fbpx

TeachChamp Yangon နေ့ရက်များ

5 Year Ago See Your Memories တဲ့။ လွန်ခဲ့တဲ့ ၅ နှစ်လောက်တုန်းက ရေးခဲ့တဲ့ သတင်းဆောင်းပါးလေးကို ပြန်တွေ့လိုက်ရတယ်။ အဲဒီတုန်းက TeachChamp မှာ ဆွေးနွေးခဲ့ကြတဲ့ စိတ်ကူးအိပ်မက်တွေကို Vector OnlineLearning Platform အဖြစ် ပုံဖော်နိုင်ခဲ့ပြီဖြစ်လို့လည်း အားရကျေနပ်နေမိတယ်။အဲဒီတုန်းက ၅ မိနစ် ဆိုတဲ့အချိန်တွင်းမှာ ကိုယ်ပြောချင်တဲ့အချက်အလက်တွေကို ပြည့်စုံအောင် တော်တော်လေးမဲတင်းခဲ့ရတာဖြစ်ပေမယ့် ဒီနေ့အချိန်မှာတော့ စက္ကန့် (၃၀)လောက် အတွင်းမှာ ကိုယ်ပြောချင်တာတွေကို ပြည့်စုံအောင်ပြောနိုင်မှ ရတော့မယ့်ခေတ် ဖြစ်လို့နေပါပြီ ။

you have been selected for TechCamp Yangon
Email ထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ အထက်ပါအတိုင်း စာတမ်းလေးနဲ့ email တစ်စောင် ရောက်နေတာကိုတွေ့လိုက်ရပါတယ်။ MIDO မှ ပေးပို့လိုက်သော email ပဲဖြစ်ပါတယ်။့ ကျွန်တော့်အတွက် တော့အလွန်ကိုဝမ်းသာအားရဖြစ် စရာပါပဲ။
ဘာဖြစ်လို့လဲဆိုတော့ ဒီပွဲဟာ ကမ္ဘာတဝှမ်းတွင် ဖြစ်ပေါ်နေသော ကဏ္ဍပေါင်းစုံမှ စိန်ခေါ်မှုတွေကို နည်းပညာအသုံးချ၍ မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ဆိုသည့် Tech Camp တစ်ခု လဲဖြစ်နေလို့ပါ။
ဒီပွဲကို အမေရိကန်အစိုးရရဲ့ဦးဆောင်မှုဖြင့် စုဝေးဖိတ်ကြားတာဖြစ်ပြီး ဖွံ့ဖြိုးိမှုအတွက် ICT အဖွဲ့
( Myanmar ICT for Development Organization-MIDO) နှင့် ပူးပေါင်းဖော်ဆောင်တာလဲဖြစ်ပါတယ်။။
ဒါ့အပြင် လျှောက်ထားသူတွေရဲ့ လက်ရှိအလုပ်အကိုင်၊ အဖဲ့ွအစည်းရည်ရွယ်ချက် နဲ့ TechCamp တက်ရောက်လိုတဲ့ ရည်ရွယ်ချက်တွေအပေါ်မူတည်ပြီး ပါဝင်တက်ရောက် ဖို့ ရွေးချယ်ခဲ့တာပါ။ မြန်မာနိုင်ငံအတွင်းက မတူကွဲပြားခြားနားသော ဒေသန္တရနဲ့လူမှုဝန်းကျင်အသီးသီးကို ကိုယ်စားပြုပြီး တက်ရောက်လို သူ တွေကို သာ စီစစ်ရွေးချယ်ခဲ့တာလဲဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ်ကျင်းပတာဖြစ်သလို မြန်မာနိုင်ငံမှာပထမဆုံးအကြိမ် ကျင်းပတာ လဲဖြစ်ပါတယ်။ TechCamp Rangon ကို “နည်းပညာဖြင့် သာတူညီညာ စုစည်းရာ ”ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျင်းပမှာဖြစ်ပါတယ်။ပြည်တွင်းပြည်ပက လူထုအခြေပြု အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်ပေါင်း တစ်ရာ့ငါးဆယ်ဝန်းကျင်ကို ဖိတ်ကြား တာ ဖြစ်ပြီး ဒေသတွင်းနဲ့နိုင်ငံတကာနည်းပညာကျွမ်းကျင်သူတွေကိုလဲ ဖိတ်ခေါ်ပေါင်းစပ်ပေးထားပါသေးတယ်။
လှိုင်မြို့နယ်၊ ကန်လမ်းမှာရှိတဲ့ ဆင်ဖြူတော်ဟော်တယ်မှာတည်းခိုဖို့ စီစဉ်ပေးထားတာဖြစ်လို့ ကျွန်တော့်အတွက်တော့ မစိမ်းတဲ့ဒေသတစ်ခုပါ။၁၉၈၉ ခုနှစ်လောက်က လှိုင်(၁၁)ရပ်ကွက်မှာ ၁ နှစ်လောက်နေခဲ့ဘူးတယ်လေ။ထိုစဉ်က တက္ကသိုလ်တွေကလဲဘယ်တော့မှပြန်ဖွင့်မယ်မှန်းမသိတဲ့ကာလမို့ ပန်းဆိုးတန်းလမ်းက စာအုပ်အဟောင်းရောင်းတဲ့ဆိုင်မှာ အလုပ်လုပ်ရင်း စာရေးဆရာပေါက်စ၊ပန်းချီဆရာပေါက်စ အဖြစ် ဘဝကို ပုံဖော်နေတဲ့ကာလပေါ့။မနက်ဆိုရင် ကျီးတွေက တအာအာနဲ့ ဆူနေတတ်တဲ့လှိုင်(၁၁)ရပ်ကွက်လေးမှာ ကျီးမနိုးခင်ထပြီး စွပ်ကျယ်စက် မှတ်တိုင်ကိုရောက်အောင်သွားရတယ်။လိုင်းကားကကြပ်တော့ခြေထောက်တစ်ဖက်လက်တစ်ဖက်နေရာလေးရအောင်ကို တော်တော်ဝီရိယစိုက်ရတယ်။အိပ်ယာကနိုးလို့ ကျီးတွေတအာအာအော်နေပြီဆိုရင် စာအုပ်ဆိုင် ဖွင့်တာ နောက်ကျတော့မယ်ဆိုတဲ့အသိကြောင့်ရင် ခုန်သံတွေမြန်ခဲ့ရ ပေါင်းလဲမနဲ။
ကျွန်တော်အလုပ်လုပ်တဲ့စာအုပ်ဆိုင်က ပန်းဆိုးတန်းလမ်းမှာရှိတဲ့ ဘီမန်း ဘင်္ဂလားဒေ့ရှ် လေကြောင်းရုံးရဲ့ရှေ့တည့်တည့် ကဆိုင်လေးပါ။အလွန်ရှားပါးပြီး အဖိုးတန်လှတဲ့ဂန္ထဝင်စာအုပ်တွေ ကို ရှာဖွေစုဆောင်းပြီး ပြန်ရောင်းတာပါ။မနက်၉ နာရီလောက်ဆိုရင် ဆရာမောင်ဒီ(ပန်းချီမျိုးညွန့်) ရောက်ရောက်လာ တတ်တာကိုလဲသတိရမိတယ်။သူရောက်လာပြီဆိုရင် ပန်းချီဝါသနာပါပြီး စာရေးဆရာ ဖြစ်ချင်တဲ့ကျွန်တော့်ကို သူက မော်ဒန်ပန်းချီနဲ့ မော်ဒန်ကဗျာအကြောင်းကို အသေးစိပ် စိတ်ရှည်လက်ရှည် ရှင်းပြတတ်ပါတယ်။ သူသင်ကြားပေးတဲ့ထဲမှာအထူးခြားဆုံးနဲ့ကျွန်တော်အအံ့သြဆုံးကတော့ “ငါကကွာ Abstract ပန်းချီကားတွေ၊ ဒြပ်မဲ့ပန်းချီကားတွေကို ဆွဲတော့မယ်ဆိုရင် လယ်တီဆရာတော်ကြီး ရေးသားခဲ့တဲ့ ဒီပနီကျမ်း တွေကိုဖတ်တာပဲကွ”လို့သူကပြောပါတယ်။အဲဒါကြောင့် ကျွန်တော့်ကို မော်ဒန်အတ် သင်ခန်းစာသင်ဖို့ အတွက်ပြဌာန်းချက်စာအုပ်ကတော့ ဝိဇ္ဇာမဂ္ဂဒီပနီဆိုတဲ့ကျမ်းစာအုပ်ကြီး ပဲဖြစ်ပါတော့ တယ်။စာအုပ်ကို တရိုတသေကျကျနနကိုင်ပြီး စာတစ်ကြောင်းချင်းဖတ်ပြတယ်။ရှင်းပြတယ်။ကျွန်တော်က လက်မခံချင်သလိုလို ဖြစ်လာပြီဆိုရင် နိုဗယ်ဆုရ ကဗျာဆရာတွေရဲ့ အင်္ဂလိပ်ကဗျာတွေကို ဖတ်ပြပြီး သဘာဝအမှန်တရားရဲ့အလှဗေဒကို အရသာခံတတ်အောင်ပယ်ပယ်နယ်နယ်စီးစီးပိုင်ပိုင် ရှင်းပြတတ်ပါတယ်။ ကမ္ဘာကျော်ပန်းချီကား တွေပါတဲ့ စာအုပ်ကြီးတွေကလဲကျွန်တော့်အတွက် အကောင်းဆုံးပြဌာန်းချက် စာအုပ်တွေဖြစ်ခဲ့တယ်။ ကျွန်တော့် အတွက်တော့ အနုပညာဒေါက်တာဘွဲ့အတွက် ကျမ်းပြုစုဖို့ Superviser နဲ့ တွေ့နေရသလိုမျိုး ခံစားခဲ့ရတဲ့ နေ့ရက်တွေပါပဲ။
အဲဒီတုန်းက မြတ်ဆုမွန် ဘာသာရေးမဂ္ဂဇင်းမှာ တောက်တိုမယ်ရအယ်ဒီတာလုပ်နေတဲ့ သူငယ်ချင်း(ယခု-ဆရာကျောင်းဟုလူသိများသော ဒီဇိုင်း-မျိုးဆွေသန်း) ကလဲ ကျွန်တော်တို့စာအုပ်ဆိုင်ကို ရောက်ရောက်လာတတ်ပြီး “နင်ထမင်းစားပြီးပြီလာ” “ထမင်းစားစရာပိုက်ဆံရှိရဲ့လား”စသဖြင့် မေးတတ်ပါတယ်။ကျွန်တော်ကလဲ ကျွန်တော်ကြိုက်တဲ့စာအုပ်တွေ့ပြီဆိုရင် ထမင်းစားစရာမကျန် အောင်ဝယ်ပြစ်တတ်သူပါ။ဆရာမောင်ဒီကလဲ သူစာမူခရလာတဲ့အခါဖြစ်ဖြစ် ၊ဒီဇိုင်းခ ရလာရင်ဖြစ်ဖြစ် “လာကွာ ကြေးအိုးသွားသောက်မယ်”ဆိုပြီး ကြွေးတတ်သူပါ။
အရင်အခေါက်တွေက ရန်ကုန်ကိုရောက်ပြီဆိုရင် သူငယ်ချင်း ဒီဇိုင်းမျိုးဆွေသန်း က ဆရာမောင်ဒီနဲ့ဆုံနိုင်ဖို့ စီစဉ်ပေး တတ်ပါတယ်။အခုတစ်ခေါက်ကျတော့ သူငယ်ချင်းကလဲ သူ့ဖခင်ကြီးကွယ်လွန်လို့ ဆားလင်းကြီး ကိုပြန်နေတာမို့ ဆရာမောင်ဒီနဲ့တွေ့ဖို့ သိပ်တော့မလွယ်ကူ။ သူနေတဲ့ ယုဇန အိမ်ယာဥယျာဉ်မြို့တော် ကို လွန်ခဲ့တဲ့ (၉)နှစ်လောက်ကရောက်ခဲ့ဖူးပေမယ့် အစစ အရာရာပြောင်းလဲနေတဲ့ခေတ်ကြီးထဲမှာ ဆရာမောင်ဒီ တစ်ယောက် အဲဒီမှာရှိချင်မှရှိမှာပါလေ လို့ပဲတွေးနေမိတယ်။
“ဆင်ဖြူတော်ဟော်တယ်ကိုရောက်ပါပြီ” “မရောက်တာကြာပြီဖြစ်တဲ့အင်လျားမှာအမှတ်တရ”စသဖြင့် ကိုယ်ရောက်တဲ့နေရာလေးတွေရဲ့ဓာတ်ပုံတွေကို facebook မှာ အချိန်နဲ့တပြေးညီ post တင်လိုက်တော့ ရန်ကုန်က သူငယ်ချင်းတွေက ကျွန်တော်ရန်ကုန်ကိုရောက်နေမှန်းသိသွားပြီးသူတို့နဲ့ဆုံဖို့ ဖုန်းဆက်ကြပြန်တယ်။ ဆရာခင်မောင်ညို(ဘောဂဗေဒ)ကလဲရန်ကုန်ရောက်နေတာတောင်သူ့ဆီဖုန်းမဆက်ဖူးလှမ်းပြောလို့“အာစရိယပူဇော်ပွဲတွေနဲ့ဆရာအလုပ်ရှုပ်နေမှန်းသိလို့ပါဆရာ”လို့ပြန်တောင်းပန်ရသေးတယ်။
Tech Champ မှာ မတူညီတဲ့ တိုင်းဒေသတွေ ပြည်နယ်တွေက လူမှုအဖွဲ့အစည်းအသီးသီးကို ကိုယ်စားပြု ရောက်လာကြတဲ့ သူတွေနဲ့ဆုံကြရတာဟာအလွန်ကို အားတက်လန်းဆန်းမှုတွေဖြစ်ရပါတယ်။ အခမ်းအနားမစခင် Registration&networking အစီအစဉ်ကို ၄၅ မိနစ်ပေးထားပြီး အဲဒီအချိန်အတွင်းမှာ Register လုပ်စရာရှိတာလုပ်ပြီး ရောက်လာကြသူတွေ အချင်းချင်းအပြန်အလှန်မိတ်ဆွေဖွဲ့ကြရ၊ရင်းနှီးကျွမ်းဝင်ကြရတာမို့ မမေ့နိုင်စရာ အချိန်လေးတွေဖြစ်ခဲ့ရပါတယ်။
ပထမရက်မှာ Topic (၁၅) ခုကို Presenter တွေက အရင်ဆုံး ၅ မိနစ်စီ မိတ်ဆက်ဆွေး နွေးပါတယ်။အဲဒီလိုဆွေးနွေးဖို့အတွက် Topic အလိုက် Presenter အပါအဝင် တက်ရောက်လာသူတွေကို အုပ်စု(၁၅)စုခွဲလိုက်ကြပါတယ်။ကိုယ့်အုပ်စုအလိုက် Topic ကို Presenter က ရှင်းပြနေစဉ်မှာပဲ (၅)မိနစ်ပြည့်လို့ ခရာမှုတ်လိုက်တာနဲ့ Presenter ကရှင်းပြနေတာတွေ ပြီးသည်ဖြစ်စေမပြီးသေးသည်ဖြစ်စေ သူ့ကို ထားခဲ့ပြီး ကိုယ့်အုပ်စုရဲ့ လက်ျာဘက်မှာရှိတဲ့ နောက်Topic နဲ့ Presenter ရှိရာကိုအမြန်ပြောင်းကြရပါတယ်။ဒီလိုနဲ့ (၁၅)ခါပြောင်းပြီးသွားတဲ့အခါ Topic တွေလဲစုံ ၊ Presenter တွေလဲစုံသွားပါတော့တယ်။
အဲဒီနောက်တော့ ကော်ဖီသောက်ရန် ခေတ္တနားပြီး ပြန်စတဲ့အခါမှာတော့ စောစောက Topic တွေထဲက ကိုယ်နှစ်သက်ရာ Topic အလိုက် အုပ်စုတွေထပ်ခွဲကြပါတယ်။ပြီးတဲ့အခါကျမှ အခန်းအသီးသီး၊နေရာအသီးသီးမှာ ကိုယ့် Presenter နဲ့ကိုယ် အုပ်စုလိုက် မိတ်ဆက်စကားပြောကြ ၊ဆွေးနွေးသင်ကြားကြပါတယ်။
နေ့လည်စာစားပြီးပြန်စတော့ မိမိတို့ အဖွဲ့အစည်းအသီးသီးမှာကြုံတွေ့နေရတဲ့ပြဿနာများထဲမှ “နည်းပညာဖြင့်ဖြေရှင်းနိုင်မည့်ပြဿနာများ”ဖော်ထုတ်ပြောဆိုကြပါတယ်။ပြီးတဲ့အခါ ဖော်ထုတ်လို့ရလာတဲ့ ပြဿနာ ခေါင်းစဉ်အလိုက် စိတ်ပါဝင်စားသူတွေကို အုပ်စုခွဲလိုက်ကြပြီး ၊အချင်းချင်း အပြန်အလှန် ဆွေးနွေးကြတာဖြစ်ပါတယ်။ပြီးတဲ့အခါမှာ အားလုံးပြန်ဆုံကြပြီး နည်းပညာနဲ့ဘယ်လိုဖြေရှင်းကြမယ်ဆိုတာကို အနည်းဆုံးအချက်အလက်၂ ခု ချပြဆွေးနွေးကြပါတယ်။
ဒုတိယနေ့မှာတော့ပထမနေ့က ဆွေးနွေးခဲ့ကြတဲ့အချက်အလက်တွေထဲက မိမိနဲ့သင့်တော်ရာ ၊စိတ်ဝင်စားရာ၊ရှာဖွေဖြေရှင်းချင်ရာ ပြဿနာခေါင်းစဉ်အလိုက် အမည်စာရင်းဖြည့်သွင်းကြရပါတယ်။ အဲဒီနောက်တော့ ကိုယ့်အဖွဲ့နဲ့ကိုယ်ပူးပေါင်းပြီးအဖြေရှာကြပါတယ် ။နေ့လည်စာစားပြီးတဲ့အခါ မနက်က မပြီးပြတ်သေးတဲ့ ဆွေးနွေးချက်တွေကို ဆက်လက်ပြီးဆွေးနွေးအဖြေရှာခြင်းနဲ့ ရှေ့ဆက်လုပ်ချင်တဲ့ Plan ကိုရေးဆွဲကြပါတယ်။အဲဒီနောက် ကော်ဖီသောက်ခေတ္တနားပြီးတော့ အဖွဲ့အလိုက်ဆွေးနွေးမှုတွေရဲ့ ရလာဒ် အသီးသီးကို အားလုံးရဲ့ရှေ့မှာ အဖွဲ့ကိုယ်စားပြုသူတွေက တင်ပြဆွေးနွေးကြပါတယ်။
ကျွန်တော်တို့အဖွဲ့ကတော့ တက္ကသိုလ်ကျောင်းသားကျောင်းသူများအတွက် အင်တာနက်အသုံးပြုကာ လေ့လာရသောသင်ခန်းစာများ(eleanning courses)ကို ဘယ်လိုထိထိရောက်ရောက်ရေးဆွဲနိုင်မလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ဆွေးနွေးခဲ့ကြတာပါ။အချိန်တိုတိုလေးအတွင်းမှာ အချင်းချင်းအပြန်အလှန်ညှိနိုှုင်းကြရ၊ ဆွေးနွေး တိုင်ပင်ကြရ တာကြောင့် အားရပြည့်စုံတဲ့အဆင့်ကို တော့မရောက်ခဲ့ဘူးလို့ပဲပြောရမှာပါ။ဒါပေမယ့်လဲ တစ်ယောက်နဲ့တစ်ယောက်၊တစ်ဖွဲ့နဲ့တစ်ဖွဲ့အပြန်အလှန်ချိတ်ဆက်နိုင်ခဲ့ကြတာဖြစ်လို့ ဒီTech Chanp ကြီးပြီးသွား သော်လည်း 0n Line ကနေ အချင်းချင်းအပြန်အလှန်ဆက်ပြီးဆွေးနွေးတိုင်ပင်ကြဖို့တူညီတဲ့ဆန္ဒတွေ နဲ့နှုတ်ဆက် ခွဲခွာခဲ့ကြတာပါ။
အဲဒါကြောင့် အတိုင်းအတာတစ်ခုအထိအကျိုးရှိအောင်မြင်ခဲ့တယ်လို့ပဲဆိုရမှာဖြစ်ပြီး အခုလို TechCamp Yangon ကို ဖြစ်မြောက်အောင် ဖန်တီးဖော်ဆောင်ခဲ့ကြသူအားလုံးကို လဲ ကျေးဇူးထာဝရ တင်နေရ တော့မှာဖြစ်ပါတယ်။
သန်းထွန်းဦး(ငါန်းဇွန်)

Vector-New-Logo

Login with Social Media and SMS

or