fbpx

မနက်ဖြန်ဆိုတဲ့ခရီးတာ

မနက်ဖြန်ဆိုတဲ့ခရီးတာ - Vector Online Learning & E Learning Platform Myanmar

လူဆိုတာ ကိုယ်လုပ်ချင်တာ လုပ်နေရတယ်ဆိုရင် ပျော်လို့မော်လို့။ အခုကြည့်လေ ကျွန်တော်တို့မြို့က လူတွေက barcamp ဆိုတာ ဘာမှန်းတောင်မသိပဲ တောင်မေးမြောက်မေးနဲ့ ဖြစ်နေကြတဲ့အချိန် ၊ တစ်ချို့ဆိုရင် ဖားကန့်နဲ့ လွဲလို့လွဲ ။ ကျွန်တော်ကတော့ ရန်ကုန်ဘားကမ့်၂၀၁၄ မှာလဲ fellow အဖြစ်နဲ့ organizer တစ်ယောက်လို ပါဝင်ခွင့်ရခဲ့ လို့ ပျော်လို့မော်လို့။ပြီးတော့ မန္တလေးဘားကမ့် ၊ မုံရွာဘားကမ့် တွေကိုလဲ သွားလိုက်သေး။
အခုဆိုရင် Barcamp Yangon အဖွဲ့တွေလဲ သူတို့ဘားကမ့်ကြီးအောင်အောင်မြင်မြင်နဲ့ပြီးမြောက်ခဲ့ပြီမို့ ပြည်ပကို ခရီးထွက်သူကထွက် ၊နယ်ဘားကမ့်တွေဆီကိုသွားတဲ့သူကသွား၊အလုပ်တွေပုံနေလို့ ဖိလုပ်နေတဲ့သူက ဖိလုပ်နဲ့ ပျော်လို့၊မော်လို့။ Barcamp Mandalayအဖွဲ့တွေအနေနဲ့လဲ အောင်မြင်ခဲ့ပြီဖြစ်တဲ့သူတို့စေတနာ လုပ်ရပ် တွေကိုပြန်အမှတ်ရရင်း ပျော်လို့၊မော်လို့၊နေကြပြီထင်ပါတယ်။ မန္တလေး MCPA အသင်းရဲ့ အသင်းသား စုံညီပွဲတော်တုန်းကဆိုရင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နာယကကြီးဦးသိန်းဦး၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်ဥက္ကဌ ဦးခွန်ဦး ၊မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဥက္ကဌ ဦးရဲရင့်ဝင်း၊ မန္တလေးတိုင်း ဒေသကြီးကွန်ပျူတာပညာရှင်အသင်းဥက္ကဌ ဦးလှကောင်း ၊အသင်းအတွင်းရေးမှူး ဆရာဥက္ကာကျော် -စသဖြင့် ဦးဆောင်သူတွေရဲ့ တက်ကြွလန်းဆန်းနေပုံလေးတွေကို တွေ့ရတာ မင်္ဂလာရှိလိုက်တာ။ အစိုးရမဟုတ်တဲ့ အရပ်ဖက်အဖွဲ့အစည်းဖြစ်သော ကွန်ပျူတာပညာရှင်များကနေ မိမိတို့ရဲ့အိုင်တီပညာရပ်တွေကို အသုံးချပြီး ကိုယ့်နိုင်ငံတိုးတက်ရေးကိစ္စရပ်တွေမှာပါဝင် ကူညီကြမှဖြစ်မယ်ဆိုတာကို အထူးအလေးထားပြီး ပြောဖြစ်ခဲ့တဲ့ ပွဲတစ်ပွဲပါ။ဆရာဦးလှကောင်းကလဲ “ကျွန်တော်တို့ နိုင်ငံအတွက် အခု အရေးတကြီးလိုနေတာ လူငယ်တွေပဲ ။လူငယ်တွေ ဆိုပေမယ့် ဝမ်းစာပြည့်တဲ့လူငယ်တွေကိုပြောတာနော်။ခေါက်ရိုးကျိုးနေတဲ့ အကျင့်ဆိုး တွေကို ဖယ်ပြီးတော့ Group လိုက်အလုပ်လုပ်တတ်အောင်လုပ်ရမှာ ။အခုဟာက တစ်ဦးချင်းဆိုရင် တော်ကြတယ်နော် ၊အုပ်စုလိုက်လုပ်ပြီဆိုရင် မတော်ကြတော့ဘူး။ရန်ဖြစ်ကုန်ပြီ ကွဲကုန်ပြီ ။အဲဒီအကျင့်တွေကို ရှေ့မှာလူကြီးတွေက ဖြစ်နေတယ်။ဒါတွေကို လူငယ်တွေက နမူနာယူပြီး အဲဒီလိုမဖြစ်အောင်လုပ်ကြရတော့မှာနော်။အခုဆိုရင် Barcamp တွေလုပ်ကြတယ်။Barcamp ဟာ အပေါ်က ချုပ်ထားတဲ့ကြိုးနီစနစ် လုံး၀ မရှိဘူး။ Barcamp ဟာ လွတ်လပ်တယ်။ Barcamp ဟာ လူငယ်တွေ ဦးဆောင်တယ်။ Barcamp ဟာ လူငယ်တွေ ပါဝင်တယ်။အဲဒီအတွက် ငါတို့လူငယ်တွေဟာ ရှေ့သွားမယ့်လမ်းကြောင်းမှာ ဦးဆောင်နိုင်တဲ့စိတ်ဓာတ်တွေ ၊ဦးဆောင်နိုင်တဲ့ အတတ်ပညာတွေ၊သတ္တိတွေ မွေးထားဖို့လိုတယ်။အဲဒါကြောင့် Barcamp ကို ဝင်ကြစမ်းပါ။” လို့ လူငယ်တွေအပေါ်မှာ စေတနာမေတ္တာအပြည့်နဲ့ Key Note Speech ပြောခဲ့ပါတယ်။ ဒီလို အသင်းသားစုံညီပွဲ လုပ်မယ်လုပ်မယ်နဲ့ အားခဲပြီးစီစဉ်ခဲ့တာ ယခုနှစ်ကျမှပဲ အောင်မြင်ခဲ့တာမို့ ပွဲဖြစ်မြောက်ဖို့ လုံးပမ်းခဲ့ကြရတဲ့ ဆရာဦးလှကောင်းအပါအဝင် ဆရာတွေ၊ဆရာမတွေရင်ထဲမှာ ပီတိတွေ တဝေေ၀နဲ့ ပျော်လို့ မော်လို့ နေကြမှာပါ။
Barcamp Monywa ကျင်းပကြဖို့ စီစဉ်သူတွေထဲမှာ ကိုအောင်ဆန်းတို့ ကိုဇော်သူရိန်ထွန်းတို့ ဆိုရင် တော်တော်ကိုတက်တက်ကြွကြွနဲ့ ရှိလှပါတယ်။သူတို့လဲ အခုဆိုရင် Barcamp Monywa ကြီး အောင်မြင်စွာ ပြီးသွားပြီဆိုတော့ပျော်လို့မော်လို့ နေကြပြီထင်ရဲ့။ Barcamp UCSM က အေးနှင်းခိုင် တို့ဆိုရင် လဲ သူတို့ရဲ့အောင်မြင်မှုတွေအတွက် ပျော်လို့ ၊မော်လို့ ။ ပြည်မြို့က လယ်တောသားတို့ ၊ ရွှေဇင်နှင်း တို့ ၊ ဇော်ေဇော်ဦး တို့ကျော်ရဲအောင်တို့ လူငယ်လေးတွေ ကလဲ တက်ကြွလိုက်ကြတာ။သူတို့ Barcamp Tu-Pyayအတွက်ကို အိပ်မက်တွေတောင် အကြိမ်ကြိမ်မက်ခဲ့ကြမယ်ထင်ပါတယ်။အခုတော့လဲ သူတို့ Barcamp Tu-Pyayကြီးအောင်မြင်စွာပြီးဆုံးသွားပြီဆိုတော့၊ပျော်လို့ မော်လို့နေကြမှာပေါ့။
အဲဒီဘားကမ့်တွေလိုပဲ ကလေးမြို့က ချင်းမလေး ဒိတ်ဒိတ်တို့ ရွှေထွန်းတို့ကလဲ သူတို့ ကလေးမြို့ ရဲ့ ဘားကမ့်ဖြစ်မြောက်ရေးအတွက် အားတက်သရောနဲ့ ကြိုးစားနေကြလေရဲ့။ မိတ္ထီလာ က ကောင်းထက်ထွန်းတို့ ဟိန်းရာဇာ တို့ ကလဲ Barcamp TU-Meiktila logo လေးတွေ ပုံနှိပ်ရိုက်ပြီ း ပီတိလေး တွေကိုယ်စီနဲ့ သူတို့ Barcamp TU-Meiktila ဖြစ်မြောက်ရေးကို အားတက်သရောကြိုးပမ်းနေ ကြပြီ။စစ်တွေက ထွန်းလင်းအောင်ကလဲ သူတို့မြို့မှာလဲ ဘားကမ့်လုပ်တော့မယ်ဟေ့လို့ facebook က တစ်ဆင့် သူငယ်ချင်းတွေကို ကြေငြာနေပြီ။လားရှိုးက ထက်မြတ်မိုးကတော့ ဇန်နဝါရီတုန်းကမှ ပြီးခဲ့တဲ့ သူတို့ဘားကမ့် အကြောင်းတွေကို တွေးရင်း Barcamp TU-Lashio ကို ဇွန်လလောက်မှာလုပ်ဖို့ ပုံဖော်နေလောက်ပြီ။ သူများတွေ ဘားကမ့်လုပ်ချင်ရင် သူက LoGo တွေဆွဲပေးရတာနဲ့ ၊ နည်းပေးလမ်းပြလုပ်ပေးရတာနဲ့ စသဖြင့် သူကလဲ ဘားကမ့် ဆရာကြီးတစ်ဆူမဟုတ်ပေမယ့်သူ့ အတွေ့အကြုံတွေကို သဒ္ဓါ ရက်ရောစွာ Share ပေးနေသူတစ်ယောက်ပေါ့။
ကျွန်တော့်မှာသာ မြို့လေးဇီးရွက်လောက်ဆိုတော့ ဘားကမ့်ငါန်းဇွန်ဆိုပြီးလုပ်ရကောင်းမလား။ အသာငြိမ်နေရ ကောင်းမလားနဲ့ဒုက္ခရောက်နေရတာပါ။ဒါပေမယ့် လေတော့ နဲနဲမှမလျှော့ခဲ့ပါဘူး။ရန်ကုန် ကMCPA ရုံးခန်းမှာ fellow တွေ တစ်ယောက်ချင်း မိတ်ဆက်စကားပြောကြရင်းနဲ့ ကျွန်တော်ကလဲ ကျွန်တော်တို့မြို့သေးသေးလေးမှာ မီနီဘားကမ့်လေးတော့လုပ်မယ်လို့ စိတ်ကူးထားတဲ့အကြောင်း ပြောဖြစ်ခဲ့ပါသေးတယ်။ကျွန်တော့် စိတ်ကူးကိုသာ ကျွန်တော်တို့မြို့ ကလုပ်ငန်းရှင်တွေသိရင် မျက်ခုံးလှုပ်ပြီး မေတ္တာပို့နေကြလိမ့်မယ်ထင်ပါရဲ့။ ဘာလို့လဲဆိုတော့ မြို့လေးက သေးတော့ ဘာအရေးပဲဖြစ်ဖြစ် လုပ်ငန်းရှင် ၊ လုပ်ငန်းရှင်နဲ့ ဆိုတော့ လုပ်ငန်းရှင် ဆိုတဲ့သူတွေကလဲ အခုလို အထက်ကဖိအားလေးနဲနဲလောက်ပြေလျော့ လာချိန်လောက်မှာမှ အသက်ရှူချောင် မလိုလိုပဲရှိပါသေးတယ်။ ဒီအချိန်မှာ ကျွန်တော်က မသိသားဆိုးဝါးစွာနဲ့ Official Partner ရှာလိုရှာ Diamond Sponser လျာထားလိုလျာထား Gold Sponser ရွေးလို့ရွေးနဲ့ ဆိုရင် မေတ္တာပို့ယုံတောင်မကဘူး သံပုံးတီးပြီးတောင်ထုတ်မလားပဲ။ရန်ကုန်မှာ ရှိနေတဲ့ ငါန်းဇွန်အသင်းက တစ်နှစ်တစ်ခါ ပြက္ခဒိန်ထုတ်တော့ အဲဒီထဲမှာ လုပ်ငန်းေြက်ာငြာလေးတွေထည့်ဖို့ သွားပြောတော့ တစ်ချို့ဆိုရင် ခါးခါးသီးသီးကိုငြင်းလွှတ်တာမျိုး တွေကြုံရတယ်။ငါတို့လုပ်ငန်းက ကြောငြာစရာ မလိုဘူးကွလို့ပြောသူကပြောနဲ့ တော်တော်အခက်အခဲ တွေကြုံရတယ်။မဟုတ်ပါဘူးဗျာ ကိုယ့်မြို့ကိုယ့်ရွာက ဒီလိုအောင်မြင်တဲ့ လုပ်ငန်းတွေလုပ်ကိုင်နေကြတာကိုလဲ ဂုဏ်ယူချင်လို့ပါလို့ပြောလဲမရ။ အလှူခံတာလားလို့မေး လိုမေး။ကိုယ့်လူ ကြည့်လဲလုပ်အုံးနော် လို့မပြောသာပြောသာ ပြောတဲ့သူကပြော၊ပြက္ခဒိန်ထွက်တော့မှ အားပေး တော့မယ်ပြောလွှတ်လို့ပြောလွှတ်နဲ့ ဗြောင်းဆန်အောင်ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးတွေကို ခါးသည်းတယ်လို့ မမြင်မိပေမယ့် နောက် တစ်ကြိမ်အဲဒီလို ဖြတ်သန်းရမှာကိုတော့ လန့်နေမိတာအမှန်။အဲဒီလိုတွေကြားထဲကမှ တစ်ချို့ကျတော့လဲ နောက်နှစ်ကျရင်လဲထည့်မယ်နော် လာသာလာခဲ့သိလား။ထမင်းခူးလိုက်မယ်စားသွား ၊ကိုယ့်မြို့ကိုယ့် ရွာ အတွက်ဆိုရင် ဦးလေးတို့က အားပေးတယ် ၊ စသဖြင့်လဲ ရှားရှားပါးပါးတော့ တွေ့ ကြုံရတာ လေးတွေနဲ့ပဲ အမောပြေ ခဲ့ ရ၊အားတက်ခဲ့ရတာပါ။
အခုလဲ ဘားကမ့်တစ်ခုဖြစ်မြောက်အောင် Sponser ရှာရတဲ့ဒုက္ခကလဲသေးလှတာမှ မဟုတ်ပဲ။ ကိုယ့်ဂုဏ်သိက္ခာတွေ ကိုယ်ကျင့်တရားတွေ လူမှုရေးတွေ လုပ်ရပ်တွေ ကို ရင်းနှီးမတည်ပြီးတော့မှ Sponser ရဲ့ယုံကြည်လက်ခံမှုကို တည်ဆောက်ယူကြရတာလေ။ကြိုတင်စီမံချက်တွေရေးဆွဲပြီး Official Partnerဆိုရင် ဘယ်လို အနေအထား Diamond ဆိုရင် ဘယ့်နဲ့ စသဖြင့် Sponser တွေအတွက် လူသိများ စေမယ့် ကြော်ငြာ နည်းစနစ်တွေ၊ တက်ရောက်လာနိုင်တဲ့ ပရိတ်သတ်အင်အားအခြေအနေ ၊ကိုယ်ကျင်းပမယ့်ပွဲရဲ့ အခင်းအကျင်း ကအစ ၊ ကိုယ့်ဖက်က တုန့်ပြန်ပေးဆပ်နိုင်တဲ့ အတိုင်းအတာတွေကို သူတို့စိတ်ဝင်စားအောင် ၊အစီအစဉ်တကျ ရေးသား ဖော်ပြပြီး ကမ်းလှမ်းရတာဆိုတော့ ပြက္ခဒိန် ကြော်ငြာ ထည့်ဖို့ပြောရတာလောက်တော့ အရုပ်မဆိုးနိုင်ဘူးပေါ့။ ဒါပေမယ့်လဲ ထင်ထားပြီး ဘာမှဖြစ်မလာ တာမျိုးတွေ၊မထင်မှတ်ပဲ အဆင်ပြေ သွားတာမျိုးတွေနဲ့ပဲ အမောပြေ လန်းဆန်းရင်း ကိုယ်ကောင်းမယ် ထင်တဲ့လမ်းကို ကိုယ်လျှောက် နေကြရတာဆိုတော့ စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန်တော့ အတော် လုပ်ကြရပါတယ်။ဘာလို့တုန်းဆိုတော့ ကိုယ်ကသာ ကောင်းတယ်ထင်တာလေ ၊ သူတစ်ပါးကကျတော့ မကောင်းဘူးထင်ချင်ထင်နိုင် သေးတာပဲ။တစ်ချို့များဆိုရင် ဘားကမ့် ကြော်ငြာလိုက်ကပ်တာ ကို ဒို့က နိုင်ငံရေးတွေနဲ့မပတ်သက်ချင်ဘူးလို့ ဆိုင်တွေက အပြောခံရသတဲ့ ။ facebook ပေါ်က friend တစ်ချို့ကလဲ ဘားကမ့်ဆိုတာ နိုင်ငံရေးနဲ့ ပတ်သက်တယ်ထင်ပြီး like လေး တစ်ချက် နှိပ်ရမှာကိုတောင်ကြောက်ပြီး မသိသလိုနေနေကြပြန်ရော။ ကယ်လဆီယမ်ကွေကွာကို ကိုယ့်အတွေးနဲ့ကိုယ် သောက်ပြီး နံရိုးတစ်ချောင်း လောက် ပိုချင်နေလို့ မရတာတော့ အမှန်ပါပဲ။အထင်ဆိုတာ အမြင်လောက်မသေချာသလို ၊အမှန်တရားပါလို့လဲ ပြောလို့မရ။အဲဒါကြောင့် ကိုယ့်ကိုယ်ကျင့်တရားကို မပျက်ပြားစေပဲ အများအကျိုး ရှိ၊ကိုယ် အကျိုးရှိ တဲ့လုပ်ရပ်မျိုးတွေ ဖြစ်ရမယ် ဆိုတဲ့ပေတံလေးနဲ့ပဲ တိုင်းပြီး ကိုယ့်ဟာကိုယ်ယုံ ကြည်မှု တည်ဆောက် ကြရတာလေ။ဒီကြားထဲကမှ ဝေဖန်တာ အပြစ်တင်တာ ပုတ်ခတ်တာ စော်ကားတာ မျိုးတွေကလဲ ကြုံကို ကြုံလာတတ်တဲ့သဘာဝအလှတရားတစ်ခုလို့ပဲ သဘာပေါက်ထားရအုံးမှာပါ။
အဲဒီလို ဘားကမ့်ပွဲ ကျင်းပလိုက်ရတဲ့အတွက် ဘားကမ့်တက်ရောက်သူ တွေကတော့ ဘယ်လောက် အကျိုးရှိတယ်မရှိဘူးဆိုတာ တိတိကျကျ မသိရပေမယ့် organizer တွေအနေနဲ့ကတော့ အများအကျိုူး ဆောင်ကိုယ့်အကျိုုးအောင်ဆိုတာလိုပဲ ဘားကမ့်လဲပြီးရော တော်တော်လိမ္မာတဲ့ လူလိမ္မာလေး တွေဖြစ်ကုန်ကြပါ တော့တယ်။ ဘာလို့လဲဆိုရင် ဒီဘားကမ့်ဖြစ်မြောက်ရေးအတွက် နေ့မအားညမအား ကိုယ်စွမ်းဉာဏ်စွမ်း တွေထုတ်ပြီး နှစ်မြုပ်လုပ်ကိုင်ခဲ့လေတော့ လူမှုရေးပျက်ကွက်တဲ့သူကပျက်၊ စီးပွားရေး ထိခိုက်သူက ထိခိုက်။ပညာရေးမှာ ဟာတဲ့သူကဟာနဲ့ တော်တော်ကသောင်းကနင်းဖြစ်ခဲ့တဲ့ ကိုယ့်ေ နာက်ကြောင်း အခြေအနေတွေကို ကိုယ်သာအသိဆုံးမို့ ဘားကမ့်လဲပြီးရော ၊ ကိုယ်ဘာကို အလုပ်သင့်ဆုံးလဲ ဆိုတာကိုယ် အသိဆုံးမို့ လစ်ဟာခဲ့တဲ့ လိုအပ်ချက်မှန်သမျှကို ကုန်းရုန်းလုပ်ကြရပြီလေ။
မုံရွာက ကိုအောင်ဆန်းဆိုရင်ဘားကမ့်ပွဲကြီးပြီးသွားပြီမို့ သူ့သင်တန်းတွေကိုစတော့မယ်တဲ့။ ကိုဇော်သူရိန်ထွန်း လဲ သူပြစ်ထားခဲ့ရတဲ့ အလုပ်တွေကို ဘယ်ကစပြီးဖြိုရမလဲဆိုတာချိန်နေလောက်ပြီ။ ပြည်က Tu-Pyay အဖွဲ့တွေကလဲ စာကြိုးစား နေပါပြီပြောလို့ပြော၊အမှိုက်ကောက်နေပါတယ်ဆိုလို့ဆို နဲ့ သူတို့ ဘာတွေ အရင်လုပ်ရမလဲဆိုတာသိပြီး ပျော်ရွှင်တက်ကြွမှုတွေနဲ့ ဆက် Run နေကြပြီလေ။ကျွန်တော်လဲ organizer တွေလို ဖိစီးမှုတွေမရှိခဲ့ပေမယ့် ဘားကမ့်သွားတက်ပြီဆိုကတည်းက အိမ်ကအလုပ်တွေပြစ်ပြီးသွားရလာရတာ။ပြီးတော့ ငွေကုန်ကြေးကျခံပြီးသွား ရတာ ဆိုတော့ အချိန်ကုန်ငွေကုန်ဆိုတာကို ဘယ်ဇနီးသည်ကမှ ကြိုက်ရိုးထုံးစံ မရှိဘူးလေ။ဒီတော့ ကိုယ်သွားချင်တဲ့ ဘားကမ့်တွေ သွားပြီး ပြန်လာပြီဆိုရင် သိတဲ့အတိုင်းပဲ ရိုးသားကြိုးစားပြရ တော့တာပေါ့ဗျာ။ဒါပေမယ့် ပျော်လို့မော်လို့လန်းဆန်းလို့ပါပဲ။
မြတ်စွာဘုရားကို နတ်သားတစ်ပါးကမေးလျှောက်ဖူးတယ်။“တပည့်တော်တို့ ဘယ်သူ့ကို အားကိုးရမှာ ပါလဲဘုရား”ဆိုပြီးမေး လျှောက်တာပါ။အဲဒီမှာ မြတ်စွာဘုရားက “ လူငယ်တွေကို အားကိုး ” လို့ ဖြေကြားခဲ့ ဘူး တယ်။ဆရာတော်ဦးဆေကိန္ဒ ဟောကြားခဲ့တဲ့ “ယုံကြည်လို့အားကိုးပါတယ်” ဆိုတဲ့တရားထဲကနေ နာကြားသိရှိ ခဲ့ရတဲ့ မေးလျှောက်ချက်လေးပါ။ အခုလဲ Barcamp ဆိုတာ ခေတ်ရဲ့လိုအပ်ချက်အရ လူငယ်တွေကို Group discussion တွေ များများလုပ်ခွင့်ရအောင် ပြုစုပျိုးထောင်ပေးတဲ့ပွဲ လို့ပြောမယ်ဆိုရင်လဲမမှားပါဘူး။ ဘာလို့ လဲ ဆိုတော့ Barcamp မှာ တစ်ယောက်ထဲက ဦးဆောင်ပြီး ငါ့စကားနွားရ ပြောချင်လို့မရပါဘူး ၊အပြန်အလှန် အမေး အဖြေတွေ ၊ ဆွေးနွေးငြင်းခုန်မှုတွေ နဲ့ အပြုသဘောဆောင်တဲ့ နွေးထွေးညင်သာတဲ့ ထိတ်တိုက် ဆွေးနွေး အဖြေ ရှာ ခြင်းတွေလဲပါဝင်ပါတယ်။
Barcamp တစ်ခု ဖြစ်မြောက်အောင်မြင်အောင် ထမင်းမေ့ဟင်းမေ့ ဆောင်ရွက်ခဲ့ကြတဲ့ သူတွေရဲ့ ရင်ထဲမှာ စေတနာတွေ မေတ္တာတွေ မျှော်လင့်ချက်အနာဂတ်တွေ နဲ့ပြည့်လို့နေကြပါလိမ့်မယ်။သူတို့ကို စာနာ နားလည်နိုင်စွမ်းမရှိသူတွေကလဲ အပြစ်တင်ဝေဖန်ဖို့ ချောင်သိပ်ပြီး အလဲထိုးဖို့ စောင့်ဆိုင်း နေကြမှာပါပဲ။ အဲဒါကြောင့် ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကျင့်တရားကို မထိခိုက်ပဲ အများ အကျိုးဖြစ်စေ ကိုယ့်အကျိုးဖြစ်စေ လုပ်ကြရတဲ့လုပ်ငန်းတိုင်းဟာ တစ်ကြိမ်ပြီးမြောက်သွားတိုင်း လူကို လန်းဆန်းတက်ကြွ စေတယ်။ ခွန်အားကိုဖြစ်စေ တယ်ဆိုတာကို ကျွန်တော်သိလိုက်ရပါတယ်။အဲဒီ လိုဖြစ်ပေါ်လာတဲ့ ခွန်အားတွေကနေ ဖူးပွင့်ဝေဆာလာမယ့် အသီးအပွင့်တွေဆိုတာကလဲ အနံ့အရသာနဲ့ ပြည့်စုံကောင်းမွန် နေမှာ အသေအချာပဲ လို့သာ ဆိုရ တော့မယ်ထင်ပါတယ်။

သန်းထွန်းဦး ( ငါန်းဇွန် )

Vector-New-Logo

Login with Social Media and SMS

or