fbpx

Fellow တစ်ယောက်၏ BarCamp အတွေ့အကြုံများ

Fellow တစ်ယောက်၏ BarCamp အတွေ့အကြုံများ - Vector Online Learning & E Learning Platform Myanmar

Fellow တစ်ယောက်၏ BarCamp အတွေ့အကြုံများ
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မြို့တွေမှာ BarCamp တွေအောင်အောင်မြင်မြင် လုပ်နိုင်ဖို့အတွက် BarCamp Yangon 2014 မှ Fellowship Program တစ်ခုကို စီစဉ်ပြီး အနယ်နယ် အရပ်ရပ်ရှိ မြို့တွေက Member တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။စုစုပေါင်း အယောက်(၃၀) ရွေးမယ်လို့ လျာထားခဲ့ပေမယ့် ၂၂ ယောက်ပဲ ရွေးနိုင်ခဲ့တယ်။
BarCamp Yangon 2014 အတွက် Fellowship Program မှာ ပါဝင်တဲ့သူတွေကတော့ ပုသိမ်၊ ချောင်းဆုံ ၊ လားရှိုး ၊ ပြည် ၊ စစ်တွေ ၊ ပြင်ဦးလွင် ၊ ငါန်းဇွန် ၊ စစ်ကိုင်း၊တန့်ဆည် ၊ မိတ္ထီလာ ၊ ရန်ကုန် ၊ မုံရွာ ၊ ကလေး ၊တောင်ကြီး စတဲ့ မြို့တွေက ဖြစ်ကြပြီး အားလုံးမှာ တူညီတဲ့ တစ်ချက်ကတော့ ကိုယ့်ဝန်းကျင်ကြီးကို ကိုယ်တတ် စွမ်း သလောက် အကျိုးပြုချင်နေကြသူတွေဖြစ်နေုတာပါပဲ။
အဲဒီလို တူညီတဲ့စိတ်စေတနာအရင်းခံသူတွေအချင်းချင်းမို့လားတော့မသိဘူး အားလုံးဟာ ရက်အနည်း ငယ်လေးအတွင်းမှာပဲ ညီကိုမောင်နှမအရင်းအချာတွေလိုဖြစ်သွားပြီး ပြောမနာဆိုမနာနဲ့ စကြ နောက်ကြနဲ့ပျော်စရာ ကာလလေးတစ်ခုဖြစ်ခဲ့ပြန်ပါတယ်။ BarCamp ပွဲ မစခင် အစည်းအဝေးတွေလုပ်ကြရင်း ၊အခမ်းအနား တွေပြင်ကြရင်း နဲ့ပဲ facebook Group လုပ်တဲ့သူကလုပ် ၊ facebook page ထောင်သူကထောင်နဲ့ ကျွန်တော်တို့ အဖွဲ့လေး ရေရှည်လက်တွဲနိုင်ဖို့ နည်းလမ်းလေးတွေရှာပြီးဖြစ်နေပါတော့တယ်။ ပြည်မြို့ ကအဖွဲ့တွေကလဲ သူတို့ဦးဆောင် ကျင်းပမယ့် Barcamp TU-Pyay 2014 ကို လာဖြစ်အောင်လာကြဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ကြပါတယ်။ လားရှိုးက ထက်မြတ်မိုးကလဲ ရှေ့နှစ်မှာကျင်းပမယ့်သူတို့လားရှိုး Barcamp ကို လာခဲ့ကြဖို့ ဖိတ်ခေါ်ပြန်ပါရော။ ကျွန်တော်ကလဲ သူတို့ကို အားကျမခံ Barcamp Mandalay 2014 ကို လာခဲ့ကြဖို့ ဖိတ်ခေါ်ချင်ပေမယ့် ကိုယ်နေ တာက ငါန်းဇွန် ဆိုတော့ အသာလေးငြိမ်နေလိုက်ရတယ်။
BarCamp Fellowship Form ဖြည့်ရတုန်းက BarCamp များတက်ရောက်ဖူးပါသလား? ဆိုတဲ့မေးခွန်းကိုဖြေပေးရတယ်။အဲဒီတော့ တစ်ခါမှမတက်ရောက်ဖူးတဲ့အကြောင်း ၊ စာနယ်ဇင်းတွေမှာ BarCamp အကြောင်းရေးတာကို ဖတ်ဖူးတဲ့အကြောင်း၊ Online မှာ BarCamp ပွဲတွေကျင်းပကြတာကို တွေ့ဖူးကြောင်း ၊ ကိုယ့်သူငယ်ချင်းတွေက BarCamp တက်ပြီး facebookမှာ Post တင်ကြတာတွေ ကို လဲ ဖတ်ဖူးကြောင်း စသဖြင့် ရေးပေးလိုက်တယ်။
ရန်ကုန်ကို ရောက်တဲ့နေ့ ညနေ(၃)နာရီ အစည်းအဝေးမှာ ကျတော့ အနယ်နယ်အရပ်ရပ်က ရောက်လာ ကြသူတွေအချင်းချင်း တစ်ယောက်တစ်လှည့်မိတ်ဆက်စကားပြောကြရင်း ၊ BarCamp နဲ့ပတ်သက်ပြီး ကိုယ် သဘောပေါက်သလို ပြောကြရပါတယ်။ဒါပေမယ့် မျက်မမြင်ပုဏ္ဏား(၆)ယောက် ဆင်စမ်းသလို မဖြစ်အောင် မနည်းကြိုးစားပြီးပြောကြရတာပါ။
အခုကျတော့ ကိုယ်တိုင် ကိုယ်ကျကြုံတာ ဖြစ်တဲ့အပြင် Organizer နေရာကနေ ပါဝင် လုပ်ဆောင်ခွင့် ရခဲ့ တာဖြစ်လို့ စာဖတ်ပြီး သဘောပေါက်တဲ့ BarCamp ထက် လက်တွေ့ကြုံရသိရတဲ့ BarCamp က ပိုပြီး အဓိပ္ပာယ်ပြည့်ဝတယ်ဆိုတာကို သိလိုက်ရပါတယ်။
ကျွန်တော်က ကွန်ပျူတာသင်တန်းဖွင့်ထားသူဆိုတော့ ကိုယ့်ကျောင်းသားတွေကို ကွန်ပျူတာ သင်ပေးတဲ့အခါ လက်တွေ့သိပ်အရေးကြီးပုံကို ပြောပြဖြစ်တယ်။ မြန်မာစာပါမောက္ခ တစ်ယောက်က ပြောဖူး တာရှိတယ်။ အတွေ့ အကြုံဆိုတာ သင်ပေးလို့မရဘူးတဲ့ ။ အဲဒါကြောင့်သူတို့ ကို အတွေ့အကြုံများ စေမယ့် နည်းစနစ်တွေကို အကွက်ချဖန်တီးပြီးသင်ပေးဖြစ်တယ်။ရွာတစ်ရွာကို တစ်ခေါက်ရောက်ဖူးယုံနဲ့ အဲဒီရွာ ကို သွားတတ်ပြီလို့မထင်ဖို့ ၊ နောက်တစ်ခေါက်သွားခိုင်းရင် ကိုယ်သွားတဲ့အချိန်ကာလ၊ရာသီဥတု ၊ပတ်ဝန်းကျင် ဆိုတာတွေဟာ အမြဲပြောင်းလဲနေတာမို့ မတူညီတဲ့ ကြုံတွေ့မှုတွေ အခက်အခဲတွေဆိုတာရှိတတ်တဲ့ အကြောင် း မကြာခဏပြောပြဖြစ်တယ်။ဆရာလုပ်သူကသင်ပေးလို့ တတ်ထားတာနဲ့ အဲဒီတတ်ထားတဲ့အတိုင်း ကိုယ်တိုင် လေ့ကျင့်လုပ်ဆောင်ရင်း ၊ အခက်အခဲတွေကို ကျော်ဖြတ်ရင်း အတွေ့အကြုံတွေများပြီး ကျွမ်းကျင်တတ်မြောက် တာနဲ့မတူဘူးဆိုတာကိုလဲ ခွဲခွဲခြားခြားသိအောင်ပြောလေ့ရှိပါတယ်။
ဥပမာ- ငါန်းဇွန်မြို့သည် ဧရာဝတီမြစ်၏ တောင်ဖက်တွင် ရှိ၏ ဆိုတဲ့ စာကြောင်းလေးကို ဖတ်လိုက်ရင် နားမလည်စရာမပါသလို သဘောမပေါက်စရာလဲမပါဘူး။မမှတ်မိစရာလဲမပါဘူး။ ဒါပေမယ့် တစ်နှစ် လောက် နေတဲ့အခါ စောစောက စာကြောင်းလေးကိုဖတ်ဖူးတဲ့သူကိုပဲ သွားမေးကြည့်ပါ “ငါန်းဇွန်မြို့ က ဧရာဝတီမြစ်ရဲ့ ဘေးလို့ပြောတယ်၊ မြစ်မြောက်ဖက်လား တောင်ဖက်လား ”လို့ မေးရင် ၊ အဲဒီလူအနေနဲ့ သူ့မှတ်ဉာဏ်ကို အားကိုးပြီးပြန်ဖြေရမှာဖြစ်သလို အဖြေကလဲ သူမှတ်မိတဲ့အပေါ်မှာ မူတည်ပြီး မှန်ခြင်း မှားခြင်းတွေ ကွဲပြားသွားမှာပါ။ဒါပေမယ့် ငါန်းဇွန်မြို့ ကို ရောက်ဖူး တဲ့ လူတစ်ယောက်ကို အိပ်ယာကနှိုးပြီး မေးကြည့် မယ်ဆိုရင်တောင်အဲဒီလူဟာ သူ့မှတ်ဉာဏ်ကို သုံးစရာမလိုပဲ ဒိုးကနဲဒေါက်ကနဲ အမှန်ကို ဖြေနိုင် မှာပါ။ဆိုလိုတာက experience ရဲ့ အရေးပါအရာရောက်ပုံကို ပြောချင်တာပါ။
ဒါ့ကြောင့်လဲ BarCamp Yangon 2014 စီစဉ်သူတွေက Fellowship Program တစ်ခုကို ထည့်သွင်း ခဲ့တာဖြစ်လိမ့်မယ်လို့ထင်ပါတယ်။သူတို့ရဲ့ တွေးခေါ်မျှော်မြင်မှု နဲ့စေတနာမေတ္တာကို အသိအမှတ်မပြုပဲမနေနိုင် ကျေးဇူးမတင်ပဲမနေနိုင်အောင်ရှိရပါတယ်။
လူမှုကွန်ယက်ပေါ်က စိတ်ကူးယဉ်ကမ္ဘာလေးတွေထဲမှာ လက်တွေ့ဘဝနဲ့ ကင်းကွာစပြုနေသူတွေအတွက် လက်တွေ့ ကမ္ဘာထဲကို ဆွဲခေါ်ရောက်ရှိစေခဲ့သလို ၊ နိုးထအောင်လဲ လှုပ်နှိုးနိုင်ခဲ့ တဲ့ပွဲတစ်ပွဲ လို့လဲ ဆိုနိုင်ပါတယ်။လူငယ်သဘာ၀ ပျော်စရာရွှင်စရာ ပေါင်းသင်းဆက်ဆံသွားလာချင်စရာ ပွဲတစ်ပွဲ လို့လဲ ဆိုရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ Barcamp Yangon Fellowship Program မှာ ပါဝင်သူတွေထဲက တစ်ယောက်က ဦးဆောင်ပြီး “လူငယ်နှင့်သူတို့ရဲ့ကမ္ဘာ”ဆိုတဲ့ခေါင်းစဉ် နဲ့ ဆွေးနွေးဖြစ်ခဲ့ ကြပါသေးတယ်။ လူငယ်တစ်ယောက်က ဆွေးနွေးတယ် လူကြီးတွေဟာ လူငယ်တွေကို သိပ်အထင်သေးတာပဲ မင်းတို့က စာမဖတ်ဖူး။ငါတို့ တုန်းကဘယ်လို စာတွေဖတ်ခဲ့တာ ၊ သူတို့လူကြီးတွေကျတော့ facebook တောင်ကောင်းကောင်းမသုံးတတ်ပဲနဲ့ facebook က မကောင်းဘူး။မသုံးနဲ့ ၊ စာရိတ္တပျက်တယ် ဘာညာနဲ့ပြောကြတယ် စသဖြင့် အပြစ်ပြောတာမျိုးကို မခံချင်ကြောင်း ရင်ဖွင့်ပါတယ်။ပြီးတော့မှ ကျွန်တော့်ကို လူကြီးနေရာကနေပြီး လူကြီးတွေဖက်ကအမြင်ကို ပြန်ဆွေးနွေး ခိုင်းကြ ပါတယ်။ဒါသက်သက်မယ့် ကျွန်တော်တို့ကို ဆေးထိုးတာဆိုတာသိပေမယ့် ကျွန်တော်ကလဲ ခပ်တည်တည်နဲ့ ပြန်ဆွေးနွေးပါတယ်။
အခုခေတ်လူငယ်တွေဟာ ဉာဏ်ရည်ဉာဏ်သွေးသိပ်ထက်ကြောင်း ၊တစ်ထွာပြရင် တစ်တောင်မြင် ဆိုတာထက်ကိုပိုလို့မက မြင်နေတဲ့ခေတ်ဖြစ်ကြောင်း ၊ လူကြီးတွေဖြတ်သန်းခဲ့တဲ့ ခေတ်မှာဆိုရင် ကျောက်ဒိုးပစ် ၊ ဂွေလှိမ့် ၊ သရေကွင်းပြစ် နဲ့ သူတို့ရဲ့ကလေးဘဝတွေဟာ ဖြတ်သန်းချိန်အတော်ကြာခဲ့ပေမယ့် အခုခေတ် လူငယ်တွေရဲ့ ကလေးဘဝကတော့ ခဏလေးဖြတ်သန်းပြီး အသိပညာအတတ်ပညာတွေ အတွေးအခေါ်တွေ လုပ်ပုံကိုင်ပုံပြောဆိုဆက်ဆံပုံတွေကအစ ရင့်ကျက်ပြည့်စုံတာတွေဟာ အလွန်မြန်ဆန်ကြောင်း ၊ အဲဒီလိုပဲ စာဖတ်ခြင်းဆိုတဲ့ ကိစ္စမှာကျတော့လဲ လက်တွေ့ စာအုပ်ကြီးကိုင်ပြီးဖတ်နေတာထက် e-book တွေ ၊OnLine မဂ္ဂဇင်းတွေ ၊ e-library တွေ ၊ အင်တာနက်စာမျက်နှာတွေ ဟာ ကမ္ဘာ့စာ့ကြည့်တိုက်ကြီး လိုဖြစ်နေကြောင်း ၊ စာဖတ်တဲ့ ပုံသဏ္ဍာန်ကွာခြားတာကို သတိမပြုမိတဲ့လူကြီးတွေက အပြစ်တင်တာသာဖြစ်နိုင်ကြောင်း ၊facebook ကို အကောင်းမပြောရခြင်းကလဲ သဘာဝတရားကိုက ကောင်းတဲ့အလုပ်နဲ့မကောင်းတဲ့အလုပ်ကို လုပ်ကြတဲ့အခါ မကောင်းတဲ့ဟာကသာ လုပ်ရတာလွယ်တဲ့ သဘောရှိတဲ့အတွက် facebook ရဲ့ ကောင်းကွက်တွေကို ရွေးမသုံးပဲ အချိန်ကုန်ငွေကုန် တလွဲဆံပင်ကောင်းတဲ့အလုပ်တွေကိုသာအများစုက လုပ်နေသလိုဖြစ်တာကြောင့် လူကြီးတွေက မကောင်းပြောကြတာဖြစ်နိုင်ကြောင်း ၊စသဖြင့် လူငယ်တွေအတွက်ဖေးဖေးမမလေးပြောဖြစ်ပါတယ်။
ကျွန်တော်တို့ အဲဒီလို ဆွေးနွေးနေတာကိုမြင်တော့ Organizer တစ်ဦးဖြစ်သူ ကိုဇော်ဇော်မျိုးလွင်ကလဲ မနေနိုင်ပဲ ဝင်ဆွေးနွေးပြန်ပါတယ်။သူကတော့ ကျွန်တော့်လိုမဟုတ်ဘူး။မင်းတို့ facebook သုံးရင် တွေ့ကရာလူကို လျှောက် add ပြီး ဘာမှမဟုတ်တာတွေ ဟိုပြောဒီပြောနဲ့ အချိန်မဖြုန်းကြနဲ့ ၊ အကျိုးရှိရာရှိကြောင်းကိုပဲသုံး ၊အလုပ် သဘောတွေ ၊ ပညာရေးဆိုင်ရာတွေ ၊ တိုးတက်ရာတိုးတက်ကြောင်းတွေ အများကြီးသုံးလို့ရတယ် စသဖြင့် သူကတော့ စေတနာပါပါနဲ့ခပ်ပြတ်ပြတ် ခပ်ဆတ်ဆတ်လေးပြောဆိုဆွေးနွေးပါတယ်။အဲဒါကြောင့် လူငယ်တွေ သဘာဝအတိုင်း သူတို့ကို အပြစ်မြင်သလိုပြောတော့ဂျိုထိုးချင်ချင်ဖြစ်လာကြပေမယ့် စေတနာ မေတ္တာနဲ့ ပြောတယ် ဆိုတာကိုသဘောပေါက်ကြပြီး ပြေပြေလည်လည်ပဲ ဆက်ဆွေးနွေးဖြစ်ပါတယ်။
ကျွန်တော်တို့ဆွေးနွေးနေတုန်း ဆရာဦးခင်မောင်ညို(ဘောဂဗေဒ)ထံမှဖုန်းဝင်လာလို့ နားထောင် လိုက်တော့ ဆရာလဲ Barcamp မှာရောက်နေတယ်လို့သိရတယ်။ဒါနဲ့ ဆရာရှိရာကို သွားတွေ့ပြီး နှစ်ယောက်သား Barcamp လေ့လာရေးလုပ်ဖြစ်သွားကြတယ်။ဆရာ့ကိုမြင်တော့ Organizer တွေကလဲ ဝမ်းပမ်းတသာနဲ့ ကြိုဆို နှုတ်ဆက်ကြ ၊ဓာတ်ပုံတွဲရိုက်ကြနဲ့ တော်တော်လေးပျော်ဖို့ကောင်းသွားပြန်ပါတယ်။ဒီကြားထဲ ကျွန်တော်တို့ fellow တွေထဲမှာပါတဲ့ပြည်က ကျောင်းသားတွေကလဲ ဆရာခင်မောင်ညို(ဘောဂဗေဒ)ကို အခုမှ အပြင်မှာမြင်ဖူးတာဗျ ဓာတ်ပုံတွဲရိုက်ချင်တယ်ဗျာဆိုတာနဲ့ ဆရာ့ကိုပြောပြီး စုပေါင်းဓာတ်ပုံရိုက်ကြပြန်ပါတယ်။ကျွန်တော်က အဲဒီဓာတ်ပုံကို သိပ်မကြာခင်မှာပဲ facebook မှာ Post တင်တော့“ မင်းသားနဲ့တွဲပြီးရိုက်ရတဲ့အတိုင်းပျော်နေတဲ့သူတွေ”လို့ ရေးပြီးတင်လိုက်ပါတယ်။သူတို့ကလဲ ကျွန်တော့်Post အောက်ကနေ “ မင်းသားနဲ့တွဲပြီးရိုက်ရရင်တောင် ဒီလောက်မပျော်ပါ”ဆိုပြီး comment ပြန်ရေးကြပြန်ရော။
နိုင်ငံရေးနဲ့ပတ်သက်တဲ့ပွဲတွေမှာ သက်ဆိုင်ရာ အလံတွေတံဆိပ်တွေကို ပါးမှာကပ်ထား ကြတာကိုမြင်ရတုန်းက စိတ်ထဲမှာ သဘောမတွေ့သလိုကြီးခံစားခဲ့ရဘူးတယ်။အခု ကိုယ်တိုင် Organizer တစ်ယောက်လိုပါဝင်ဆင်နွဲရတဲ့ BarCamp Yangon မှာလဲ အဲဒီလိုပဲ BarCamp logo လေးတွေ ပါးမှာ ကပ်ထားကြတာကို တော်တော်များများမြင်ရပြန်တယ်။အခုလို မြင်ရတာကျတော့ ဒီလူငယ်တွေဟာ ပညာရပ် ဆိုင်ရာတွေအပေါ်မှာ တော်တော်ကိုချစ်ခင်မက်မောကြတာပဲလို့တွေးရင်း ကြည်နူးချမ်းမြေ့ဖြစ်မိပြန်ရော။ သူတို့တတွေရဲ့ ပျော်နေပြုံးနေကြတဲ့ မျက်နှာလေးတွေဟာလဲ အပြစ်ကင်းပြီး ချစ်စရာကောင်းလှသလို သူတို့လက်ထဲကအနာဂတ်တိုင်းပြည်မှာ ငါတို့ နေရမှာပါလားလို့လဲတွေးမိနေသေးတယ်။ BarCamp Yangon က Organizer တွေကလဲ ဘယ်လိုအခက်အခဲတွေ့တွေ့ ဘယ်သူက ဘယ်လိုအပြစ်ပြောပြော အပြုံးအရယ်မပျက်ပဲ ပွဲအစကနေ ပွဲပြီးသည်အထိ တက်ကြွလန်းဆန်းနေကြတာကိုတွေ့ရလို့ ကျွန်တော်တို့ fellow တွေအတွက် နမူနာကောင်းတွေ ပါပဲလို့လဲမှတ်ချက်ပေးမိတယ်။
OnLine Registration (4000)ဆိုတဲ့ အရေအတွက်ဟာ စိတ်ကူးယဉ်ဆန်သလိုလိုထင်ရပေမယ့် ရ၅ ရာခိုင်နှုန်းလောက်လက်တွေ့ ရောက်လာကြတာကိုတွေ့ရတော့ တော်တော်သဘောကျမိတယ်။ Online ထက်စာရင် Offline ကတောင် လာတဲ့အရေအတွက်နဲသလိုလိုဖြစ်နေပါသေးတယ်။ဒါကလဲ နည်းပညာ ကြီးစိုးတဲ့ခေတ်မှာ ကြုံလာရမယ့် အနေအထားတစ်ခုလို့ဆိုရင်မမှားပါဘူး။Online သမားတွေ သိအောင် ကြော်ငြာဖို့အတွက် က Click တစ်ချက်လောက်နှိပ်လိုက်ယုံနဲ့ ပြီးသွားနိုင်ပေမယ့် Offline သမားတွေ သိဖို့အတွက် ကျတော့ ကြော်ငြာပိုစတာတွေ နေရာအနှံ့အပြားဖြန့်ကျက်လွှမ်းမိုးနိုင်မှသာဖြစ်မှာမို့ ကြောငြာခ နဲ့တင် ဝိတ်ပိ သွားနိုင်တာကိုလဲမေ့ထားလို့မရ။နောက်တစ်ခုက ဒီပွဲကို လာကြပေမယ့် Register မလုပ်တဲ့ သူတွေလဲ အများအပြားရှိနိုင်ပါတယ်။အဲဒါကြောင့် မနှစ်က အရေအတွက်ကို မမှီဘူး လူ ငါးထောင်ကျော်လောက်ပဲ လာတယ်လို့ ပြောရပေမယ့် BarCamp Yangon 2014 – It’s BIG!!! ဆိုတဲ့နာမည်နဲ့တော့ လိုက်ဖက်တဲ့ ပွဲတစ်ပွဲဖြစ်တယ်လို့ပဲ ဆိုရမှာဖြစ်ပါတော့တယ်။

သန်းထွန်းဦး ( ငါန်းဇွန် )

Vector-New-Logo

Login with Social Media and SMS

or