ပြန်/ဆက် မှာ ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် စာဖတ်ဝိုင်းနဲ့ဆွေးနွေးပွဲလေးကို တက်ရောက်ဖြစ်ခဲ့တယ်။ဒေါက်တာ မတင်ဝင်း ရေးတဲ့ “အလုပ်ဆိုတာ အင်အားပါ” ဆိုတဲ့စာအုပ်ကို ဖတ်ပြီး ဆွေးနွေးကြတာပါ။ကျွန်တော်ကတော့ အဲဒီစာအုပ်ကို အမှာစာနဲ့ မာတိကာလောက်ပဲဖတ်ဖြစ်ခဲ့တာကြောင့် ကိုယ့်ဘဝအတွေ့အကြုံလေးတွေနဲ့ယှဉ်ပြီးတော့ အနှစ်ချုပ်လေးလောက်ပဲပြောဖြစ်တယ်။
သူတို့ဆွေးနွေးတာလေးတွေကိုနားထောင်ရင်း ကံ အကြောင်းတရားတွေကိုတွေးမိတယ်။လူတွေ တစ်ဦးနဲ့တစ်ဦး ရုပ်ဆင်းအင်္ဂါ မတူညီကြသလို ကံအကျိုးပေးဆိုတာတွေကလည်း အမျိုးမျိုးအဖုံဖုံရှိကြတယ်လေ။အဲဒီမှာ အတိတ်ကံဆိုတာ ကိုယ်မတတ်နိုင်တော့ပေမယ့် ပစ္စုပ္ပန်ကံဆိုတာကတော့ ကိုယ့်လက်ထဲမှာ ရှိတဲ့အရာပါပဲ။ဒါကို သတိမူပြီး ကိုယ်လုပ်တဲ့လုပ်ရပ်တိုင်းမှာ စေတနာမေတ္တာလေးတွေထည့်ပြီး စိတ်လိုလက်ရ စူးစူးစိုက်စိုက်လုပ်ကြမယ်ဆိုရင် ရလာဒ်ကောင်းတဲ့အလုပ်တွေဖြစ်လာပြီး ကံကောင်းခြင်းရဲ့အထောက်အပံ့အင်အားတွေ ဖြစ်လာမှာအမှန်ပါ။
နောက်တစ်ခုက ဘာမှမလုပ်ရင် ဘာမှမဖြစ်ဖူး ဆိုတာလိုပဲ အလုပ်တိုင်းမှာ အဲဒီ အလုပ်နဲ့ပတ်သက်တဲ့ဝန်းကျင်နဲ့ လောက ဆိုတာ ရှိစမြဲဖြစ်ပါတယ်။သမိုင်းဦးဘုံမြေခေတ်ကတည်းက ထွန်းကားခဲ့တဲ့ အလုပ်ခွဲခြားလုပ်ကိုင်ခြင်း စနစ်တွေနဲ့အတူ အလုပ်ကြောင့်ဖြစ်ပေါ်လာတဲ့ အင်အားတွေ၊စွမ်းအင်တွေ ၊အာနိသင်တွေဆိုတာကလည်း ဝန်းကျင်လောကကြီးကို အဆန်းတကြယ်သာယာလှပအောင်အမျိုးမျိုးဖန်တီးပေးနေသလိုပါပဲ။အဲဒါကြောင့် အလုပ်လုပ်ခြင်းဆိုတာမှာ ငွေအတွက် အလုပ်လုပ်ရတယ်ဆိုတာထက် ပိုပြီးလေးနက်တဲ့ အဓိပ္ပာယ်တွေလည်းပါဝင်နေပြန်ပါတယ်။
Skill ဆိုတာကို အခုခေတ်မှာ တော်တော်အပြောများလာသလို လုပ်ငန်းရှင်တိုင်း ချဉ်ခြင်းတတ်နေကြတဲ့ဝေါဟာရဆိုရင်လည်းမမှားပါဘူး။ဒါကလည်း ဘာကို ရည်ညွှန်းနေတုန်းဆိုတော့ Certificate တွေ တစ်ပွေ့တစ်ပိုက်ကြီးကိုင်ပြီး အလုပ်လျှောက်နေကြပေမယ့် Skill မှာကျတော့ Zero ဆိုတာမျိုးတွေ များနေတာကြောင့်ပါ။
အဲဒါကြောင့် experience ရှိမှ expert ဖြစ်မယ် ဆိုတာလို အလုပ်နဲ့ပတ်သက်တဲ့ Skill ဆိုတာ ကလည်း အတွေ့အကြုံတွေ ၊စေတနာမေတ္တာတွေ ၊ စူးစိုက်လုပ်ကိုင်မှုတွေ ကို အရည်အချင်းအဖြစ် အသွင်ပြောင်းထားတဲ့အရာလို့ပဲဆိုချင်ပါတယ်။အဲဒီလိုသာ Skill ပြည့်၀ ပြီဆိုရင်လည်း အလုပ်က လူကိုရှာနေတော့တာ ဖြစ်လို့ Certificate တောင် မလိုလောက်တော့ဘူးလို့ပြောချင်ပါတော့တယ်။