲ့အတူ ဘဝဆိုတာ ရှင်သန်နေကြရတာပါ။အဲဒါကြောင့်လဲ သစ်ပင်ပန်းမာလ်တွေ အရောင်စုံအသွေးစုံ ရှိကြ သလို၊ တောင်ကုန်းတောင်တန်းတွေ၊လွင်ပြင်တွေ ၊ချိုင့်ဝှမ်းတွေရယ်လို့လဲ မြေမျက်နှာပြင်တွေ ကွာခြားကြသလို ၊လူအမျိုးမျိုး စိတ်အထွေထွေ ရယ်လို့ မတူကွဲပြားစွာ ရှင်သန်တည်ရှိနေတာပါ။ဝါသနာ၊စေတနာ၊အနစ်နာ ဆိုတဲ့ “နာသုံးနာ”နဲ့ ပြည့်စုံပြီး “ ပီတိကိုစား၊အားရှိ” ဆိုတာလို ကိုယ့်ဘဝလေးကိုယ်နေပျော်နေတဲ့ ဆရာ/ဆရာမတွေရှိသလို အလုပ်မရှိလို့ ရရာဝင်လုပ်ရင်း “ပီတိကိုစား၊ခါးချည့်” ဆိုတာလိုဖြစ်နေကြရရှာတဲ့ ဆရာ/ဆရာမ တွေလည်းရှိကြမှာအမှန်။တကယ်တော့ ဒါတွေဟာ “ ကံပြစ်ချရာနေကြရတာပါ”လို့ ပြောခဲ့ရင် တော်တော်များများက လက်ခံကြမှာမဟုတ်ပေမယ့် လက်တွေ့ဘဝမှာ ထင်ရှားနေတဲ့သာဓကတွေပါပဲ။
ကျွန်တော်ဆိုရင်လည်း မိဘရိုးရာက တောင်သူလယ်သမားတွေဆိုတော့ ဘယ်နေရာ ဘယ်ဒေသ ကိုပဲရောက်ရောက် နွားချေးပုံတွေ၊မြေဆွေးပုံတွေမြင်တိုင်း စိုက်တဲ့ပျိုးတဲ့နေရာမှာ ဘယ်လိုသုံးလိုက်ရရင်တို့ ၊ဘယ်လိုထားသို စီမံရမယ်တို့ စသဖြင့် အတွေးထဲမှာ မနေနိုင်မထိုင်နိုင်ပေါ်ပေါ်လာမိတယ်။တစ်ခါက ဆိုရင် မြင်းခြံက အပြန်မှာ နွားပွဲဈေးရှေ့နားက နွားချေးတွေ ဗလပွထပ်နေတာကို ကြည့်ပြီး“ ဟာကြည့်စမ်းပါအုံး နွားချေးတွေ အများကြီးပဲ ”လို့ ဘေးနားက သူငယ်ချင်းကို လက်တို့ပြီး အားရပါးရပြောတော့ သူက “ မင်း နှယ့် ကွာ ဒီနွားချေးကိုများ သဘောကျနေရတယ်လို့ ငါတော့အံ့ပါ့ကွာ” ဆိုပြီး ကောင်းချီး ပေးခံရဘူး တယ်။သူတို့ပြောနေကြတဲ့ ကန်ထရိုက်အကြောင်းတွေ၊ တင်ဒါအောင်ရင် ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့ အကြောင်းတွေ၊ ဒေါ်လာဈေးက ဘယ်လောက်ဆိုတာ တွေကို ကျတော့လည်း ကျွန်တော်က လည်း နဲနဲမှစိတ်မဝင်စား။ဒါကလဲ ကိုယ့်ဝါသနာနဲ့ကိုယ်လို့ပဲပြောရမလား၊ ကံမပါတာလို့ပဲပြောရမလားမသိ။

အခုလည်း“သဘာဝပတ်ဝန်းကျင် ပျက်စီးမှု”ဆိုတဲ့ အသံတွေ တစ်စတစ်စ ကျယ်လောင် သည်ထက်ကျယ်လောင်လာနေတဲ့ ခေတ်ကြီးထဲမှာ ကိုယ့်ဝါသနာနဲ့ကတော့ အကိုက်ပဲလို့ တွေးနေ မိပြန်တယ်။ “သြဂဲနစ် စိုက်ပျိုးရေး”ဆိုတဲ့ ဝေါဟာရလေးကို အမြတ်တနိုးတန်ဘိုးထားရင်း သစ်ပင် ပန်းမာလ်တွေကို စိုက်ပျိုးပြုစုနေရတာကိုပဲပျော်နေမိတယ်။သူတကာ စက်ရုံကြီးတွေက ထုတ်လွှတ်နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကြောင့် သဘာဝပတ်ဝန်ကျင်ကြီး ညစ်ညမ်းနေချိန်မှာ ကျွန်တော့် သစ်ပင် လေးတွေကတော့ အဲဒီမလိုလားအပ်တဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို စုပ်ယူပြီး အောက်ဆီဂျင်တွေ ပြန်လည်ထုတ်လွှတ်ရင်း ပတ်ဝန်းကျင်သန့်ရှင်းရေးတာဝန်တွေယူနေကြတယ်လေ။
အိမ်မှာဆိုရင်လည်း မီးဖိုချောင်ကစွန့်ပစ်တဲ့ စားကြွင်းစားကျန်တွေ ၊အသီးအနှံဖြတ်စတွေ ၊ အခွံတွေ၊စသဖြင့် အလွယ်တကူ ပုပ်သိုးဆွေးမြေ့နိုင်တာတွေ အားလုံးကို စဉ့်အိုးတစ်လုံးထဲမှာ စုပြီး ထည့်တယ်။အချိန်တန်လို့ စဉ့်အိုးပြည့်ခါနီးပြီဆိုရင် အဖတ်တွေကို ဆယ်ပြီးမြေဆွေးလုပ်မယ့် သစ်ရွက် အမှိုက်ပုံပေါ်မှာပစ်တယ်၊ပြီးရင် EMပျော်ရည်နဲ့ ရေနဲ့ရောဖြန်းပေးပြီးပလပ်စတစ်အမဲစနဲ့အုပ်ထား လိုက်တယ်။ အရည်တွေကိုလည်း EMပျော်ရည်တစ်ချို့နဲ့ ရေများများနဲ့ရောပြီး သစ်ပင်တွေကိုလောင်းတယ်။ EM ပျော်ရည် မှာပါဝင်တဲ့အကျိုးပြု အဏုဇီဝတွေကြောင့်လည်းမြေဆီလွှာရဲ့ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိတွေအပြင် ဇီ၀ ဂုဏ်သတ္တိတွေပါ ဖွံ့ဖြိုးလာစေတယ်။ ဒါ့အပြင် သီးနှံတွေ အထွက်တိုးစေပြီး ရောဂါနဲ့ ဖျက်ပိုးဒဏ်တွေကိုပါ ကာကွယ်နိုင်လာတယ်။ ဗူးခွံ၊ပုလင်းခွံတွေထည့်ဖို့ အတွက်အမှိုက်တောင်းတစ်လုံးထားတယ်။ ကျွတ်ကျွတ်အိတ် တွေနဲ့ တခြားသောအလွယ်တကူမဆွေးမြေ့နိုင်တဲ့ဟာတွေကို ထည့်ဖို့အတွက်လည်း အမှိုက်တောင်း တစ်လုံး ထားတယ်။စက္ကူတို့ ၊ဘုရားပန်းအခြောက်တို့ စသဖြင့် မြေဆွေးလုပ်လို့ရနိုင်တာတွေကို ထည့်ဖို့ လည်း အမှိုက်တောင်းတစ်လုံးထားတယ်။ အရင်တုန်းက ဆိုရင် ကိုယ့်အိမ်ခြံဝင်းထဲကို လှမ်းကြည့်လိုက်ရင် ဘယ်နေရာကိုပဲကြည့်ကြည့် ကျွတ်ကျွတ်အိတ်တွေက တလွင့်လွင့်၊ပလပ်စတစ်ဗူးခွံတွေဆိုတာကလည်း ဗလနှံ့ကြဲလို့ မြင်ရတတ်သည်။ပိုဆိုးသည်မှာ ရာသီပေါ်သီးနှံလေးတွေ စိုက်ဖို့ မြေဆွပြီ ၊ ပေါင်းရှင်းပြီဆိုရင် ပလပ်စတစ်အမှိုက်တွေက ဟိုကထွက်လာ ဒီကထွက်လာနဲ့ အမြဲပင် ရှုပ်ရှက်ခပ်နေတတ်သည်။အခုလို အမှိုက်ခွဲခြားပြစ်တာလေးတွေ စီမံထားလိုက်တော့ ကိုယ့်ခြံဝင်းထဲမှာ ဘယ်နေရာကိုကြည့်ကြည့် အမြဲပင် သန့်ရှင်းသပ်ယပ်နေသလို သစ်ပင်တွေ စိုက်ပျိုးတဲ့အခါမှာလည်း အနှောက်အယှက်ကင်းကင်းဖြစ်သွားတယ်။
သားရေဖိနပ်တစ်ရံ ဆွေးမြေ့ပျက်စီးဖို့အတွက် ၂၅နှစ် နှင့် နှစ် ၄၀လောက် ကြာတဲ့အကြောင်း ၊စီးကရက်အစီခံတစ်ခု ဆွေးမြေ့ပျက်စီးဖို့ အနည်းဆုံး ၁၀ နှစ်လောက်ကြာတဲ့အကြောင်း၊ ပလပ်စတစ်ဗူး၊ ပလပ်စတစ်ခွက်တွေဆွေးမြေ့ပျက်စီးဖို့ အနည်းဆုံးနှစ်ပေါင်း၅၀နဲ့ ၈၀ ကြားမှာကြာကြောင်း၊ အထူးသဖြင့် ပလပ်စတစ်အိတ်ကျတော့ နှစ်ပေါင်း ၂၀၀နဲ့ ၁၀၀၀ ကြားလောက်အထိကြာမှ ဆွေးမြေ့ပျက်စီးတာ ဖြစ် ကြောင်းဖတ်ရဖူးတယ်။အဲဒီလို အသိလေးတွေကလည်း ခေါင်းထဲက မထွက်လေတော့ အမှိုက်ခွဲခြား စွန့်ပစ်ရေး ကိစ္စကို ပိုလို့တောင်ဂရုစိုက်ဖြစ်ခဲ့ပါတယ်။ကိုယ့်မိသားစုသာမက တခြားသော မိတ်ဆွေ သူငယ်ချင်းတွေကို လည်း နားပူမတတ်ပြောဖြစ်ခဲ့တယ်။
ဟိုယခင်တုန်းကတော့ ခြံထဲက ဇီးပင်တွေ အပွင့်လှိုင်ပြီဆိုရင် ဝတ်ရည်လာစုတ်တဲ့ ပျားကောင်တွေ တရုန်းရုန်းနဲ့ပေါ့။နောက်ပြီး အိမ်က ရေကန်ဘေးမှာ ရေလာသောက်ကြတဲ့ ပျားကောင် လေးတွေဆိုတာကလည်း အမြဲလိုလို တရုန်းရုန်း။အခုဆိုရင် အဲဒီလိုပျားကောင်လေးတွေကို မမြင်မိတာ နှစ်တွေတောင်တော်တော်ကြာခဲ့ပြီ။ဒါတောင်မှကိုယ်တိုင်က သစ်ပင်တွေကို ဘာပိုးသတ်ဆေးမှ ဖြန်းခဲ့ တာမဟုတ်။ဓာတု ပိုးသတ်ဆေး အစား ဆေးရွက်ကြီးတို့ တမာရွက်တို့ ငရုတ်သီးတို့ ၊ဂျင်းတို့၊ ကြက် သွန်ဖြူတို့ စသဖြင့် ထုထောင်း ရောစပ်ပြီး ရှာလကာရည်တို့ အရက်တို့နဲ့ စိမ်ထားတာလေးတွေကို EM ပျော်ရည်နဲနဲနဲ့ရောစပ်ပြီး ဖြန်းတာမျိုးပဲလုပ်တယ်။ မြေသြဇာ ဆိုရင်လည်း ဓာတုမြေသြဇာလုံးဝမသုံးပဲ ပေါင်းရှင်းလို့ရလာတဲ့မြက်တွေ ၊နွားချေးတွေကို EM ပျော်ရည်ဖြန်းပေးပြီး ၊ ဘိုကာရှီမြေဆွေးဖြစ်အောင် လုပ်ပြီးသုံးတယ်။

အဲလိုတွေကြောင့်လားတော့မပြောတတ် ကျွန်တော့်ခြံထဲမှာ ငှက်လေးတွေမျိုးစုံလာကြတာကို တွေ့ ရတယ်။ရှည့်လေးတွေကလည်း ဟိုခုန်ကူးဒီခုန်ကူးနဲ့ပျော်နေကြပုံပဲ။တစ်ခုတော့ ရှိရဲ့ သူတို့လေးတွေက မာလကာသီးလည်းအလွန်ကြိုက်၊သင်္ဘောသီးလည်းမလွတ်တမ်း၊သရက်သီးဆိုရင် တစ်နေ့တည်းမကုန်တောင် အစေ့လေးပဲကျန်တဲ့အထိလာစားကြတယ်။လျှော်ဖြူသီးတွေ သီးတဲ့အချိန်ဆို ငှက်ကလေးတွေက အုပ်လိုက် သင်းလိုက် ပျော်ပျော်ပါးပါးနဲ့ လျှော်ဖြူသီးအဆံလေးတွေကို လာစားကြပြန်တယ်။သနပ်ခါးသီးတွေ ဆိုလည်း ငှက်လေးတွေက ကြိုက်မှကြိုက်ပါပဲ။သြဇာသီးဆိုလည်းကြိုက်လိုက်တာပဲ။တစ်ခါတစ်ခါကျတော့လည်း စိတ်အချဉ်ပေါက်လာပြီး “ငါ့အတွက်လည်း ချန်ကြအုံးဟ ”လို့ ဒီကောင်တွေကိုအော်ပြောပြစ်လိုက်တယ်။
လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု ၊ဆိုပြီး ဖြစ်လာနေတဲ့ ခေတ်ကြီးထဲမှာ ညှပ်ပူးညှပ်ပိတ်မိပြီး သေကြေပျက်စီးခဲ့ကြတဲ့ အကျိုးပြုအင်းဆက်တွေ ကျေးငှက်သာရကာတွေကို ဉာဏ်မျက်စိနဲ့မြင်နိုင်သလို လူသားထုတစ်ရပ်လုံးရဲ့ရှင်သန်မှုအခက်အခဲတွေလို့ ဆိုရင်လဲ မှားမယ်မထင်။ကျောင်းတုန်းက သင်ခဲ့ရဘူးတဲ့ ကဗျာထဲကလို “ သန့်သန့်စင်စင်ရေကိုမြင်လည်း ရေတွင်ဆိပ်ခိုး ပါလေနိုးနဲ့ စိုးရွံ့ မသောက်သာပြီ တကား” ဆိုတာလိုပဲ အတို့အမြှုပ်ကို ငပိရည်ကောင်းကောင်းနဲ့ ချပေးလာတာတောင်မှ ပိုးသတ်ဆေးနဲ့ မြေသြဇာ တွေရဲ့ ဓာတ်ကြွင်းတွေပါလာလေမလားရယ်လို့စိုးရိမ်စိတ်နဲ့ စားနေရတဲ့ ဘဝတွေဖြစ်လာနေပါပြီ။ အကောင်းဆုံးကတော့“အိမ်နောက်ဖေး ဈေးဆိုင်တည်” ဆိုတဲ့ စကားအတိုင်း တနိုင်တပိုင်ဖြစ်တဲ့ ဟင်းသီး ဟင်းရွက်ခင်းလေးတွေကို နေရာအခက်အခဲမဖြစ်စေတဲ့နည်းလမ်းတွေသုံးပြီး အိမ်တိုင်းလိုလို စိုက်သင့်တဲ့ ကာလတစ်ခုပါပဲ။နောက်ပြီး မီးဖိုချောင်ကထွက်တဲ့ စားကြွင်းစားကျန်ဆိုတာ တအိမ်လုံးကထွက်တဲ့ အမှိုက်ရဲ့ ၃၅%လောက်တောင်ရှိတယ်လို့ စစ်တမ်းတစ်ခုမှာဖတ်ရဖူးတယ်။တကယ်တော့ အဲဒီစားကြွင်းစားကျန်တွေကို EM ပျော်ရည် ဖြန်းပေးပြီးမြေဆွေးလုပ်မယ်ဆိုရင် (၂)လလောက် အတွင်းမှာပဲ အဟာရဓာတ်ကြွယ်ဝတဲ့ အကောင်းစားမြေဆွေးတွေဖြစ်လာမှာပါ။ ဒါဆိုရင် ကိုယ့်မီးဖိုချောင်ကထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းစေနိုင်မှုတွေ မရှိတော့သလို ကိုယ့်အတွက် သစ်ပင်စိုက်ဖို့မြေဆွေးတွေလည်း ပုံမှန်ရနေမှာဖြစ်လို့ အလှပေါ်အယဉ်ဆင့် ဆိုတာလိုဖြစ်သွားပြီလေ။နောက်တစ်ခုက ကိုယ့်ရဲ့ရှင်သန်မှု ဖြစ်စဉ်ထဲမှာ သဘာဝတရားကြီးကို တဖက်တလမ်းက အကျိုးပြုရှင်သန်နေတာမျိုးလည်းဖြစ်သွားတာမို့ တော်တော်လေးကိုကျေနပ်ပီတိဖြစ်နေရတော့မှာပါ။

သန်းထွန်းဦး( ငါန်းဇွန်)

မှတ်ချက်။ ။ (EM အကြောင်းအသေးစိပ်သိလိုပါက ကိုဝေအောင်ချမ်းမျိုးရေးသားသော “သတ္တလောက အကျိုးပြု EM (Effective Microorganism) နည်းပညာ”ဆိုတဲ့ဆောင်းပါးကို https://www.facebook.com/Bogyoke/posts/10203928590717306 တွင်ဖတ်ရှုနိုင်ပါတယ်။)

 

Vector-New-Logo

Login with Social Media and SMS

or